Connect with us

Hi, what are you looking for?

သတင်း

ရက္ခိုင်ပြည်နယ်အရေး မလိုလားအပ်သော လူမျိုးရေးအမုန်းတရားများ မပေါ်ပေါက်စေရေး ဝိုင်းဝန်းကြိုးစားကြရန် NUG ယာယီသမ္မတ တိုက်တွန်း

ယနေ့(မေလ ၂၈ရက်)ကျင်းပသော NUG အစိုးရအဖွဲ့အစည်းအဝေးတွင် ယာယီသမ္မတက လက်ရှိ ရက္ခိုင်ပြည်နယ်အတွင်း ဖြစ်ပျက်ပြောင်းလဲနေသည့်ကိစ္စရပ်များနှင့်ပတ်သက်၍ အထက်ပါအတိုင်းတိုက်တွန်းပြောကြားခဲ့ခြင်းဖြစ်သည်။

(NUG ယာယီသမ္မတ ဒူဝါလရှီးလ ။ဓါတ်ပုံ-NUG)
(NUG ယာယီသမ္မတ ဒူဝါလရှီးလ ။ဓါတ်ပုံ-NUG)

▪︎”နိုင်ငံတကာရဲ့ အာရုံစိုက်မှုကို အထူးခံနေရတဲ့ ရိုဟင်ဂျာ အရေးနဲ့ ပတ်သက်ပြီးတော့လည်း ကျွန်တော်တို့ဟာ အတိတ်က ကြုံခဲ့ဖူးတဲ့ ချည်းကပ်မှု အမှားတွေကို သင်ခန်းစာယူနိုင်ဖို့ လိုတယ်”- ဒူဝါလရှီးလ

▪︎အညာဒေသ ပ-သုံးလုံးအရေးတွင် လူထုထဲမှ အသံစစ်စစ်ကို သကာမအုပ်ပဲ ကြားနိုင်အောင် အစိုးရအဖွဲ့တရပ်လုံး သတိရှိရန် လမ်းညွှန်

သော်မွန်/People’s Spring

လူနှင့်မြေကို အကြောင်းပြု၍ မလိုလားအပ်သော လူမျိုးရေးအမုန်းတရားများ မပေါ်ပေါက်စေရေး ဝိုင်းဝန်းကြိုးစားကြရန် အမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီသမ္မတ ဒူဝါလရှီးလက တိုက်တွန်းလိုက်သည်။

ယနေ့(မေလ ၂၈ရက်)ကျင်းပသော NUG အစိုးရအဖွဲ့အစည်းအဝေးတွင် ယာယီသမ္မတက လက်ရှိ ရက္ခိုင်ပြည်နယ်အတွင်း ဖြစ်ပျက်ပြောင်းလဲနေသည့်ကိစ္စရပ်များနှင့်ပတ်သက်၍ အထက်ပါအတိုင်းတိုက်တွန်းပြောကြားခဲ့ခြင်းဖြစ်သည်။

“ဒီအချိန်မှာ ရိုဟင်ဂျာအရေးနဲ့ပတ်သက်ပြီးတော့ အကြမ်းဖက်စစ်ကောင်စီက လူမျိုးရေးပဋိပက္ခဖြစ်အောင် တဖန်ကြံစည် တွန်းပို့နေတာကို တွေ့ရပါတယ်။ ဒီအခြေအနေကို အပြင်းအထန်ဆုံးအဆင့်ထိ ရောက်မသွားအောင် အာရက္ခတပ်တော်နဲ့ သက်ဆိုင်ရာ ရိုဟင်ဂျာ အသိုင်းအဝန်းက ဝိုင်းဝန်းအာရုံစိုက် ကြိုးစားနေတယ်ဆိုတာ တွေ့ရပါတယ်။ ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့လည်း တည်ဆဲ အခင်းအကျင်းမှာ ဖြစ်ပျက်နေတဲ့ လူမျိုးရေး ကတောက်ကဆ ဖြစ်မှုတွေကို တတ်နိုင်သမျှ အပြီးသတ်ချုပ်ငြိမ်းနိုင်အောင် တစ်ဖက်တစ်လှမ်းကနေ ကူညီဆောင်ရွက်ကြဖို့ အထူးလိုအပ်ပါတယ်” ဟု NUG ယာယီသမ္မက ပြောသည်။

Public Service Announcement

Public Service Announcement

လူမျိုးရေးအရ အကဲဆတ်သည့် ကိစ္စရပ်များကို အလေးအနက်ထားပြီး ရှုမြင် ချည်းကပ်ကြရန် လိုအပ်ပြီး အထူးသဖြင့် အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် လူသားဝါဒနှင့် လူ့အခွင့်အရေးအပေါ်မှာ အခြေခံသော ရှုမြင်ချက်များနှင့် လက်ရှိတည်ဆဲ ဖြစ်ရပ်များကို ချည်းကပ်နိုင်ရန် လိုအပ်ကြောင်း ယာယီသမ္မတ ဒူဝါလရှီးလက တိုက်တွန်းသည်။

