နမ့်ခမ်းမြို့တွင်းရှိ ရန်သူ့ တပ်စခန်းအားလုံး ချေမှုန်းပြီးဖြစ်ဟု ညီနောင်မဟာမိတ်သုံးဖွဲ့ထုတ်ပြန်
ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်ရှိ စစ်ကောင်စီ၏ စခန်းသစ် ဗျူဟာကုန်းအား ၁၀၂၇ စစ်ဆင်ရေး စတင်ချိန်မှ ထိုးစစ်ဆင်တိုက်ခိုက်လာရာ ရက်ပေါင်း ၄၂ရက်တိုင် ကြာမြင့်ခဲ့ပြီး စစ်ကောင်စီက လေကြောင်း၊ လက်နက်ကြီး ပစ်ကူသုံးခုခံနေရဟု တအာင်း(TNLA)၊ကိုးကန့်(MNDAA)နှင့် ရက္ခိုင်(AA) ညီနောင်မဟာမိတ်သုံးဖွဲ့က သတင်းထုတ်ပြန်သည်။
၁၀၂၇ စစ်ဆင်ရေး ၄၂ရက်မြောက်ဖြစ်သော ဒီဇင်ဘာ ၇ရက် စစ်ရေးအခြေအနေများ ဖော်ပြရာ၌ အထက်ပါအတိုင်း အသိပေးခဲ့ခြင်းဖြစ်သည်။
ပြည်သူလူထုကို ကာလ ရှည်ကြာ အနှောင့်အယှက်ပေးနေသော အခြေစိုက်စခန်းကြီးတစ်ခုဖြစ်သည့် “စခန်းသစ်ဗျူဟာကုန်း” အား ထိုးစစ်ဆင် တိုက်ခိုက်မှု ရက်ပေါင်း ၄၂ရက် အတွင်း စခန်းသစ်ကုန်း၏ ရှေ့ပွိုင့် လုံခြုံရေးကုန်းတစ်ခုအား သိမ်းနိုင်ခဲ့ကြောင်း၊ထိုသို့သိမ်းပိုက်နိုင်ချိန်တွင် စစ်ကောင်စီတပ်သည် ဓါတုအဆိပ်ငွေ့ဗုံးများကို စတင်အသုံးပြုတိုက်ခိုက်လာခဲ့ကြောင်း ထုတ်ပြန်သည်။
အဆိုပါ ဗျူဟာကုန်းကြီးအား ထိုးစစ်ဆင်တိုက်ခိုက်ခဲ့စဉ်အတွင်း စစ်ကောင်စီသည် ဂျက်ဖိုက်တာဖြင့် လေကြောင်းတိုက်ခိုက်မှု (၁၉၅) ကြိမ်၊ Y8/Y12 ရဟတ်ယာဉ်ဖြင့် (၅၅)ကြိမ်၊ ဓါတုအဆိပ်ငွေ့ဗုံးဖြင့် (၃) ကြိမ်၊ ရန်သူ့စခန်းကြီး (၂) ခုဖြစ်သော မန်တပ်စခန်းနှင့် နမ့်ဖတ်ကာစခန်း မှ လက်နက်ကြီးဖြင့် အကြိမ် (၃၀၀)ထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြသည်။

Public Service Announcement
လက်ရှိတွင် မဟာမိတ်တပ်များသည် နမ့်ခမ်းမြို့တွင်း ရန်သူ့တပ်စခန်းများအားလုံးနီးပါးကို ချေမှုန်းထားနိုင်ခဲ့ပြီဖြစ်ကြောင်း ထုတ်ပြန်သည်။
ယမန်နေ့တွင် TNLAနှင့် မိုးကုတ်ဗျူဟာ PDF ပူးပေါင်းတပ်က ကျောက်မဲမြို့နယ် မိုင်းလုံမြို့နယ်ခွဲရှိ လယ်ကြီး စစ်ကောင်စီတပ်စခန်းကို လေကြောင်း ပစ်ကူပေး ခုခံနေသည့်ကြားမှ သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ လက်နက်မျိုးစုံ ၁၀လက်နှင့် စစ်အသုံးအဆောင်များရရှိခဲ့ကြောင်း အသိပေးသည်။
ထို့ပြင် မန်တုံမြို့နယ် ခိုမုန်းတပ်စခန်းအား သိမ်းပိုက်နိုင်ခဲ့ကြောင်း အသိပေးထားပြီး ကွတ်ခိုင်မြို့နယ်ရှိ စစ်ကောင်စီ၏ “ကွတ်ခိုင်တပ်စခန်း” အား ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြသည်။
စစ်ကောင်စီတပ်ကလည်း နမ့်ခမ်းမြို့နယ် ပန်လော်ရွာနှင့် ဟိုနားရွာရှိ ပြည်သူများအား ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်ခဲ့၍ ကလေးငယ်တစ်ဦး အပါအဝင်အရပ်သား ၅ဦးသေဆုံးကာ လေးဦး ဒဏ်ရာရခဲ့ကြောင်း၊ နေအိမ် ပျက်စီးမှုများလည်း ရှိခဲ့ကြောင်း အသိပေးထားသည်။


















































