ဖခင်ဖြစ်သူအတွက် အောက်စီဂျင်အရည်ကို အရင်လိုလူမှုကူညီရေးအသင်းတွေဆီက အကူအညီတောင်းလို့မရ ၊ကိုယ်တိုင်သွားဝယ်ရင်လည်း ဝယ်ချင်သလောက်မရတဲ့အခြေအနေမှာ စစ်ကောင်စီခန့် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး နဲ့ ရဲတို့က မှောင်ခိုရောင်းတဲ့ ၄၀ လီတာအိုးတစ်အိုးကို ကျပ် တစ်သိန်းခွဲခန့်နဲ့ဝယ်ဖို့ ကိုအောင်ကျော် ( အမည်လွှဲ)ဆုံးဖြတ်လိုက်ရပါတယ်။

ကိုဗစ်ရောဂါခံစားနေရတဲ့ဖခင်က တစ်ရက်၊တစ်ရက် အောက်စီဂျင်ကိုအချိန်အများစုပေးနေရပြီး အောက်စီဂျင် အရည် အိုးသေး ၊အိုးကြီး ၃ ၊ ၄ လုံးလိုအပ်ပါတယ်။ အရင်ကတော့ လိုအပ်တဲ့အောက်စီဂျင်ကို မိတ်ဆွေတွေကကူညီဖြည့်ပေးတာ ၊လူမှုကူညီရေးအသင်းတွေက ကူညီဖြည့်ပေးတာ၊တစ်ခါတစ်ရံဝယ်တဲ့နည်းလမ်းနဲ့အဆင်ပြေပါတယ်။ ဒါပေမယ့် အခုနောက်ပိုင်းမှာ အောက်စီဂျင်အရည်ကို ကိုယ်တိုင်သွားဝယ်ဖို့ ၊လူမှုကူညီရေးအသင်းတွေကို အကူအညီတောင်ဖို့ ခက်ခဲသွားပါတယ်။ စစ်ကောင်စီခန့်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးထောက်ခံစာနဲ့ သွားဝယ်ရင်လည်း အိုးသေးတစ်အိုး(၁၀ လီတာ ဒါမှမဟုတ် ၁၅ လီတာ) ပဲ ရပါတယ်။ ဒါကြောင့်ရန်ကုန်မြို့ ၊ မြောက်ဥက္ကလာပမြို့နယ်မှာနေတဲ့ ၊ ကိုအောင်ကျော်တစ်ယောက် ဖခင်အတွက်လိုနေတဲ့ အောက်စီဂျင်ဝယ်ဖို့ ဘယ်လိုလုပ်ရမှန်းမသိ့ဘဲ စိတ်ညစ်နေတဲ့အချိန်မှာ စစ်ကောင်စီခန့်ရပ်ကွက်ရုံးကလူတစ်ဦးက မှောင်ခိုဝယ်မလားလို့ လာဆက်သွယ်မေးတာကြောင့် တခြားရွေးစရာနည်းလမ်းမရှိလို့ ဝယ်လိုက်ရတာပါလို့ဆိုတယ်။ ပြည်သူတွေ ရဲ့ကိုတာဝယ် ရဖို့ခက်ခဲပေမယ့် မှောင်ခိုဝယ်တာကတော့ ငွေပေးတာနဲ့ ဘယ်မှာမှ ဖြည့်လို့မရတဲ့ ၄၀ လီတာ အိုးကြီးကို ချက်ချင်းရတယ်လို့သူကဆိုပါတယ်။
မြန်မာနိုင်ငံမှာ ကိုဗစ်တတိယလှိုင်းဖြစ်ပွားပြီး ကူးစက် မှုအမြင့်ဆုံးရောက်ချိန် အာဏာသိမ်းစစ်ကောင်စီဟာ လူနာတွေလိုအပ်တဲ့ အောက်ဆီဂျင်ကို လွတ်လပ်စွာ ဝယ်ယူ ဖြန့်ဖြူးခွင့်မရအောင် ထိန်းချုပ်ခဲ့ပါတယ်။ စစ်ကောင်စီဟာ အောက်ဆီဂျင်ထုတ်လုပ်တဲ့စက်ရုံအများစုကို ဝင်ရောက်စီးနင်းပြီး သူတို့စိတ်ကြိုက် ခြယ်လှယ်နေခဲ့တာ ဇူလိုင်နောက်ဆုံးပတ်ကစပြီး ခုဆို ရက် သတ္တနှစ်ပတ်ခန့်ရှိပါပြီ။ စစ်ကောင်စီက အောက်စီဂျင် စက်ရုံတွေ ကိုထိန်းချုပ်ပြီးတဲ့နောက်မှာ မှောင်ခိုရောင်း၊ဝယ်မှု ဈေးကွက်က ပိုကြီးလာပါတော့တယ်။

