Connect with us

Hi, what are you looking for?

သတင်း

မတူပီမြို့သိမ်းတိုက်ပွဲမှ ထွက်ပြေးသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထပ်မံ ဖမ်းမိထားဟု ချင်းညီနောင် ထုတ်

ထွက်ပြေးစဉ်လမ်း၌ အစာငတ်၊ ဆေးဝါးမရှိ၊ ဒဏ်ရာရမှုကြောင့် သုံ့ပမ်းအချို့ သေဆုံး၊ အရာရှိကိုင်ပစ္စတို ၁၆လက်အပါအဝင် လက်နက် ၁၅၀ခန့် ရ

မတူပီမြို့သိမ်းတိုက်ပွဲမှ ထွက်ပြေးသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ။ ဓာတ်ပုံ - PDF Zoland

ဟန်နွေ/People’s Spring

ချင်းညီနောင်နှင့် မဟာမိတ် အာရက္ခတပ်တော် (AA) တို့ ပူးပေါင်းဆောင်ရွက်ခဲ့သည့် မတူပီမြို့သိမ်းတိုက်ပွဲအတွင်းထွက်ပြေးသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ထပ်မံဖမ်းဆီးရမိထားဟု ချင်းညီနောင်က ယနေ့ သတင်းထုတ်ပြန်သည်။

မတူပီဗျူဟာမှူးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့၊ ရဲ၊ ဝန်ထမ်းနှင့် တပ်မိသားစု၊ ရဲမိသားစုဝင် အင်အား ၆၀၀ ခန့်သည် ချင်းညီနောင်ပူးပေါင်းတပ်၏ တိုက်ခိုက်မှုကြောင့် ဇွန်လနောက်ဆုံးပတ်တွင် စခန်းစွန့်ထွက်ပြေးခဲ့ရာ ချင်းညီနောင် က ဇူလိုင် ၁၇ရက်တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် တပ်မိသားစုဝင် ၁၂၀ ခန့်ကို ပထမအကြိမ် ဖမ်းမိထားသည်။

Public Service Announcement

Public Service Announcement

ယင်းမတိုင်ခင် ဇူလိုင် ၁၉ရက်ကလည်း ဗိုလ်မှူးအပါအဝင် အရာရှိ လေးဦးနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ဦး စုစုပေါင်း ၁၂ဦး ချင်းညီနောင်ထံ အလင်းဝင်ထားသည်။

ထို့နောက် ဇူလိုင် ၂၅ရက်တွင် ထွက်ပြေး စစ်ကောင်စီ စစ်ကြောင်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်နှင့် မိသားစုဝင်များကို ထပ်မံဖမ်းဆီးရရှိခဲ့ကြောင်း ချင်းညီနောင်က ထုတ်ပြန်သည်။ ဖမ်းမိ သည့် အရေအတွက်ကို ဖော်ပြမထားသော်လည်း ထပ်မံ ဖမ်းဆီးရရှိခဲ့သည့် လက်နက်များကို ဖော်ပြရာ အရာရှိကိုင် ပစ္စတို ၁၆လက်အပါအဝင် လက်နက်ကြီးငယ်မျိုးစုံ ၁၅၀ခန့်၊ ခဲယမ်း၊ ကျည်များစွာ သိမ်းဆည်းနိုင်ခဲ့သည်ကို ဓာတ်ပုံမှတ်တမ်း၌ တွေ့ရသည်။

စစ်ကောင်စီတပ်မှ ဗျူဟာမှူးကိုပါ ဖမ်းမိကြောင်း ပြောဆိုမှုရှိသော်လည်း ယင်းနှင့်ပတ်သက်၍ အတည်ပြုနိုင်ရန် ချင်းညီနောင်တပ်ဖွဲ့ သတင်းပြန်ကြားရေး တာဝန်ရှိသူထံ မေးမြန်းထားသည်။ ဖမ်းမိ စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အားကိုလည်း မေးမြန်းထားဆဲဖြစ်သည်။

ယခုဖမ်းမိသည့် စစ်ကောင်စီတပ်ဖွဲ့များပါသည့် စစ်ကြောင်းနှင့် ဇူလိုင် ၂၅ရက်က တိုက်ပွဲ ၂နာရီခန့်ဖြစ်ခဲ့ကြောင်း၊ ယင်းအနက်မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဖမ်းဆီးရရှိသကဲ့သို့ ထွက်ပြေးလွတ်မြောက်သူများကိုလည်း ရှင်းလင်းလျက်ရှိကြောင်း ချင်းညီနောင်က ထုတ်ပြန်သည်။

