တိုက်ပွဲ ၁၁ရက်အတွင်း စစ်ကောင်စီတပ်သား ၃၀၀နီးပါး ဖမ်းမိထားဟု စစ်ရေးသတင်းရင်းမြစ်ပြော
ကချင်လွတ်လပ်ရေးတပ်မတော်(KIA) အနေဖြင့် စစ်ကောင်စီတပ်စခန်းများကို ထိုးစစ်ဆင်မှုများ ပြုလုပ်လျက်ရှိရာ ယနေ့ (မတ် ၁၈) နံနက်တွင် စစ်စခန်း ၂ခုကို ထပ်မံ သိမ်းပိုက်ရရှိခဲ့ဟု စစ်ရေးသတင်းရင်းမြစ်က ပြောပြသည်။
ယမန်နေ့ မတ်လ ၁၇ရက်တွင် မိုးမောက်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်း နေရာအများအပြားကို ထိုးစစ်ဆင်ခဲ့ရာ စစ်စခန်း ၇ခုသိမ်းရခဲ့ပြီး ယနေ့မနက်တွင် စစ်စခန်း ၂ခုထပ်မံသိမ်းရခြင်းဖြစ်သည်ဟု အသိပေးသည်။
ယမန်နေ့က သိမ်းနိုင်ခဲ့သည့် တပ်စခန်းများမှာ မိုးမောက်မြို့နယ်ရှိ ဆန်ဂါန်၊ ခလုံကရုန်၊ ဆေန်ဘွမ်၊ ဖကော်န်၊ မန်ဒါ၊ အိုခရိန်ဘွမ်၊ ဘွမ်ကပေါ်ဘွမ် စသည့် တပ်စခန်း ၇ခုဖြစ်သည်ဟု ပြောသည်။

Public Service Announcement
“ဂေါ်ရီကရုန်၊ တာခေါ်ကရုန် ဒေသမှာ ကျနော်တို့ သိမ်းပိုက်ရရှိတဲ့ စခ စခန်း ၉ခု ရှိပြီ။ စခ စခန်းအားလုံးကုန်ပြီ”ဟုလည်း စစ်ရေးသတင်းရင်းမြစ်က ကချင်ဘာသာဖြင့် လူမှုကွန်ရက်၌ အသိပေးရေးသားထားသည်။
မိုးမောက်ဒေသ တပ်စခန်းများ သိမ်းပိုက်နိုင်မှု အခြေအနေနှင့်ပတ်သက်ပြီး KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူထံ ဆက်သွယ်မေးမြန်းထားဆဲဖြစ်သည်။
KIA သတင်းပြန်ကြားရေးဌာန၏ ယမန်နေ့ည သတင်းဖော်ပြချက်တွင် KIA အရှေ့ပိုင်းတိုင်းနယ်မြေအတွင်းရှိ စစ်ကောင်စီတပ်စခန်း ၆ခုကို မတ်လ ၁၇ရက်တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့သည်ဟု အသိပေးထားသည်။
KIA အနေဖြင့် မတ်လ ၇ရက်မှစ၍ လိုင်ဇာဌာနချုပ်အနီး စစ်ကောင်စီတပ်စခန်းများ၊ ဝိုင်းမော်၊ ဆွမ်ပရာဘွမ်၊ ဖားကန့်နှင့် မိုးမောက်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းများကို တိုက်ခိုက်သိမ်းပိုက်မှုများ လုပ်ဆောင်ခဲ့ရာ စခန်း ၃၀ခုကျော် သိမ်းပိုက်ထားပြီးဖြစ်သည်။ ထို့ပြင် စစ်ကောင်စီတပ်ဖွဲ့ဝင် ရာနှင့်ချီ အရှင်ဖမ်းမိထားပြီး လက်နက်ခဲယမ်းများစွာ ရရှိထားကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
“၁၁ရက် တိုက်ပွဲအတွင်း စကစ တပ်သား ၃၀၀ ကျော် ဖမ်းဆီးရမိထားတယ်”ဟု စစ်ရေးသတင်းရင်းမြစ်က KIA ၏ မတ်လ ၇ရက် စစ်ဆင်ရေး နောက်ပိုင်း ဖမ်းဆီးရမိသုံ့ပန်း အခြေအနေကို ပြောပြသည်။
” တပ်မဟာ(၃)၊ ရင်း (၁၅)နယ်မြေထဲက ရန်သူ့တပ်စခန်း ၉ခုကို သိမ်းပိုက်ရရှိထားပြီဆိုတာပါ။ မနေ့က ရန်သူ့တပ်စခန်း ၇နေရာကို သိမ်းပိုက်ထားတာပေါ့။ ဒီနေ့ ၂နေရာ”ဟု အခြား ကချင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။


















