ပြည်သူတွေဟာ ဇူလိုင်လလယ်လောက်အထိ အောက်ဆီဂျင်ရဖို့ စက်ရုံတွေရှေ့ တန်းစီစောင့်ဆိုင်းဝယ်ယူခွင့်ရခဲ့ပေမဲ့ ဒီကနေ့မှာတော့ အဲဒီအခြေအနေအားလုံးကို စစ်ကောင်စီက ထိန်းချုပ်ထားပါတယ်။

Public Service Announcement
အထူးသဖြင့် လူနေသိပ်သည်းပြီး အောက်ဆီဂျင်လိုအပ်ချက်မြင့်မားတဲ့ ရန်ကုန်တိုင်းက စက်ရုံတိုင်းလိုလိုမှာ စစ်ကောင်စီရဲ့လက်နက်ကိုင်တပ်တွေ ရှိနေပါတယ်။ ဒါ့အပြင် စက်ရုံကထွက်သမျှ အောက်ဆီဂျင်အိုးတွေကိုလည်း စစ်ကောင်စီရဲ့လက်ကိုင်တုတ်တွေကပဲ လိုသလို စီမံခန့်ခွဲနေကြတာပါ။ တတိယလှိုင်းမှာ လူဦးရေအများဆုံးမြို့ဖြစ်တဲ့ရန်ကုန်မြို့ဟာ ကိုဗစ်ကူးစက်မှုအများဆုံးမြို့ဖြစ်နေသလို ကိုဗစ်ကြောင့် ဇူလိုင်လမှာ တစ်ရက် လူ၁၀၀၀ ကျော်သေဆုံးခဲ့ပါတယ်။ ဒီအရေအတွက်ဟာ ပထမလှိုင်း ၊ဒုတိယလှိုင်းနဲ့ယှဥ်ရင် အဆပေါင်းမြောက်များစွာများနေတာဖြစ်ပါတယ်။
“ကျွန်တော်တို့က စက်ပဲမောင်းပေးရတာ။ (အောက် ဆီဂျင်)ခွဲတန်းတွေဘာတွေက သူတို့(စစ်ကောင်စီ)ပဲ လုပ်ခွင့်ရှိတာ”လို့ ရန်ကုန်မြို့ စက်မှုဇုံတစ်ခုမှာရှိတဲ့ စက်ရုံတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
ဒါ့အပြင် အောက်ဆီဂျင်အိုးဖြည့်ခတွေကိုလည်း ထပ် တိုးကောက်ယူလိုက်ပါတယ်။ အရင်က အိုးသေး(၁၅ နဲ့ ၂၀ လီတာ) အတွက် ဖြည့်ခ ကျပ် ၃၀၀၀ ကို အခု ကျပ် ၅၀၀၀၊ အိုးကြီး(၄၀ လီတာ)ကျပ် ၅၀၀၀ ကို အ ခု ကျပ် ၁၀၀၀၀ အသီးသီးသတ်မှတ်လိုက်တယ်လို့ စုံစမ်းသိရပါတယ်။
အခုလို အောက်ဆီဂျင်ဖြည့်ခတွေ ထပ်တိုးပေးနေရလို့ လိုသလိုအဆင်ပြေပြေရကြတာတော့ မဟုတ်ပါဘူး။ လိုအပ်တဲ့လူနာရဲ့ အမည်၊ အသက်၊ နေရပ်လိပ်စာအပြည့်အစုံကို ရပ်ကျေးအုပ်ချုပ်ရေးမှူးဆီပေးပြီး ထောက်ခံစာလုပ်ရပါတယ်။
ရလာတဲ့ ထောက်ခံစာကို ကိုယ့်လမ်း ဒါမှမဟုတ် ကိုယ့်ရပ်ကွက် အုပ်ချုပ်ရေးကောင်စီဝင်တစ်ဦးဦးထံဖြစ်စေ လူမှုကူညီရေးအသင်းတာဝန်ရှိသူတွေထံဖြစ်စေ ပေးပို့ရတယ်လို့ မြောက်ဥက္ကလာပမြို့နယ် ရပ်ကွက်တစ်ခုက လမ်းလူကြီးတစ်ဦးက ရှင်းပြပါတယ်။
“ကျွန်မတို့လမ်းထဲမှာဆိုရင် လေးယောက်ရှိတယ်။ သူတို့အတွက် အောက်ဆီဂျင်ရဖို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးဆီမှာ ထောက်ခံစာ အရင်သွားယူရတယ်။ အဲဒီထောက်ခံစာပါမှ အောက်ဆီဂျင်ထုတ်ပေးတယ်”လို့ သူ က ပြောပါတယ်။
