မန္တလေးတိုင်း မတ္တရာမြို့နယ်ရှိ ကျေးရွာများသို့ စစ်ကောင်စီတပ် မကြာခဏဝင်ရောက်စီးနင်းပြီး ဖမ်းဆီးမှုများ လုပ် ဆောင်နေ၍ ဒေသခံများထွက်ပြေးတိမ်းရှောင်နေရပြီး စိုးရိမ်ထိတ်လန့်နေကြရကြောင်း ဒေသခံများက ပြောသည်။
မတ္တရာမြို့နယ် ကင်းရွာမှ ကျူရှင်ဆရာ ကိုသိန်းဇော်ကို အောက်တိုဘာ ၆ရက်တွင် ဖမ်းဆီးခဲ့ပြီး စစ်ကောင်စီတပ်က သတ်ဖြတ်ခဲ့ကြောင်း၊ ယခုရက်ပိုင်းအတွင်း၌လည်း သဖန်းကိုင်း၊ ကင်းရွာ၊ ရေနံ့သာစသည့် ကျေးရွာများသို့ စစ်ကောင်စီတပ်များ ဝင်ရောက်လျက်ရှိရာ ဖမ်းဆီးခံရသူအချို့ရှိသည်ဟု ၎င်းတို့က ဆိုသည်။
“ကျေးရွာဒေသခံတွေ ကာကွယ်ရေးလုပ်လို့ရတဲ့နည်းလမ်းက စောင့်ကြည့်ပြီးတော့ တိမ်းရှောင်ဖို့ နည်းလမ်းပဲရှိတယ်။ အခုဆိုရင် ဒီကောင်တွေရဲ့ သွားလာလှုပ်ရှားမှုကြောင့် ဒေသခံတွေက တော်တော်လေးကို ကြောက်လန့်နေတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။
ဒေသခံများအနေဖြင့် စစ်ကောင်စီတပ်များကို လက်ခံကြိုဆိုခြင်းမရှိဘဲ ၎င်းတို့ လာပါက ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု ဒေသခံက ပြောသည်။

Public Service Announcement
စစ်ကောင်စီတပ်သည် အောက်တိုဘာ ၉ရက်ညပိုင်းကလည်း ကင်းရွာရှိ ဘုန်းကြီးကျောင်းကို ဝင်ရောက်စီးနင်းပြီး သံဃာတစ်ပါးနှင့် ပြည်သူတစ်ဦးကို ဖမ်းဆီးသွားသည်ဟု ဒေသခံက ပြောသည်။


















































