ရခိုင်ပြည်နယ် မြောက်ပိုင်း ပေါက်တောမြို့ဆီ စစ်ကောင်စီရဲ့ရေတပ်သင်္ဘောအုပ်စုကြီး ချဉ်းကပ်လာသယောင် ရုပ်သံဖိုင်တစ်ခု ဖေ့ဘွတ်ခ်လူမှုကွန်ရက်မှာ ဒီရက်ပိုင်းထွက်ပေါ်လာပါတယ်။
ပေါက်တောမြို့ ရဲစခန်းကို ရက္ခိုင့်တပ်တော် (AA) က နိုဝင်ဘာ ၁၆ ရက်မှာ သိမ်းယူပြီးနောက် စစ်ကောင်စီဘက်က လေတပ်နဲ့ရေတပ် ပူးပေါင်းတိုက်ခိုက်မှုတွေရှိနေချိန် မှာပဲ အဲဒီရုပ်သံဖိုင်အချိန်ကိုက် ထွက်လာတာပါ။
ရုပ်သံဖိုင်ထဲမှာ စစ်သင်္ဘော သုံးစီးထက်မနည်းတွေ့ရပါတယ်။ ရဟတ်ယာဉ်တွေ ၊ လေယာဉ်တွေ ဖြတ်ပျံတာကိုလည်းတွေ့ရပါတယ်။
” # ပေါက်တောမြို့ ပြင်ထန်နေ/ ရခိုင်သူ ရခိုင်သားအပေါင်း #စစ်ဘေးမှကင်းဝဲနိုင်ပါစေ![]()
![]()
#16/11/2023″ ဆိုတဲ့စာသားနဲ့တင်ထားတဲ့ အဲဒီရုပ်သံဖိုင်ကြောင့် လူအများစိတ်ပူပန်သောကရောက်ကြရတာကို ရုပ်သံဖိုင်အောက် မှတ်ချက်တွေမှာတွေ့မြင်နိုင်ပါတယ်။

Public Service Announcement
နိုဝင်ဘာလ ၁၈ ရက်အထိ အဲဒီရုပ်သံဖိုင်ကို ဖေ့ဘွတ်ခ်သုံးစွဲသူ ၅,၉၀၀ ကြည့်ရှုထားပြီး ပြန်လည်မျှဝေသူ ၂,၇၀၀ ရှိနေတာတွေ့ရပါတယ်။
ရုပ်သံဖိုင်ကို ကြည့်ရှုရန် ဖေ့ဘွတ်ခ်လင့်ခ်
https://www.facebook.com/100090689803562/videos/699431768792718
People’s Spring သတင်းဌာနအနေနဲ့ ရုပ်သံဖိုင်ကို စစ်ဆေးကြည့်ရာမှာ ရခိုင်ဒေသမှ ရုပ်သံဖိုင်မဟုတ်ဘဲ ၂၀၁၉ ခုနှစ် အတွင်း ရန်ကုန် မှာ ကျင်းပခဲ့တဲ့ စစ်ကောင်စီရေတပ် (၇၂) နှစ်ပြည့် အခမ်းအနားနေ့ က ရုပ်သံဖိုင်အဟောင်းဖြစ်တာကို သိရှိပါတယ်။
ရုပ်သံဖိုင်ထဲမှာ ရန်ကုန်မြစ်တွင်းက ကုန်တင်ဆိပ်ကမ်းတွေမှာ တပ်ဆင်ထားတဲ့ ဝန်ချီ ကရိန်းတွေကို တွေ့မြင်နိုင်ပါတယ်။
ဒါအပြင် (၇၂) နှစ်မြောက် ရေတပ် နှစ်ပတ်လည်နေ့ဟာ မြန်မာရေတပ်အတွက် အကြီးဆုံး စစ်သင်္ဘောဖြစ်လာမယ့် ကိုရီယားထုတ် မုတ္တမ စစ်သင်္ဘောကို တပ်တော်ဝင်တာဖြစ်လို့ ရုပ်သံဖိုင်ထဲမှာ အဲဒီ သင်္ဘောဆိပ်ကမ်းမှာကပ်ထားတာကိုလည်းတွေ့ရပါတယ်။
၂၀၁၉ ခုနှစ် ရေတပ် နှစ်ပတ်လည်နေ့ ကျင်းပစဉ်က ရေတပ်သင်္ဘောတွေကို ဘီဘီစီမြန်မာပိုင်းက သတင်းဖော်ပြခဲ့ပါတယ်။
ဘီဘီစီမြန်မာပိုင်းရဲ့သတင်းကိုကြည့်ရှုဖို့ ယူကျုလင့်ခ်
အထက်ပါ တိုက်ဆိုင်စစ်ဆေးချက်တွေအရ ပေါက်တောမြို့ဆီ စစ်ကောင်စီရေတပ်ရေယာဉ်အုပ်ကြီး ချဉ်းကပ်လာသယောင်ဖြန့်ဝေနေတဲ့ ရုပ်သံဖိုင်ဟာ အဟောင်းဖြစ်နေပြီး သတင်းမှားသာဖြစ်ပါတယ်။


















































