ဟန်နွေ/People’s Spring
တအာင်းတပ်မတော်(TNLA)က မိုးကုတ်မြို့ကို ယမန်နေ့ ဇူလိုင် ၂၄ရက်တွင်တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၂၀၀ ကျော် သိမ်းပိုက်ရရှိခဲ့သည်ဟု TNLAက ဓာတ်ပုံမှတ်တမ်းများနှင့်အတူ ထုတ်ပြန်သည်။
မိုးကုတ်မြို့သိမ်းတိုက်ပွဲကို ဇွန်လ ၂၅ရက်က စတင်ခဲ့ခြင်းဖြစ်ပြီး တစ်လခန့်အကြာတွင် မိုးကုတ်မြို့နယ်ရှိ စစ်ကောင်စီ လပခ၊ ခလရ (၇၈၊ ၈၈၊ ၁၄၈) ဗျူဟာမှူးကြီးအခြေချ ကွပ်ကဲနေသည့် တပ်စခန်းအားလုံးကို အလုံးစုံ ဝင်ရောက်ရှင်းလင်း ချေမှုန်းသိမ်းပိုက်နိုင်ခဲ့ကြောင်း ဖော်ပြသည်။



မိုးကုတ်မြို့ စစ်ကောင်စီတပ်စခန်းများ တိုက်ခိုက်စဉ် စစ်ကောင်စီတပ်က တိုက်လေယာဉ် အပါအဝင် လေကြောင်း တိုက်ခိုက်မှု အကြိမ် ၃၀ ပြုလုပ်ခဲ့ပြီး လက်နက်ကြီး၊ အတွဲလိုက်ဒုံးပစ်ခတ်မှုများလည်း ပြုလုပ်ခဲ့သည်ဟုဆိုသည်။

Public Service Announcement
တိုက်ပွဲကာလအတွင်း စစ်ကောင်စီ၏ လက်နက်ခဲယမ်းများ အတွဲလိုက်ပစ်ဒုံး လက်နက်ကြီးအပါအဝင်၊ လက်နက်မျိုးစုံ (၇၃)လက်၊ 120 MM (၂)လက်၊ 60 MM (၁၁)လက်၊ 81 MM (1)လက်၊ ငဂျင်းမီး (၃) လက်၊ ပွိူင်းဖိုက် (၁)လက်၊ RPG (၂)လက်၊ ဂျမ်းပါ (၁)စုံ၊ တွဲလိုက်ဒုံး(၄လုံးတွဲ) (၁)လက်၊ မိုင်း၊ ခဲယမ်းမျိုးစုံ အမြောက်အများနှင့် စစ်သုံးဆောင်ပစည်းများသိမ်းဆည်းရရှိခဲ့ကြောင်း ဖော်ပြသည်။
မိုးကုတ်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းများအား တိုက်ခိုက်သိမ်းပိုက်ရာတွင် စစ်သုံးပန့် (၃၀)ကျော်နှင့် လက်နက်မျိုးစုံ (၂၀၀) ကျော် သိမ်းဆည်းရမိခဲ့ခြင်းဖြစ်ကြောင်းလည်း အသိပေးသည်။
မိုးကုတ်အနောက်ပိုင်းရှိ စစ်ကောင်စီတပ်စန်းများဖြစ်ကြသည့် ရွှေမျက်၀န်း၊ အေးစေတီးကုန်း၊ အာကာမိုး၊ ဒေါ်နန်းကြည်တောင်၊ ဗျူဟာကုန်း၊ ရွှေသာယာ၊ ပန်းသပြေ၊ ဖြူရောင်ကုန်း တပ်စခန်းများကို စစ်ဆင်ရေးစပြီး တစ်ပတ်မပြည့်မီ ဇွန်လ ၃၀ ရက်နေ့တွင် သိမ်းနိုင်ခဲ့ခြင်းဖြစ်ပြီး မိုးကုတ်အရှေ့ပိုင်းကို ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာတွင် မန်တိုင်(၅)တပ်၊ ငရမ်းအင်စခန်း၊ ရေကန်တောင်စခန်း၊ တာ၀ါတိုင်စခန်း၊ ပတ္တမြားစေတီစခန်း၊ ပန်းမထိပ်ရွာ၊ အကျဉ်းထောင်နှင့် ရဲစခန်း အပါအဝင် အစိုးရဌာနဆိုင်ရာရုံးများကို ဇူလိုင် ၂၄ရက်တွင် အလုံးစုံ သိမ်းနိုင်ခဲ့ခြင်းဖြစ်သည်။



စစ်ကောင်စီ မိုးကုတ်တပ်စခန်းကို တအာင်းတပ်မတော် PSLF/TNLA နှင့် ပူးပေါင်းတပ်ဖွဲ့တို့မှ တိုက်ခိုက်နေစဥ်အတွင်း စစ်ကောင်စီ၏ အရပ်ဖက် ဦးတည်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့၍ ဒေသခံ ၃၁ဦး သေဆုံးကာ သေဆုံးသူများထဲတွင် ကလေး ၉ဦးပါဝင်သည်ဟု အသိပေးသည်။ ထို့ပြင် ဒေသခံ ၅၉ဦး ဒဏ်ရာရခဲ့ပြီး ဘုန်းကြီးကျောင်း ၄ကျောင်း၊ လူနေအိမ် ၃၀ခန့် ထိခိုက်ပျက်စီးခဲ့ကြောင်း ဖော်ပြသည်။



TNLA အနေဖြင့် ၁၀၂၇ စစ်ဆင်ရေး ပြန်လည်စတင်ပြီးနောက် ဇူလိုင် ၁၀ရက်တွင် နောင်ချိုမြို့ကိုသိမ်းနိုင်ခဲ့ရာ မိုးကုတ်သည် TNLA ပူးပေါင်းတပ် အလုံးစုံ သိမ်းပိုက်ထိန်းချုပ်နိုင်ပြီဖြစ်သည့် ဒုတိယမြောက်မြို့ဖြစ်သည်။


















































