ကာကွယ်ဆေး မထိုးနိုင်တဲ့အတွက် မသေသင့်ဘဲ သေရတဲ့သူတွေ အရမ်းများလာနေကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)က ပြောကြားခဲ့ပါတယ်။ ကိုဗစ်ရောဂါရဲ့ ခြိမ်းခြောက်မှုက ကြီးမားနေဆဲ ဖြစ်တာကြောင့် အခွင့်အရေး ရတာနဲ့ ကာကွယ်ဆေး ထိုးကြဖို့လည်း WHOက ထပ်မံ တိုက်တွန်းသွားခဲ့ပါတယ်။
စက်တင်ဘာ လကုန်မှာ နိုင်ငံတိုင်းမှာ လူဦးရေရဲ့ အနည်းဆုံး ၁၀ ရာခိုင်နှုန်းကို ကာကွယ်ဆေး ထိုးပေးဖို့ WHOက ရည်မှန်းထားပေမယ့် ဒီစံနှုန်း မပြည့်မီတဲ့ ကမ္ဘာ့နိုင်ငံ အနည်းဆုံး ၅၆ ခု ရှိခဲ့ပါတယ်။ တစ်ဖက်မှာလည်း ကာကွယ်ဆေး ဖြန့်ဝေမှုတွေ မညီမျှခြင်းကလည်း လူစုလူဝေးနဲ့ ကိုယ်ခံအား Antibody တည်ဆောက်ရေး မျှော်လင့်ချက်အတွက် အဟန့်အတားကြီးတစ်ခု ဖြစ်နေဆဲလို့ WHOရဲ့ နည်းစနစ်ဌာန ညွှန်ကြားရေးမှူး မာရီယာ ဗန်ခါကော့ဗ်က ဝန်ခံခဲ့ပါတယ်။
ကမ္ဘာအနှံ့မှာ ကာကွယ်ဆေး စင်တာတွေ တည်ဆောက်ပြီး စဉ်ဆက်မပြတ် ကာကွယ်ဆေး ထိုးပေးနေမှသာ ရောဂါကြောင့် ဆေးရုံတက်ရသူ၊ သေဆုံးသူ အရေအတွက်ကို ထိထိရောက်ရောက် လျှော့ချနိုင်လိမ့်မယ်လို့ ဗန်ခါကော့ဗ်က ဆိုပါတယ်။
နိုင်ငံ တော်တော်များများမှာ မျှော်မှန်း ပမာဏာမျိုး ကာကွယ်ဆေး မထိုးနိုင်သေးတာက စိတ်ပျက်စရာထက် ဝမ်းနည်း ကြေကွဲစရာ ကောင်းနေကြောင်း၊ ကာကွယ်ဆေး အလုံးရေ ၆ ဘီလီယံလောက် ထုတ်လုပ်ပြီးချိန်မှာ ထိထိရောက်ရောက် သုံးစွဲနိုင်ခဲ့ရင် မျက်မှောက် ကာလမှာ ကပ်ရောဂါ အခြေအနေက လုံးဝဥဿုံ ခြားနားနေမှာဖြစ်ကြောင်း ဗန်ခါကော့ဗ်က ပြောကြားခဲ့ပါတယ်။ ဒါဟာ ချမ်းသာကြွယ်ဝတဲ့ နိုင်ငံကြီးတွေမှာ ကာကွယ်ဆေးတွေ ပိုလျှံနေပြီး ဆင်းရဲတဲ့ နိုင်ငံတွေမှာ ဆေးဝါး မလောက်ငှတဲ့ အခြေအနေကို ရည်ညွှန်း ဝေဖန်ခဲ့တာ ဖြစ်ပါတယ်။

Public Service Announcement
ပြီးတော့ ကာကွယ်ဆေးထိုးဖို့ ငြင်းဆန်နေသူတွေ အနေနဲ့ အလေးအနက် ပြန်စဉ်းစားဖို့လည်း ဗန်ခါကော့ဗ်က တိုက်တွန်းခဲ့ပါတယ်။ သိပ္ပံနည်းကျ လေ့လာ အတည်ပြုချက်တွေအရ WHO အသိအမှတ်ပြု ကိုဗစ် ကာကွယ်ဆေးတိုင်းဟာ ဘေးကင်းပြီး အာနိသင် ထိရောက် ထက်မြက်ကြောင်း၊ ဆေးထိုးထားတဲ့အခါ ရောဂါ ကူးစက်မှုကို ရာနှုန်းပြည့် ဟန့်တားနိုင်မယ်ဆိုတာ မသေချာရင်တောင် ဆေးရုံတက်ရတာနဲ့ သေဆုံးတာတွေ ဖြစ်နိုင်ခြေ အများကြီး လျော့သွားမှာဖြစ်ကြောင်း သူက ဆိုပါတယ်။
အရေးကြီးတာက ကမ္ဘာ့လူဦးရေ အများစုမှာ ကာကွယ်ဆေး ရရှိနိုင်ဖို့ လိုအပ်နေတာဖြစ်ပြီး ဆေးမရလို့ မသေသင့်တဲ့ လူ့အသက်ပေါင်းများစွာ ဆုံးရှုံးနေရတာ ဖြစ်တယ်လို့လည်း ဗန်ခါကော့ဗ်က ပြောပါတယ်။ ဗန်ခါကော့ဗ်ရဲ့ မှတ်ချက်ဟာ အမေရိကန်က ကျန်းမာရေးဌာန တာဝန်ရှိသူတွေရဲ့ ပြောစကားနဲ့လည်း ကိုက်ညီနေပါတယ်။ အမေရိကန် ကျန်းမာရေး ဌာနက လက်ရှိကာလ ရောဂါကြောင့် သေဆုံးနေသူ အားလုံးနီးပါးဟာ ကာကွယ်ဆေး မထိုးသူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။
အမေရိကန်မှာ လေ့လာမှုတွေအရ ကာကွယ်ဆေး ထိုးမထားသူတွေဟာ ကာကွယ်ဆေး ထိုးထားသူတွေထက် ကူးစက်ခံရနိုင်ခြေ ၄.၅ ဆ၊ ရောဂါကြောင့် သေဆုံးနိုင်ခြေ ၁၁ ဆနဲ့ ဆေးရုံတက်ရနိုင်ခြေ ၁၀ ဆထိ မြင့်မားကြောင်း သိရပါတယ်။
ချမ်းသာကြွယ်ဝတဲ့ နိုင်ငံတွေမှာ နိုင်ငံသား အချိုးအစား ရာခိုင်နှုန်း တော်တော်များများကို ကာကွယ်ဆေး ထိုးနှံပြီး ဖြစ်ပေမယ့် တစ်ဖက်မှာလည်း လူဦးရေရဲ့ ၂ ရာခိုင်နှုန်းအောက်သာ ဆေးထိုးပေးနိုင်သေးတဲ့ နိုင်ငံပေါင်း နှစ်ဒါဇင်ကျော် ရှိနေသေးတယ်လို့လည်း WHOက ဖော်ပြထားပါတယ်။2h


















































