ဟာနာဆန်/People’s Spring
မကွေးတိုင်း၊ ရေစကြိုမြို့နယ်တွင် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့၍ ပြည်သူတစ်ဦးသေဆုံးပြီး ကလေးနှစ်ဦးအပါအဝင် သုံးဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သတင်းရရှိသည်။
ဩဂုတ်၁ရက် နံနက် ၇နာရီခွဲခန့်က ရေစကြိုမြို့နယ်၊ အလယ်ကျောကျေးရွာနှင့် ကိုရင့်ကျေးရွာများအား ပခုက္ကူနည်းပညာတက္ကသိုလ်၌ တပ်စွဲထားသော စစ်ကောင်စီတပ်မ (၁၀၁) လက်အောက်ခံ တပ်များက လက်နက်ကြီးများ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ပစ်ခတ်မှုကြောင့် အလယ်ကျော(အနောက်) ကျေးရွာသို့ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့ပြီး အသက်(၄၂)နှစ်အရွယ် ဒေါ်အမာဆိုသူ သေဆုံးခဲ့ကြောင်း ရေစကြိုသတင်းအချက်အလက်ကော်မတီ(Info Committee Yesagyo)၏ တာဝန်ရှိသူက ပြောသည်။

Public Service Announcement
“နေအိမ်ဝင်းထဲကျတာ။ ဝင်းထဲထိုင်နေတဲ့ ဒေါ်အမာက နေရာမှာတင် ဆုံးသွားတယ်။”ဟု ဒေသခံတစ်ဦးက ပြောသည်။
ထို့အပြင် ကျေးရွာရှိ နေအိမ်တစ်လုံးလည်း လက်နက်ကြီး ထိမှန်ပျက်စီးပြီး နွားတစ်ကောင်လည်း သေဆုံးသွားကြောင်း သိရသည်။
အလားတူ တချိန်တည်းမှာတင် ကိုရင့်ကျေးရွာကိုလည်း စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့၍ ကလေးနှစ်ဦးအပါအဝင် ပြည်သူ သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Info Committee Yesagyo၏ တာဝန်ရှိသူက ပြောသည်။
ထို့အပြင် သြဂုတ် ၂ရက်နှင့် ၃ရက်ကလည်း ရေစကြိုရေလယ်ကျွန်းနှင့် ရွှေကျောင်းကျေးရွာတဝိုက်ကို စစ်တပ်က လက်နက်ကြီးများအကြောင်းမဲ့ပစ်ခတ်တိုက်နေကြောင်း ဒေသခံများက ပြောသည်။
ရေစကြိုအခြေစိုက် (၂၅၆၊၂၅၇၊၂၅၈) တပ်ရင်းများသည် ပတ်ဝန်းကျင်ရွာများကို လက်နက်ကြီးများဖြင့် မကြာခဏပစ်ခတ်နေခြင်းကြောင့် ပြည်သူများ ထိခိုက်သေဆုံးမှုနှင့် နေအိမ်များ ပျက်စီးမှုများရှိနေပြီး ဇူလိုင် ၂၄ရက်ကလည်း မေမြို့ရွာတွင် လက်နက်ကြီး ကျရောက်ပေါက်ကွဲ၍ အသက် (၂၉) နှစ်အရွယ် မောင်စိုင်း (ခ) စိုင်းမြတ်သူ သေဆုံးခဲ့သေးသည်။
(ဇူလိုင်၂၄ ရက်က ရေစကြိုမြို့နယ်၊ မေမြို့ရွာတွင် လက်နက်ကြီး ကျရောက်ပေါက်ကွဲ၍ နေအိမ်တစ်လုံးပျက်စီးသွားစဥ်။ ဓာတ်ပုံ-Info Committee Yesagyo)


















































