ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၁)နယ်မြေ သထုံခရိုင်အတွင်းရှိ နေရာနှစ်ခု၌ စစ်ကောင် စီတပ်မှ ယာဉ်များကိုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဦးသေဆုံပြီး ကိုးဦး ဒဏ်ရာရရှိခဲ့ကြောင်း KNU ဗဟို သတင်းနှင့်ပြန်ကြားရေးဌာနက ယနေ့ ထုတ်ပြန် သည်။
KNU တပ်မဟာ(၁)နယ်မြေ ဘားအံမြို့နယ်နှင့် ကျိုက်ထိုမြို့နယ်အတွင်း အောက်တိုဘာ ၃ရက်က ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များကို ယနေ့ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
ဘားအံမြို့နယ် မီးရုံးကျေးရွာအနီး၌ အာဏာသိမ်းစစ်ကောင်စီတပ်၏ ယာဉ်တစ်စီးကို အောက်တိုဘာ ၃ရက် နေ့လည်ပိုင်းက KNU တပ်မဟာ(၁) မှ ကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင်စီ ဘက်မှနှစ်ဦးသေဆုံးပြီး လေးဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။
ပစ်ခတ်တိုက်ခိုက်မှုအပြီးတွင် ကုန်းတန်းကြီးကျေးရွာရှိ စစ်ကောင်စီတပ်မှ ဆိုင်ကယ်မောင်းနှင်လာသည့် ပြည်သူ တစ်ဦးအား တားဆီးရာမရပ်သဖြင့် သေနတ်ဖြင့် ပစ် ခတ်ခဲ့ကြောင်း၊ သို့ရာတွင် ဆိုင်ကယ်မောင်းနှင်သူကို မထိဘဲ စစ်ကောင်စီအဖွဲ့မှ တပ်သားတစ်ဦး၏ ခြေထောက်အား ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြသည်။

Public Service Announcement
သထုံခရိုင် ကျိုက်ထိုမြို့နယ် မုပ္ပလင်-သိမ်ဇရပ်လမ်း၌ လည်း စစ်ကောင်စီတပ်ကို အောက်တိုဘာ ၃ရက်က မိုင်းဆွဲတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။
မုပ္ပလင်-သိမ်ဇရပ် ကားလမ်းမအကြား ခဝါချောင်း သံတံတား အနီးတွင် အာဏာသိမ်းစစ်ကောင်စီ၏ စစ်ကားတစ်စီး မိုင်းဆွဲတိုက်ခိုက်ခံရပြီး သုံးဦးသေ၊ငါးဦးဒဏ်ရာရရှိခဲ့သည်ဟုဆိုသည်။
ပြီးခဲ့သည့် စက်တင်ဘာအတွင်းက KNU သထုံခရိုင်၌ တိုက်ပွဲ ၂၇ကြိမ်ဖြစ်ခဲ့ရာ စစ်ကောင်စီတပ်မှ ၇၃ဦး သေဆုံးပြီး ၆၃ဦး ဒဏ်ရာရရှိခဲ့သည်ဟု KNU ဗဟို သတင်းနှင့် ပြန်ကြားရေးက ထုတ်ပြန်ထားသည်။ ထို့ပြင် စစ်ကောင်စီတပ်မှ ကားခုနစ်စီး ပျက်စီးခဲ့သည်ဟု ဖော်ပြထားသည်။


















