ချင်းညီနောင်အဖွဲ့ဝင်များအနေဖြင့် ဆေးဝါးရှားပါးလျက်ရှိသော်လည်း ဖမ်းဆီးရမိသူများကို အကောင်းဆုံးကုသပေးထားကြောင်း၊ အကောင်းဆုံးကျွေးမွေးထိန်းသိမ်းစောင့်ရှောက်ထားကြောင်း ထုတ်ပြန်သည်။

ဖမ်းဆီးရမိနေရာမှ လုံခြုံရာသို့ သွားရာလမ်းခရီးတွင် အစာငတ်ပြတ်ခြင်း၊ ဆေးဝါးမရှိခြင်း၊ တိုက်ပွဲအတွင်းပြင်းထန်ဒဏ်ရာရခြင်းများကြောင့် စစ်သုံ့ပမ်းအုပ်စုထဲမှ သေဆုံးသူအချို့ရှိခဲ့သည်ဟု အသိပေးသည်။ဖမ်းမိစစ်သုံ့ပမ်းများကို ဥပဒေနှင့်အညီ ကောင်းမွန်စွာ ထိန်းသိမ်းထားသည်ဟုလည်း ဖော်ပြသည်။

မတူပီမြို့မှဆုတ်ခွာသည့် စစ်ကောင်စီတပ်နှင့် မိသားစုဝင် ၆၀၀ခန့်အနက် အချို့မှာလမ်းတွင် သေဆုံးမှုများ ရှိခဲ့ကြောင်းကို အဆိုပါ စစ်ကြောင်းမှ ထွက်ပြေးပြီး ချင်းညီနောင်ထံ ဇူလိုင် ၉ရက်က အလင်းဝင်ခံသည့် ဗိုလ်မှူး ရဲမင်းထွန်းကလည်း ပြောကြားသည်။

ဇွန်လကုန်ပိုင်း ညသန်းခေါင်တွင် မိသားစုများ ကလေးများ အပါအဝင် အင်အားခန့်မှန်း ၆၀၀ နီးပါး ထွက်ခွာခဲ့ကြောင်း၊ ထိုသို့ ထွက်ခွာစဉ် တိုက်ပွဲဖြစ်ပွားမှု ရှိခဲ့ကြောင်း၊ မြစ်ကိုဖြတ်ကူးချိန် ရေတွင်ပါသွားသူများလည်းရှိကြောင်း မြစ်ကူးပြီးချိန်တွင် အင်အား ၄၅၀ကျော် ကျန်ခဲ့ကြောင်း၊ မြစ်တစ်ဖက်ကမ်းတွင် လူနာနှင့် ဒဏ်ရာရရဲဘော်များလည်း ကျန်နေခဲ့ကြောင်း၊ မိသားစုအချို့လည်း ကျန်နေခဲ့ကြောင်း ဗိုလ်မှူး ရဲမင်းထွန်းက ပြောသည်။

ထို့အပြင် လမ်း၌ ၅ရက် ၊၆ရက်ကြာသည့်အချိန်တွင် ရဲမေနှင့် မိသားစုဝင်များ အစာရေစာ ငတ်ပြတ်ပြီး အချို့ကလေးငယ်နှင့် မိခင်များ သေဆုံးမှုရှိခဲ့ကြောင်း၊ ဆေးဝါး ပြတ်တောက်လာ၍ ဒဏ်ရာရ သူများလည်း သေဆုံးမှုရှိခဲ့ကြောင်း ပြောပြသည်။

” သေဆုံးသွားတဲ့ အဖွဲကတွေကိုလည်း လမ်းမှာပဲ သင်္ဂြိုလ်၊ ဟိုလိုမျိုး မြေမြှုပ်သင်္ဂြိုလ်တဲ့ပုံစံတော့မလုပ်ခဲ့ရဘဲ အဲဒီမှာ ဆက်ထွက်လာပါတယ်”ဟု ဗိုလ်မှူး ရဲမင်းထွန်းက ပြောသည်။

ဇူလိုင် ၆ရက် နေ့လယ်တွင် ဗိုလ်မှူး ရဲမင်းထွန်းအပါဝင် အရာရှိ ၄ဦး၊ အရပ်သားတစ်ဦးနှင့် စစ်သည် အချို့ စုစုပေါင်း ၁၂ဦးသည် စစ်ကြောင်းမှ ခွဲထွက်လာပြီး အလင်းဝင်ခဲ့ရာ ချင်းညီနောင်အဖွဲ့က လာကြိုကာ ကောင်းကောင်းမွန်မွန်ထားရှိကြောင်း ပြောပြသည်။

” ဆုတ်ခွာရာလမ်းကြောင်းတလျှောက်မှာ ကျနော့်ရဲ့မိသားစုဝင်တွေအနေနဲ့ သေကြေပျက်စီးတာတွေ၊ မသေသင့်ဘဲလမ်းကြောင်းရွေးချယ် တာမှားယွင်းမှုကြောင့် ဗျူဟာမှူးရဲ့ ဆုံးဖြတ်ချက် မှားယွင်းမှုကြောင့် သေကြေပျက်စီးသွားတာတွေကိုမြင်ပြီးတော့ စိတ်မကောင်းဖြစ်မိပါတယ်”ဟု ဗိုလ်မှူး ရဲမင်းထွန်းက ပြောသည်။

