Connect with us

Hi, what are you looking for?

သတင်း

လက်နက်ချထွက်ပြေးလျှင်ပစ်သတ်မည်ဟု စစ်ကောင်စီအရာရှိများပြောပြီးနောက် ချင်းပူးပေါင်းတပ်လာတိုက်ချိန် ရဲများထားခဲ့ပြီးထွက်ပြေးသွားဟု ဖမ်းဆီးခံရဲတပ်ကြပ်ဖွင့်ဟ

ZRA နှင့် စစ်ကောင်စီ အရာရှိပိုင်းအကြား အဆက်အသွယ်ရှိကြောင်း၊ ZRA တပ်ဖွဲ့ဝင်များနှင့် ပြဿနာမဖြစ်စေရန် စစ်ကောင်စီ အရာရှိများက အောက်ခြေကို မှာထားကြောင်း ပြောသည်။

(ရဲတပ်ကြပ်သန်းစိုးအား ပြည်သူ့ကာကွယ်ရေးတပ်(PDA)တီးတိန်က မေးမြန်းနေစဉ်။ ဓာတ်ပုံ - File Photo)
(ရဲတပ်ကြပ်သန်းစိုးအား ပြည်သူ့ကာကွယ်ရေးတပ်(PDA)တီးတိန်က မေးမြန်းနေစဉ်။ ဓာတ်ပုံ - File Photo)

▪️ဇိုမီးတပ် ZRAကို စစ်ကောင်စီက ခဲယမ်းထောက်ပံ့ပေးမှု၊ ZRAတပ်များ တွန်းဇံမြို့တွင်း နေရာယူတပ်စွဲခြင်း၊ဂိတ်ချခြင်း၊ ဆက်ကြေးကောက်ခြင်းများရှိဟု ထွက်ဆို

ထားမြတ်/People’s Spring

ချင်းပြည်နယ် တွန်းဇံမြို့သို့ ချင်းတော်လှန်ရေးပူးပေါင်းတပ်များ တိုက်ခိုက်လာစဉ် စစ်ကောင်စီတပ်မှ အရာရှိများဦးဆောင်သည့် တပ်ဖွဲ့သည် ရဲများကို လှည့်ပင်မကြည့်ဘဲထွက်ပြေးသွားကြောင်း ချင်းပူးပေါင်းတပ်မှ ဖမ်းမိထားသည့် ရဲတပ်ကြပ်သန်းစိုးက ပြောသည်။

ချင်းအမျိုးသားတပ်မတော်(CNA) ၊ ချင်းဒေသကာကွယ်ရေးတပ်(CDF) ပူးပေါင်းတပ်များက တွန်းဇံမြို့သိမ်းတိုက်ပွဲကို မေလ ၁၇ရက်က ဆင်နွှဲခဲ့ရာ တစ်ပတ်အကြာတွင် မြို့ကို သိမ်းပိုက်နိုင်ခဲ့သည်။ တိုက်ပွဲအတွင်း ဖမ်းမိထားသည့် စစ် ကောင်စီ လက်အောက်ခံတပ်ဖွဲ့ဝင်များအနက် ရဲတပ်ကြပ်သန်းစိုးအား ပြည်သူ့ကာကွယ်ရေးတပ်(PDA)တီးတိန်က မေးမြန်းထားသည့် ရုပ်သံမှတ်တမ်းကို ဇွန်လ ၁၅ရက်တွင် ဖော်ပြခဲ့သည်။

PDA-တီးတိန်သည် ချင်းပြည်ကောင်စီနှင့် စစ်ရေး၊ နိုင်ငံရေးပူးပေါင်းဆောင်ရွက်မည်ဟု အသိပေးထားသည့်တပ်ဖွဲ့ဖြစ်သည်။

Public Service Announcement

Public Service Announcement

ရဲတပ်ကြပ်သန်းစိုးအား PDAတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက မေးမြန်းရာတွင် မြို့သိမ်းတိုက်ပွဲ ဆင်နွှဲချိန် ချက်ချင်း လက်နက်မချသည့် အကြောင်းအရင်းအားမေးမြန်းရာ ရဲတပ်ကြပ်သန်းစိုးက စစ်ကောင်စီ အရာရှိများက ခြိမ်းခြောက်ထား၍ ဖြစ်သည်ဟု ပြောသည်။

” ချက်ချင်းလက်နက်ချဖို့ကျတော့လည်း ကျနော်တို့ အထက်မှာ ဗိုလ်မှူးတို့ဗိုလ်ကြီးတို့ရှိတယ်သူတို့က ခြိမ်းခြောက်ထားတာတွေရှိတယ်။ မင်းတို့ ထွက်ပြေးဖို့ မစိတ်ကူးနဲ့ ။ကြံ(ထွက်ပြေးရန် ကြံစီ)ကြည့် သူတို့က အရင်ပစ်သတ်မှာတွေ ဘာတွေပြောတယ်”ဟု ရဲတပ်ကြပ်သန်းစိုးက ပြောသည်။

တိုက်ပွဲဖြစ်ပွားစဉ် ရဲများမသိအောင် ထွက်ပြေး သည်မှာလည်း အဆိုပါအရာရှိများပင် ဖြစ်သည်ဟု ပြောသည်။

