Connect with us

Hi, what are you looking for?

LuduNwayOo

ဆောင်းပါး

“ကိုဗစ်တိုက်ပွဲမှာ ​လိုအပ်​နေသူ​တွေကို ကူညီ​နေတဲ့ မသန်​ပေမယ့်စွမ်းသူတစ်ဦး”

သီဟဟာ မသန်စွမ်းတစ်ယောက်ဖြစ်ပေမယ့် ဖခင်ကြီးအတွက် အောက်ဆီဂျင်အိုးရဖို့ နေ့စဥ်မြို့ထဲလာခဲ့တယ်။ တံတားဦးက အနှိုင်းမဲ့ပါရမီအသင်းကလည်း သူ့ကိုအောက်ဆီဂျင်ကူညီခဲ့တယ်။ အောက်ဆီဂျင်အိုးသွားယူရင်း လမ်းမှာဆိုင်ကယ်လည်း လဲဖူးသေးတယ်။ သူမရရအောင်ထပြီး အောက်ဆီဂျင်အိုးကိုဆိုင်ကယ်ပေါ်ပြန်တင်နိုင်ခဲ့တယ်။

ကြမ်းတမ်းတဲ့ ကိုဗစ်ရဲ့တတိယလှိုင်းဒဏ်ကို မြန်မာပြည်သူပြည်သားများ အလူးအလဲခံနေရတဲ့အထဲမှာ မသန်စွမ်းတစ်ယောက်ဖြစ်တဲ့ အသက် ၃၇ နှစ်အရွယ် ကိုသီဟတစ်ယောက်လည်း ပါဝင်ပါတယ်။ မန္တလေးတိုင်း တံတားဦးမြို့နယ်မှာနေတဲ့ ကိုသီဟဟာ တစ်နှစ်သားအရွယ်က ဆေးထိုးမှားခဲ့လို့ ခြေထောက်နှစ်ဖက်လုံး မသန်စွမ်းခဲ့ရသူပါ။ သူကိုယ်တိုင် ကိုဗစ်ဖြစ်တာမဟုတ်ပေမယ့် မိသားစုဝင်တွေဟာ ဖျားနာနေမကောင်းဖြစ်ရာကနေ ကိုဗစ်သံသယ ဖြစ်ခဲ့တာပါ။

ကိုဗစ်တတိယလှိုင်းကာလဖြစ်တဲ့ ဇူလိုင်လလယ်ထဲမှာ ကိုသီဟရဲ့အသက် ၆၇ နှစ်အရွယ် ဖခင်ကြီးဟာ နေမကောင်းထိုင်မသာဖြစ်ခဲ့ပါတယ်။ ဆေးရုံကိုသွားရောက်စစ်ဆေးတဲ့အခါ နှစ်ကြိမ်တိုင် စစ်ဆေးခဲ့ပြီး ကိုဗစ်ရောဂါပိုးမရှိကြောင်း နက်ဂတစ်သာပြခဲ့ပါတယ်။ သို့ပေမယ့် ကိုသီဟဖခင်ကြီးဟာ ဖျားမြဲဖျားဆဲဖြစ်တာကြောင့် တံတားဦးဆေးရုံကို တင်လိုက်ရပါတယ်။

တံတားဦးဆေးရုံတင်ပြီး ဖခင်ကြီးဟာ အောက်ဆီဂျင်ပေးဖို့လိုအပ်လာတာကြောင့် အောက်ဆီဂျင်ရအောင်ရှာဖို့ ကိုသီဟတို့မိသားစု စီစဥ်ရပါတော့တယ်။ မိသားစုဝင်တွေလည်း ဖျားနာကြတာမို့ မဖျားတာ ကိုသီဟတစ်ယောက်ပဲ ရှိပါတယ်။ မသန်စွမ်းတစ်ယောက် ဖြစ်ပေမယ့် ဖခင်ကြီးအတွက် ကိုသီဟ အောက်ဆီဂျင်အရှာ ထွက်ရပါတော့တယ်။

တံတားဦးမြို့က မင်းကျောင်းဆရာတော်ကနေ သူ့ကို တစ်ဆယ်လီတာ အောက်ဆီဂျင်အိုး ငှားပေးလိုက်ပါတယ်။ အိုးရတော့ မန္တလေးမြို့ကိုသွားပြီး အောက်ဆီဂျင်သွားရှာရပါတယ်။ ကိုသီဟဟာ ချိုင်းထောက်အသုံးပြုနေရသူဖြစ်ပေမယ့် ဆိုင်ကယ်ကိုရအောင်စီးပြီး တံတားဦးနဲ့ ဆယ့်ငါးမိုင်ကျော်ဝေးတဲ့ မန္တလေးကိုသွားပြီး အောက်ဆီဂျင်သွားရှာပါတယ်။

