ရန်ကုန်တိုင်း ခရမ်းမြို့နယ်အတွင်းရှိ ရပ်ကျေးအုပ်ချုပ်ရေးမှူး ၂၀ဦး ယနေ့ နှုတ်ထွက်သွားခဲ့ကြောင်း ဒေသခံများက ပြောသည်။
ခရမ်းမြို့နယ်တွင် မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF Khayan)က အုပ်ချုပ်ရေးမှူးများ နုတ်ထွက်ရန်သတိပေးစာထုတ်ပြန်ခဲ့ပြီးနောက် ရပ်ကျေးအုပ်ချုပ်ရေးမှူး ၂၀ ဦး ယနေ့ (အောက်တိုဘာ၆ ရက်)ရက်စွဲဖြင့် တာ၀န်မှ နှုတ်ထွက်ကြောင်း စာတင်ခဲ့ခြင်းဖြစ်သည်။

နှုတ်ထွက်ခဲ့သော အုပ်ချုပ်ရေးမှူးများမှာ မြို့ပေါ် ၁၃ ရပ်ကွက်လုံးရှိ အုပ်ချုပ်ရေးမှူးများအားလုံးနှင့် ကျေးရွာ ခြောက်ရွာရှိ အုပ်ချုပ်ရေးမှူးများ နှုတ်ထွက်စာတင်ခဲ့ခြင်း ဖြစ်သည်။
ခရမ်းမြို့ပေါ်တွင် အမှတ် (၁)မှ အမှတ် (၁၂) ရပ်ကွက်ဟူ၍ရှိပြီး ကွမ်းမိုးဒိန်းရပ်ကွက်၊ကရင်စုကျေးရွာ၊ ကြာကန်ကျေးရွာ၊ကရင်ကန်ကျေးရွာ၊ကန်ညီနောင်ကျေးရွာ၊မက်ကသန်ကျေးရွာ၊ကျွဲတလင်းကျေးရွာနှင့် ပျဥ်းမကုန်းကျေးရွာ တို့လည်း နယ်နမိတ် အတွင်းပါဝင်သည်။

Public Service Announcement

ရန်ကုန်တိုင်းအတွင် ပထမဆုံးသော မြို့နယ်လုံးကျွတ် နှုတ်ထွက်ပွဲလည်းဖြစ်ပြီး ခရမ်းမြို့တွင်အခြေခံ အုပ်ချုပ်ရေး ယန္တရားရပ်ဆိုင်းလုနီးပါ ဖြစ်နေပြီဖြစ် ကြောင်း ဒေသခံများက ဆိုသည်။
“စာတွေတင်တာတော့ ဒီနေ့ဆိုတာ သေချာတယ်။ဒါပေမယ့် PDF သတ်မှာကြောက်လို့ အလွတ်သဘောလုပ်တာလားဆိုတာ တော့ ဆက်စောင့်ကြည့်ရမှာပေါ့”ဟု ခရမ်းမြို့နေ သူတစ်ဦးက ပြောသည်။
ယခုဖြစ်စဥ်မတိုင်မီ အောက်တိုဘာ ၅ ရက်က မကွေးတိုင်း ပခုက္ကူခရိုင်ရှိ ရေစကြိုမြို့နယ်မှ အုပ်ချုပ်ရေးမှူး အားလုံးနှုတ်ထွက်သွားသည့်ဖြစ်စဥ်ရှိခဲ့သည်။
















