” သူတို့က ကျီခါးကနေ လာတာဆိုတော့ အဲဒီဘက်ကိုပဲ။ တီးတိန်တို့ဘာတို့ ပြေးတာတော့ အကုန်လုံး ကြောက်အားလန့်အားနဲ့ပြေးကြတယ်။ အကုန်လုံး လူတွေကွဲသွားတယ်။ တောလမ်းကနေ ပြေးကြတာ”ဟု ရဲတပ်ကြပ်သန်းစိုးက ပြောသည်။

၎င်းတို့ နေရာယူထားသည့် နေရာအနီးမှ ထွက်ပြေးသွားသူ ၁၅ဦးခန့်ရှိသည်ဟုလည်း ပြောပြသည်။

ရဲများကို မခေါ်ဘူးလားဟု PDA အရာရှိက မေးမြန်းရာ “လှည့်တောင်မကြည့်ဘူး သူတို့ပဲ ပြေးတယ်”ဟု ရဲတပ်ကြပ်သန်းစိုးက ပြောသည်။

ချင်းပူးပေါင်းတပ်က လာရောက်တိုက်ခိုက်မည်ကိုလည်း စစ်ကောင်စီ အရာရှိများက ကြိုတင်သိရှိထားသည်ဟု ၎င်းက ထွက်ဆိုသည်။

“သူတို့ အရာရှိတွေကတော့ သိတယ်။ သိပြီးတော့ အောက်လက်ကို သိပ်ချမပြဘူး။ သူတို့ဟာ သူတို့ပဲ ဗျူဟာနဲ့ ဗိုလ်မှူးနဲ့ ဗိုလ်ကြီးတို့နဲ့ပဲ ဖုန်းတွေနဲ့ အဆက်အသွယ်လုပ်နေကြတယ်။ ကျနော်တို့ကို နေရာယူခိုင်းထားတယ်။ သေနတ်တွေ တိုက်ထား ဒါပဲ။ ကျနော်တို့က ထင်းခွေ ရေခပ်ပေါ့”ဟု ရဲတပ်ကြပ်သန်းစိုးက ပြောသည်။

ရဲတပ်ကြပ်သန်းစိုး၏ ထွက်ဆိုချက်တွင် ဇိုမီးတော်လှန်ရေးတပ်(ZRA)နှင့် စစ်ကောင်စီ အကြား ပူးပေါင်းဆောင်ရွက်နေမှု အခြေအနေအချို့နှင့် စစ်ကောင်စီက ZRAကို ကျည်ထောက်ပံ့မှုအချို့ရှိသည်ဟု ပြောသည်။

ZRA တပ်များသည် တွန်းဇံမီးသတ်ကုန်း၌ နေရာယူထားပြီး မြို့ထဲ၌ ဂိတ်ချခြင်း၊ ဆက်ကြေးကောက်ခြင်းများ ရှိကြောင်း ပြောပြသည်။

“ခဲယမ်း ၃၀၀၀ နဲ့ စားစရာ ရိက္ခာခြောက် ခေါက်ဆွဲခြောက် ထောက်ပံ့တာ တစ်ခါတွေ့တယ်။ သူတို့ ကားနဲ့လာတာ။ နတလ ရုံးထဲ” ဟု ရဲတပ်ကြပ်သန်းစိုးက စစ်ကောင်စီတပ်က ZRAကို ခဲယမ်း၊ ရိက္ခာ ထောက်ပံ့မှုကို ပြောသည်။

ZRA နှင့် စစ်ကောင်စီ အရာရှိပိုင်းအကြား အဆက်အသွယ်ရှိကြောင်း၊ ZRA တပ်ဖွဲ့ဝင်များနှင့် ပြဿနာမဖြစ်စေရန် စစ်ကောင်စီ အရာရှိများက အောက်ခြေကို မှာထားကြောင်း ပြောသည်။

“မြို့ထဲမှာ ဆိုင်ကယ်တွေနဲ့ သူတို့ သွားလာနေတယ်။ အဲဒီမှာ ဂိတ်တွေနေတယ်။ ဆိုင်ကယ်တွေနဲ့ ဆတ်ကြေးကောက်တယ်ပြောတယ်။ ကျနော်တို့ ကျတော့ ကျနော်တို့ အဖွဲ့တွေ စျေးသွားတယ် လူကြီးတွေက မှာတယ်။ ဒီကောင်တွေနဲ့ ပြဿနာမဖြစ်နဲ့ အဲဒီလောက်ပဲမှာတယ်” ဟု ရဲတပ်ကြပ်သန်းစိုးက ပြောကြားသည်။

အိန္ဒိယအခြေစိုက် ZRAသည် မြန်မာဘက်ခြမ်းတွင် လှုပ်ရှားနေပြီး စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ကာ တော်လှန်ရေးတပ်ဖွဲ့များကို ပစ်မှတ်ထားတိုက်ခိုက်မှုများလုပ်ဆောင်နေသည့် အဖွဲ့ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

သတင်း

ကျော်သောင်း ဆိုသူက ကျောက်စိမ်းမြေ ဖားကန့်ကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေပါတယ်။စစ်တပ်ရဲ့ အကြိးစား ဒေါက်တိုင်လက်နက်ပွဲစား စီးပွားရေးလုပ်ငန်းရှင် ခရိုနီ ဂျော်နသန်ကျော်သောင်းမဟုတ်ပါ။ ဖားကန့်မြို့က နာမည်ကြီးပြည့်တန်ဆာလုပ်ငန်းရှင် ကျော်သောင်းဆိုသူဖြစ်ပါတယ်။