ဟန်နွေ/People’s Spring
ကိုးကန့်တပ်မတော်(MNDAA)က လားရှိုးမြို့သိမ်းတိုက်ပွဲအတွင်း ဖမ်းမိထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအနက် စစ်သုံ့ပမ်း ၂၉၆ဦးကို ထပ်မံလွှတ်ပေးလိုက်ကြောင်း MNDAA က ယနေ့ သတင်းထုတ်ပြန်သည်။
လားရှိုးမြို့ အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို MNDAAက ဩဂုတ် ၃ရက်တွင် သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ထောင်ချီ လက်နက်ချ အညံ့ခံခဲ့သည့် အခြေအနေတွင် ဩဂုတ် ၆ရက်မှစ၍ စစ်သုံ့ပမ်းနှင့် ၎င်းတို့ မိသားစုဝင်များကို MNDAAက ပြန်လွှတ်ပေးနေခြင်းဖြစ်သည်။

Public Service Announcement
ဩဂုတ် ၁၃ရက်အထိ စစ်သုံ့ပမ်းနှင့် မိသားစုဝင် ၂,၀၀၀ကျော်ကို ခုနစ်သုတ်ခွဲ၍ ပြန်လွှတ်ပေးခဲ့ပြီး ဩဂုတ် ၁၄ရက်တွင် နောက်ထပ်စစ်သုံပမ်း ၂၉၆ဦး ထပ်မံလွှတ်ပေးခဲ့ခြင်းဖြစ်သည်။
လူသားချင်းစာနာထောက်ထားမှု စိတ်ဓာတ်ကို မြှင့်တင်ရန်အတွက် စစ်သုံ့ပန်းများအတွက် ဦးစားပေး ကောင်းမွန်စွာ ဆက်ဆံရေးမူဝါဒကို အကောင်အထည်ဖော်သည့် အနေဖြင့် စစ်သုံ့ပမ်းများ ထပ်မံလွှတ်ပေးနေခြင်းဖြစ်သည်ဟု MNDAAက ထုတ်ပြန်သည်။
စစ်ပွဲအတွင်း ဒဏ်ရာရရှိခဲ့သော မင်းအောင်လှိုင်၏ အာဏာသိမ်းတပ်မှ စစ်သုံ့ပန်းများအား လူသားချင်းစာနာမှုဆိုင်ရာ ကုသမှုများ ဆောင်ရွက်ပေးခဲ့ကြောင်း၊ ယခုတကြိမ် လွှတ်ပေးခဲ့သူ များတွင် ဒဏ်ရာရသူအချို့လည်းပါဝင်ကြောင်း ဖော်ပြသည်။
၎င်းတို့၏ ဒဏ်ရာများသည် အခြေခံအားဖြင့် မဟာမိတ်တပ်၏ ကုသမှုအောက်တွင် ပြန်လည်ကောင်းမွန်လာကာ ၎င်းတို့အားလုံးသည် ၎င်းတို့ကိုယ်ကို ပြုစုနိုင်သည့် အခြေအနေတွင် ရှိနေကြသည်ဟု ဖော်ပြသည်။ MNDAAက ထုတ်ပြန်သည့် ရုပ်သံမှတ်တမ်းတွင်လည်း ဒဏ်ရာရ စစ်သုံ့ပမ်းများကို တွေ့ရသည်။
စစ်သုံ့ပမ်းများကို ဘေးကင်းရာသို့ ပို့ဆောင်ပေးခဲ့ကြောင်း၊ ယင်းတို့နေအိမ်သို့ပြန်ရောက်ရှိချိန်တွင် ၎င်းတို့၏ မိသားစုများနှင့် ပြန်လည်ဆုံစည်းကာ လုပ်ငန်းများအမြန်ပြန်စနိုင်မည်ဟု မျှော်လင့်ကြောင်း၊ စစ်သုံ့ပမ်းများကလည်း မင်းအောင်လှိုင်၏စစ်ကောင်စီတပ်အပေါ် အလွန်စိတ်ပျက်ကြောင်း ထုတ်ဖော်ပြောဆိုကာ မိသားစုဘ၀ကို ကောင်းမွန်စွာ နေထိုင်လိုကြောင်း ပြောကြားခဲ့ကြောင်း MNDAAက ထုတ်ပြန်သည်။
MNDAAA တပ်မှူးက စစ်သုံ့ပမ်းများအား အမှာစကားပြောကြားရာတွင်လည်း မိသားစုနှင့်အတူ ပြန်လည်ပေါင်းစည်းရန် ကောင်းမွန်သည့် ဘ၀ ပြန်လည်နေထိုင်ရန် ပြောကြားခဲ့သည်။ ထို့ပြင် မင်းအောင်လှိုင်၏ အာဏာသိမ်းအဖွဲ့တွင် တာဝန်ထမ်းဆောင်မှုကို ရပ်ပြီး ပြည်သူတို့၏ ရင်ခွင် ပြန်လည်ဝင်ရောက်ရန် MNDAAက တောင်းဆိုကြောင်းလည်း တပ်မှူး၏ ပြောကြားချက်ကို ဖော်ပြခဲ့သည်။
“ကျနော်တို့ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးရအောင် ကျနော်တို့ ဆုတောင်းပါတယ်”ဟု MNDAA တပ်မှူးက ပြောကြားခဲ့ရာ စစ်သုံ့ပမ်းအချို့ကလည်း ကျနော်တို့လည်း အေးအေးချမ်းချမ်းပြန်ချင်ပါတယ်ဟု ဖြေကြားသည်။
နောက်ထပ် MNDAA တပ်မှူးတစ်ဦးကလည်း ” ခင်ဗျားတို့ကို ပြန်လွှတ်ပေးမယ်။ ပြန်လွှတ်တဲ့အချိန်မှာ မင်းအောင်လှိုင်ဦးဆောင်တဲ့ တပ်ဖွဲ့ကို ပြန်ပြီးတော့ အပေါင်းအသင်း မပြုဖို့ဘူးနော်” ဟု ပြောကြားရာ စစ်သုံ့ပန်းများက “မပြုဘူး စိတ်ကုန်သွားပြီ”ဟု ဖြေကြားခဲ့သည်။
ကျန်နေသည့် စစ်သုံ့ပမ်းများကိုလည်း တဖြည်းဖြည်း အိမ်ပြန်လွှတ်ပေးမည်ဟု MNDAA တပ်မှူးက ပြောကြားပြီး အားလုံး လုံခြုံစွာသွားလာနိုင်ရန် အားလုံးစီစဉ်ထားပြီးဖြစ်ကြောင်း ပြောကာ ကားပေါ် တက်ရန် ပြောဆိုခဲ့သည်။


















































