ရှမ်းပြည်နယ် မြောက်ပိုင်းကျောက်မဲမြို့တွင် စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာအရာရှိနှစ်ဦး အသတ်ခံရပြီးနောက် ညမထွက်ရအမိန့်ကို စစ်ကောင်စီကထုတ်ပြန်သည်။
ကျောက်မဲမြို့နယ်တွင် ည ၇ နာရီမှ မနက် ၄ နာရီအတွင်း ညမထွက်ရအမိန့်ကို ဩဂုတ်လ ၇ရက်တွင် စစ်ကောင်စီက ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများကပြောသည်။
“စစ်ကောင်စီအရာရှိနှစ်ကောင်အသတ်ခံရပြီးတဲ့နောက်နေ့ ညမထွက်ရအမိန့် ထုတ်တာပဲ။မဖြစ်မနေထွက်ရမယ့် ဈေးသည်တွေ၊ လက်လုပ်လက်စားတွေ ပြဿနာပဲ”ဟု ဒေသခံတစ်ဦးကပြောသည်။
ကျောက်မဲမြို့နယ်စည်ပင်အမှုဆောင်အရာရှိ ဦးအောင်စည်နှင့် နမ္မတူမြို့နယ် လျှပ်စစ်မြို့ပြအင်ဂျင်နီယာ ဦးဉာဏ်ထက်နိုင်သည် ဩဂုတ်လ ၆ရက်နေ့လယ် ၁၂နာရီခန့်ကကျောက်မဲမြို့ မြို့နယ်ခန်းမအနီးရှိ ရပ်ကွက်အုပ်ချူပ်ရေးမှူးရုံးအတွင်း သေနတ်ဖြင့် ပစ်သတ်ခံလိုက်ရသည်။

Public Service Announcement

လူနှစ်ဦးက ကားဖြင့်လာ၍ ရပ်ကွက်ရုံးအတွင်းဝင်၍ ပစ်ခတ်ပြီး ပြန်အထွက်တွင် လက်ပစ်ဗုံးပါ ဖောက်ခွဲသွားခြင်းဟု သိရသည်။ ထိုဖြစ်ရပ်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးအပါအဝင် ရုံးထဲရှိ နောက်ထပ်သုံးဦးလည်း ဒဏ်ရာရရှိခဲ့သည်။ စစ်ကောင်စီက သေနတ်ဖြင့်ပစ်ခတ်သူများမှာ TNLA တပ်ဖွဲ့ဝင်များဖြစ်ကြောင်း စွပ်စွဲထားသည်။
လက်ရှိတွင် ရှမ်းပြည်နယ်မြောက်ပိုင်း၌ မူဆယ်၊ ကွတ်ခိုင်၊ ကျောက်မဲ၊ လားရှိုး၊ နောင်ချိုမြို့တို့တွင် တော်လှန်ရေးအင်အားစုများနှင့် စစ်ကောင်စီကြား စစ်ရေးတင်မှာနေပြီး ဗုံးပေါက်ကွဲမှု၊ ပစ်ခတ်မှုအချို့လည်း မကြာခဏဖြစ်ပွားနေသည်။
သြဂုတ် ၄ ရက် ကလည်းနောင်ချိုနှင့်ကျောက်မဲမြို့ကြား ဂုတ်တွင်းလမ်းပိုင်းတစ်နေရာတွင် စစ်ကောင်စီတပ်ကားတစ်စီးတိုက်ခိုက်ခံခဲ့ရပြီး အရာရှိအပါအဝင် စစ်သား ၁၄ ဦးသေဆုံးခဲ့ပြီး ၅ ဦးဒဏ်ရာရရှိခဲ့ကြောင်း စစ်ရေး အရင်းအမြစ်အချို့ကပြောသည်။


















