Public Service Announcement

Public Service Announcement

မန္တလေးမှာလည်း အောက်ဆီဂျင်လိုအပ်နေသူတွေက များတာကြောင့် နေရာတော်တော်များများမှာ အောက်ဆီဂျင်တန်းတဲ့သူတွေနဲ့ ပြည့်နေပါတယ်။ မေးလိုက်တိုင်း မရတော့ဘူးချည့်ဖြစ်နေတယ်။ ကိုသီဟလည်း ချိုင်းထောက်လေးတစ်ဖက်နဲ့ အောက်ဆီဂျင်အိုးတင်ပြီး မြို့အနှံ့ လိုက်ရှာပါတယ်။ နေရာတစ်ခုရောက်တော့ အတန်းကြီးတန်းလိုက်ရပြီး နာရီအတော်ကြာမှ သိလိုက်ရတာ အောက်ဆီဂျင်ကုန်ပြီတဲ့။

သူ့ဘေးနားမှာတန်းနေတဲ့ ညီအစ်ကိုနှစ်ယောက်ဆို ငိုကြရော။ အသင်းတာဝန်ရှိတဲ့သူတွေဆီသွားပြီး “အစ်ကိုတို့ရယ်။ အောက်ဆီဂျင်တကယ်ရနိုင်ဦးမယ့်နေရာလေးရှိရင် ညီလေးတို့ကို ညွှန်ပေးပါလားဗျာ။ အိမ်မှာအမေက အောက်ဆီဂျင်မရရင် ဆုံးတော့မှာမို့လို့ပါ။”ဆိုပြီး ညီအစ်ကိုနှစ်ယောက် ငိုလိုက်ကြတာ။ ကိုသီဟလည်း အဲဒီမြင်ကွင်းမြင်ပြီး လိုက်ငိုမိခဲ့တယ်။ ငိုနေလို့လည်းမထူးဘူးဆိုပြီး အောက်ဆီဂျက်ပတ်ရှာတာ နေရာ ၁၄ နေရာသာရောက်ခဲ့တယ်။ အောက်ဆီဂျင်က မရခဲ့ပါဘူး။

Public Service Announcement

ဒါနဲ့ ရနိုင်တဲ့နေရာတွေရှာရင်း သူငယ်ချင်း လူရွှင်တော် ကိုပေါက်စီအကူအညီနဲ့
အမရပူရ သီရိဆင်ကာလူမှုကူညီရေးအသင်းကနေ သူလိုချင်တဲ့အောက်ဆီဂျင်ကို ကူညီပေးလိုက်ကြတယ်။ အင်တာနက်လူမူကွန်ရက်ပေါ်လည်း တင်ပေးလိုက်တော့ ကူညီချင်တဲ့သူတွေက ဆက်သွယ်လာကြတယ်။ နောက်အိုးပိုတစ်လုံးပါ ကူညီပေးကြတယ်။ ဒါနဲ့ပဲ အောက်ဆီဂျင်ကိစ္စ အဆင်ပြေသွားတယ်။

ကိုသီဟဟာ မသန်စွမ်းတစ်ယောက်ဖြစ်ပေမယ့် ဖခင်ကြီးအတွက် အောက်ဆီဂျင်အိုးရဖို့ နေ့စဥ်မြို့ထဲလာခဲ့တယ်။ တံတားဦးက အနှိုင်းမဲ့ပါရမီအသင်းကလည်း သူ့ကိုအောက်ဆီဂျင်ကူညီခဲ့တယ်။ အောက်ဆီဂျင်အိုးသွားယူရင်း လမ်းမှာဆိုင်ကယ်လည်း လဲဖူးသေးတယ်။ သူမရရအောင်ထပြီး အောက်ဆီဂျင်အိုးကိုဆိုင်ကယ်ပေါ်ပြန်တင်နိုင်ခဲ့တယ်။

