ပခုက္ကူ နည်းပညာတက္ကသိုလ် တပ်စွဲထားသော စစ်ကောင်စီတပ်အား PDF တိုက်ခိုက်
မကွေးတိုင်း၊ ရေစကြိုမြို့နယ်တွင် စစ်ကောင်စီတပ်က ပစ်ခတ်၍ ကောက်စိုက်နေသူအမျိုးသမီးတစ်ဦးသေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။
ယမန်နေ့ (အောက်တိုဘာ၁ ရက်)က ရေစကြိုမြို့နယ်၊ အလယ်သောင်ကျေးရွာသို့ ရောက်ရှိလာသော စစ်ကောင်စီတပ်နှင့်ပျူစောထီးများသည် လက်နက်ကြီးဖြင့် အကြောင်းမဲ့ ပစ်ခတ်ခဲ့၍ သူဌေးကုန်းရွာအနီးတွင် ကောက်စိုက်နေသော (၄၅)နှစ်အရွယ် မညိုမာ ကျည်ထိမှန်သေဆုံးခဲ့ပြီး (၁၈)နှစ်အရွယ် လူငယ်တစ်ဦး ပြင်းထန်စွာ ဒဏ်ရာ ရရှိခဲ့ကြောင်း ရေစကြိုသတင်းအချက်အလက်ကော်မတီ (Info Committee Yesagyo)က ထုတ်ပြန်ထားသည်။
“အမျိုးသမီး နှစ်ဦးထိတယ်။ တစ်ဦးသေပြီး တစ်ဦးဆေးရုံရောက်နေရတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

အောက်တိုဘာ ၁ ရက်ကပင် နံနက် ၁၁ နာရီ ၁၅ မိနစ်ခန့်က ပခုက္ကူ နည်းပညာတက္ကသိုလ်အတွင်း တပ်စွဲထားသော စစ်ကောင်စီတပ်သားများကို စနိုက်ပါဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Southern YSO PDFအဖွဲ့တာဝန်ခံ ကိုအောင်မောင်းက ပြောသည်။

Public Service Announcement
ပစ်ခတ်မှုကြောင့် ကင်းစောင့်နေသည့် စစ်ကောင်စီတပ်သားတစ်ဦး သေဆုံးခဲ့ကြောင်း ၎င်းက ဆိုသည်။
“မီတာ ၆၀၀ အကွာလောက်ကဆိုတော့ လက်နက်ငယ်သုံးရင်လည်း အဆင်မပြေနိုင်ဘူး။ စနိုက်ပါနှစ်လက်နဲ့ သွားဆော်တာ။ ပထမဆုံးတွေ့တဲ့တစ်ယောက်ကတော့ ထိထိမိမိပစ်ခဲ့တယ်။ကျတယ်။ ကျွန်တော်တို့မျက်မြင်၊ ပွဲချင်းပြီးသေဆုံးတယ်လို့ သတင်းရပါတယ်”ဟု Southern YSO PDFအဖွဲ့တာဝန်ခံ ကိုအောင်မောင်းက ပြောသည်။
သို့သော် ထိခိုက်သေဆုံးမှုအား လူထုနွေဦးက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။
စစ်ကောင်စီတပ်ကလည်း ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်ဆင်ရေးရဲဘော်များအထိအခိုက်မရှိဟု ဆိုသည်။
စစ်ဆင်ရေးအား Southern YSO PDF၊ Yesagyo Revolution Group (YRG)၊ ဒေါင်းစစ်သည်တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။
စက်တင်ဘာ၂၈ ရက် ညနေပိုင်းကလည်း ရေစကြိုမြို့ပေါ်ရှိ စစ်ကောင်စီတပ်စွဲထားသော စည်ပင်သာယာပန်းခြံအား ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ထိခိုက်မှုရှိကြောင်း ရေစကြို(ပကဖ)အဖွဲ့ကထုတ်ပြန်ထားသည်။


















