ဗျူဟာမျူး ဗိုလ်မှူးကြီး ဇော်မျိုးထွန်း၏ ဆုံးဖြတ်ချက် မှားယွင်းမှုကြောင့် ယခုကဲ့သို့ မသေသင့်ဘဲ သေဆုံးခဲ့ရဟု ၎င်းက ဆိုသည်။

” မသေသင့်တဲ့ ကလေးသူငယ်တွေနဲ့ မိသားစုဝင် ရဲမေမှီခိုတွေ၊ နောက်ပြီး အရပ်သားဝန်ထမ်းတွေ၊ နောက်ပြီး ရဲမိသားစုဝင်ထမ်းတွေ ကျဆုံးသွားတာ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ကျဆုံးသွားတဲ့အတွက် ဗျူဟာမှူးကိုလည်းလုံး၀ မကျေနပ်ပါဘူး။ နောက်ပြီးတော့ အထက်ကိုလည်း အထက်ကရှိတဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့ဘာတို့ကိုလည်း ဒီလောက် အခက်အခဲဖြစ်နေတာကို ကယ်လို့ရတဲ့ အချိန်တုန်းက မကယ်ထုတ်ဘဲနဲ့ ကယ်လို့ မရတော့တဲ့ အချိန်ကျတော့လည်း နောက်ပြီး စားနပ်ရိက္ခာ နောက်ပြီး ညှိနှိုင်းဆွေးနွေးမှုတွေ လုပ်ဆောင်ခြင်းမရှိတာကိုလည်း ကျနော် ရှုံ့ချပါတယ်”ဟု ဗိုလ်မှူး ရဲမင်းထွန်းက ပြောကြားထားသည်။

ချင်းညီနောင်နှင့် AAတို့သည် မတူပီမြို့သိမ်း တိုက်ပွဲကို ဇွန်လ ၉ရက်တွင် စတင်ခဲ့ရာ သုံးပတ်အကြာ ဇွန်လ ၂၉ရက်တွင် မတူပီရှိ စစ်ကောင်စီတပ်စခန်းအားလုံး သိမ်းနိုင်ခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

အာရက္ခတပ်တော်(AA)ရဲ့ အဝေးပစ်လက်နက်တွေအပြင် မြေပြင်ကပါ ထိုးစစ်ဆင်တိုက်ခိုက်ခြင်း ခံနေရတဲ့ အာဏာသိမ်းစစ်တပ်ဟာ စစ်တွေမြို့နယ်အတွင်းရှိ ဒေသကွပ်ကွဲမှုစစ်ဌာနချုပ်(ဒကစ-စစ်တွေ)နဲ့ တပ်ရင်းတွေအနီးက ကျေးရွာတွေ ဖျက်ဆီးကာ စစ်စခန်းတွေ တိုးချ ခံစစ်ပြင်နေတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကျောက်ဖြူ-ရမ်းဗြဲလမ်းဆုံ စနဲမြို့ဆီထိုးစစ်ဆင်ဖို့ အင်အားအလုံးအရင်းသုံး စစ်ကြောင်းထိုးလာတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ စစ်ကြောင်းတွေကို အာရက္ခတပ်တော်(AA)က ကြားဖြတ်တိုက်ခိုက်တာကြောင့် စစ်တပ်ဘက်က​သေဆုံးထိခိုက်မှုများပြီး နောက်ပြန်ဆုတ်နေရတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောကြပါတယ်။

သတင်း

အာရက္ခတပ်တော်(AA)နဲ့ မဟာမိတ်တွေ စစ်ရေးအရှိန်မြင့်ထားတဲ့ ရခိုင်ပြည်နယ်အစပ်ဧရာဝတီတိုင်း၊မကွေးတိုင်းထဲစစ်မျက်နှာ​တွေက စစ်တပ်ရဲ့ရှေ့တန်းစခန်းတွေကို​တော်လှန်​ရေးတပ်​တွေက ထပ်မံသိမ်းယူနိုင်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

သတင်း

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်၀မြို့နယ်တို့အတွင်းက ပညာရေးဝန်ထမ်း ဆရာ၊ ဆရာမတွေကို အခုလာမယ့် ပညာသင်နှစ်ကနေစပြီး လစာအနေနဲ့ ထောက်ပံ့ပေးတော့မယ်လို့ အာရက္ခပညာရေးဌာနတာဝန်ရှိသူတွေက ပြောပါတယ်။