“လက်ရှိ ရက္ခိုင်ပြည်နယ်အတွင်းမှာ နိုင်ငံတကာရဲ့ အာရုံစိုက်မှုကို အထူးခံနေရတဲ့ ရိုဟင်ဂျာ အရေးနဲ့ ပတ်သက်ပြီးတော့လည်း ကျွန်တော်တို့ဟာ အတိတ်က ကြုံခဲ့ဖူးတဲ့ ချည်းကပ်မှု အမှားတွေကို သင်ခန်းစာယူနိုင်ဖို့ လိုတယ်လို့ ယူဆပါတယ်။ တစ်ဖက်မှာလည်း ကျွန်တော်တို့ အနေနဲ့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲရေးမူ အပေါ်မှာလည်း ရပ်ခံရှုမြင်ကြဖို့ လိုပါတယ်။ ဒီအတွက် ရခိုင်အမျိုးသား ခေါင်းဆောင်များအနေဖြင့် အထူးကြိုးစားဆောင်ရွက်နေတယ်ဆိုတာ ကျွန်တေ့ာ်အနေနဲ့ အပြည့်အဝ ယုံကြည်ပါတယ်။ လူနဲ့ မြေကို အကြောင်းပြုပြီး မလိုလားအပ်တဲ့ လူမျိုးရေးအမုန်းတရားတွေ မပေါ်ပေါက်စေဖို့အတွက် ကျွန်တော်တို့အားလုံး တွန်းတွန်းတိုက်တိုက် ဝိုင်းဝန်းကြိုးစားဖို့ လိုပါတယ်”ဟု ယာယီသမ္မတက တိုက်တွန်းသည်။

ထို့်အပြင် အညာဒေသ စစ်ကိုင်းဧရိယာထဲမှ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ၊ ပြည်သူ့လုံခြုံရေးအဖွဲ့များနှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့များ၏ အရေးကိစ္စများနှင့်ပတ်သက်၍လည်း ယာယီသမ္မတက သတိပေးပြောကြားသည်။

အထက်ပါ ပ-သုံးလုံးအရေး ဝေဖန်မှုများထဲတွင် လက်တွေ့အရှိတရားကို ထင်ဟပ်သည့် ထောက်ပြဝေဖန်မှုများ တွေ့ရသကဲ့သို့ နိုင်ငံရေးအပုတ်ချသည့်အနေဖြင့် ရည်ရွယ်ချက်ရှိရှိ ထိုးနှက်တိုက်ခိုက်သည့် ဝေဖန်ရေးအရေခြုံများကိုလည်း တွေ့မြင်ရကြောင်း အစိုးရအဖွဲ့မိန့်ခွန်း၌ ထည့်သွင်းပြောကြားသည်။

“လက်ရှိ အခြေအနေဟာ ခုခံတော်လှန်စစ်အောင်ပွဲတွေမှာ ပယောဂမှိုင်းတွေ ပူးဝင်ကပ်ငြိမှု မရှိအောင် နိုင်ငံရေးအသိနဲ့ နိုင်ငံရေးသတိကို ထိန်းပြီး ကြိုးစားလျှောက်လှမ်းကြဖို့ ဖြစ်ပါတယ်။ တစ်ဖက်မှာလည်း လူထုထဲက အသံစစ်စစ်ကို သကာမအုပ်ပဲ ကြားနိုင်အောင် ကျွန်တော်တို့ အစိုးရအဖွဲ့တစ်ရပ်လုံး သတိရှိထားရမှာ ဖြစ်ကြောင်း ပြောကြားအပ်ပါတယ်” ဟု ယာယီသမ္မတ ဒူဝါလရှီးလက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) သွားရောက်တွေ့ဆုံခဲ့မှုအပေါ် လှိုက်လှဲစွာကြိုဆိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ဒီကနေ့ ဩဂုတ် ၄ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

တော်လှန်ရေးအင်အားစုများရဲ့ဘုံနိုင်ငံရေးသဘောတူညီချက် (ပထမမူကြမ်း)ကို သဘောတူအတည်ပြုကြောင်း သဘောတူညီချက်မှာ ပါဝင်တဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေက ဒီကနေ့ ဇူလိုင် ၃၀ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။

ဆောင်းပါး

ပြည်နယ်/ယူနစ် အားကောင်းရေးမှ ပြည်ထောင်စု အားကောင်းရေး (Bottom-Up Federalism) အခြေခံမူဖြင့် ပြည်နယ်/ယူနစ် ဥပဒေအစီအမံများ စစ်ကိုင်း၊ မကွေး၊ မန္တလေးနှင့် ရန်ကုန်ဒေသတို့တွင် ၂၀၂၅ ခုနှစ် နှစ်လယ်ပိုင်းမှစ၍ အသီးသီးပေါ်ပေါက်လာကြသည်။

သတင်း

အာရက္ခပြည်မှာ ကြုံတွေ့နေရတဲ့ ရေဘေးဖြစ်စဉ်အတွင်း ရေဘေးသင့်ပြည်သူများ ရဲ့ အရေးပေါ်လိုအပ်ချက်များကို ကူညီဖြေရှင်းပေးနိုင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က အာရက္ခပြည်သူ့ တော်လှန်ရေးအစိုးရဖြစ်တဲ့ ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် (ULA/AA)ကို တရုတ်ယွမ်ငွေ ၁၅၀,၀၀၀ (တစ်သိန်းငါးသောင်း) ကနဦးအဖြစ် ကူညီပံ့ပိုးခဲ့တယ်လို့ NUGက သတင်းထုတ်ပြန်ပါတယ်။