ဖြစ်ပြီးတစ်ပတ်လောက်အကြာ ဇူလိုင်လ ၃၀ ရက်နေ့မှာ အသင်းအဖွဲ့တစ်ခုကနေ သူ့ဒုက္ခကိုကူညီပေးဖို့ဖြစ်လာတယ်။ သူ့အဖေအတွက် အောက်ဆီဂျင်စက် တပ်ပေးမယ်တဲ့။ ကိုသီဟ ဝမ်းသာသွားခဲ့တယ်။ သို့ပေသိ ကိုသီဟအဖေ ကံဆိုးခဲ့တယ်။ အောက်ဆီဂျင်စက်လာတပ်ပေးတဲ့အဖွဲ့ အိမ်အပေါက် အရောက်မှာပဲ ဖခင်ကြီးဟာ အသက်ဆုံးပါးသွားခဲ့ပါတယ်။

ဖခင်ကြီးဆုံးပါးသွားပြီးနောက်ပိုင်း ကိုသီဟ စိတ်ထိခိုက်ခဲ့တယ်။ နောက်တော့ စိတ်ညစ်နေလို့မရဘဲ သူတက်နိုင်တာ ကူညီဖို့ဆုံးဖြတ်ခဲ့တယ်။ အရင်ကလည်း မသန်စွမ်းသူအချင်းချင်းကူညီနေကျမို့ ဒီကာလမှာလည်း ပရဟိတလုပ်ဖို့ သူဆုံးဖြတ်ခဲ့တယ်။

စားဝတ်နေရေးအဆင်မပြေတဲ့သူတွေဆီကို လှူချင်သူတွေနဲ့ ချိတ်ဆက်ပေးတယ်။ အောက်ဆီဂျင်လိုအပ်နေသူတွေကို ချိတ်ဆက်ပေးတယ်။ သူဝယ်ထားတဲ့ အောက်ဆီမီတာလေးကိုလည်း လိုအပ်သူတွေကို ငှားပေးတယ်။ ရပ်ရွာထဲ ကွာရင်တင်းဝင်နေတဲ့သူတွေကိုလည်း လှူပေးတာတွေ လုပ်တယ်။

“ကျွန်တော်တော်တော် ကိုယ်ချင်းစာတတ်သွားတယ်။ ဒါကြောင့် ကျွန်တော် တက်နိုင်တာမှန်သမျှ ကူညီသွားမယ်။” လို့ ကိုသီဟ ကပြောပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

လုံခြုံရေးအခြေနေအရ တစ်မြို့ကနေအခြားတစ်မြို့ဆီ ပြောင်းရွှေ့ဖူးတာတော့ ရှိတယ်။ ဒါပေမဲ့ ခရီးသွားသက်သက် အနေနဲ့ ဘယ်မှ မထွက်ဖြစ်ခဲ့ဘူး။ ခုမှ မိသားစုကိစ္စနဲ့ ခရီးတစ်ခုသွားဖို့ ကြုံလာတာ။ မြို့တော်ရန်ကုန်ကနေတွက်ရင် မိုင် ၂၅၀ လောက်ဝေးတဲ့ ခရီးဆိုပါတော့။

နိုင်ငံတကာ

၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလတုန်းက ကပ်ရောဂါကြောင့် သေဆုံးသူ အရေအတွက်ဟာ အပတ်စဉ် ၁ သိန်းကျော်ထိ ရှိခဲ့ပြီး အမြင့်ဆုံး အဆင့်ကို ရောက်ခဲ့ပါတယ်။ ဒါပေမဲ့ အခုနှစ် ဧပြီလ ၂၄ ရက်ထိ အခြေအနေအရ အပတ်စဉ် သေဆုံးသူ ဦးရေဟာ ၃၅၀၀ အောက်ထိ...

နိုင်ငံတကာ

ကိုဗစ်ရောဂါ ဖြစ်ပွားခဲ့ကြောင်း အထောက်အထား တွေ့ရှိခဲ့တဲ့ အာခေါင်တို့ဖတ် နမူနာကို ဟွာနန်း ပင်လယ်စာ စျေးထဲက တွန်းလှည်းတစ်ခုနဲ့ ရက်ကွန်းဝံ တစ်ကောင်စီကနေ စုဆောင်း ရရှိခဲ့တာလို့လည်း သိရပါတယ်။

နိုင်ငံတကာ

PSCက တရုတ်ဟာ ကပ်ရောဂါအပေါ် အောင်ပွဲရယူ ကျော်လွှားနိုင်ခဲ့ပြီလို့ ပြောပေမယ့် ကပ်ရောဂါဆိုး ဖြစ်ပွားစေတဲ့ ကိုရိုနာဗိုင်းရပ်စ်ရဲ့ တကျော့ပြန် ခေါင်းထောင်လာနိုင်ခြေတွေအပေါ် လျှော့မတွက်ဖို့တော့ ပြည်သူတွေကို အလေးအနက် သတိပေးထားပါတယ်။