ရန်ကုန်တိုင်းစစ်ကောင်စီရဲ့ အစီအမံအရ ပြည်သူတွေလိုအပ်တဲ့အောက်ဆီဂျင်ကို မြို့နယ်ကောင်စီထံ စာရင်းပေးရပြီး မြို့နယ်ကတဆင့် ပြန်ဖြန့်တဲ့စနစ်ကို ကျင့်သုံးလာနေတာပါ။ ဒီလုပ်ရပ်ဟာ အောက်ခြေအထိ အုပ်ချုပ်ရေးအာဏာ မသက်ရောက်သေးတာကို အသက် သွင်းဖို့ စစ်ကောင်စီက နိုင်ငံရေးအမြတ်ထုတ်နေတာလို့ ထောက်ပြကြပါတယ်။
အောက်ဆီဂျင်ရဖို့ စာရင်းပေးထားသူတွေကိုတော့ မြို့နယ်မီးသတ်ဌာနကတဆင့် ပြန်ဖြန့်ပေးတယ်လို့ စစ်ကောင်စီရဲ့ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့မှာပါဝင်သူတချို့က ဆိုပါတယ်။ မြို့နယ်ကို စာရင်းပေးပြီး အိုးတန်းစီထားသူတွေဟာ အောက်ဆီဂျင်ရဖို့ ၅ ရက် ၆ ရက်လောက်အချိန်ပေးကြရတယ်လို့ အဲဒီအုပ်ချုပ်ရေးအဖွဲ့ဝင်တွေက ပြောပါတယ်။
စစ်ကောင်စီအသက်သွင်းထားတဲ့ လက်ရှိယန္တရားအရ မြို့နယ် ဒါမှမဟုတ် လူမှုကူညီရေးအသင်းတစ်ခုခုဆီ ချိတ်ဆက်မထားရင် အောက်ဆီဂျင်ရဖို့ မလွယ်ကူတဲ့အခြေအနေ ဖြစ်လာပါတယ်။ ဘာကြောင့်ဆိုတော့ စစ်ကောင်စီရဲ့လက်ကိုင်တုတ် အဖွဲ့အစည်းတွေ လူမှုကူညီရေးအသင်းတွေမဟုတ်ရင် စက်ရုံတွေက အောက် ဆီဂျင်ဖြည့် မပေးတော့ပါဘူး။
“ပုဂ္ဂလိကတွေကို (အောက်ဆီဂျင်)မပေးတော့ဘူး။ ပ ရဟိတအသင်းတွေဘာတွေဆိုရင်တော့ သူတို့ကို ခွဲတန်းနဲ့ ပေးတယ်”လို့ အောက်ဆီဂျင်ထုတ်စက်ရုံတစ် ရဲ့ တာဝန်ရှိသူက ပြောပါတယ်။
ပရဟိတ လူမှုကူညီရေးအသင်းတွေအတွက် ခွဲတန်းချတဲ့အခါမှာလည်း သတ်မှတ်ခရိုင်နဲ့ မြို့နယ်အလိုက် သာပေးခွင့်ရှိတယ်လို့ အဲဒီတာဝန်ရှိသူက ရှင်းပြပါတယ်။ သူတာဝန်ယူထားတဲ့စက်ရုံဆိုရင် မြို့နယ် ၆ မြို့နယ်ပဲ ထုတ်ပေးဖို့ စီကောင်စီက သတ်မှတ်ပေးထားတာပါ။
သူတို့သတ်မှတ်ချက်အတိုင်း အောက်ဆီဂျင်အိုး ခွဲတန်းထုတ်ယူတဲ့အခါမှာတော့ အိုးတွေမှာ နံပါတ်ကပ်ခဆိုပြီး အနည်းဆုံးကျပ် ၁၀၀၀ တောင်းပါတယ်။ အဲဒီကျပ် ၁၀၀၀ ဟာ အိုးတစ်အိုးစာအတွက်သာဖြစ်ပြီး အိုးအရေအတွက်ပေါ်မူတည်ပြီး သဒ္ဒါကြေးဆိုကာ ထပ်စောင်းထည့်ဝင်ရတာလည်းရှိတယ်လို့ ရန်ကုန်မြို့က လူမှုကူညီရေးအသင်းတချို့က ပြောပါတယ်။

“စတေကာကြေးဆိုပြီး သဒ္ဒါကြေးသဘောမျိုးပေးရတယ်။ တစ်အိုးကို တစ်ထောင်နှစ်ထောင်ပေါ့။ စတေကာဆိုတာက လာသမျှအိုးတွေကို သူတို့က နံပါတ်တပ်ပေးထားတာပေါ့”လို့ လူမှုကူညီရေးအသင်းတစ်ခုရဲ့ တာဝန်ရှိသူက ပြောပါတယ်။
စစ်တပ်က အောက်စီဂျင်စက်ရုံတွေကိုထိန်းချုပ်ပြီးတဲ့နောက်မှာ လူမှုကူညီရေးအသင်းတွေအနေနဲ့ အောက်စီဂျင်ဝယ်ဖို့အရမ်းခက်သွားတဲ့အတွက် ကိုဗစ်လူနာတွေကို အောက်စီဂျင်တန်းစီပေးပြီးကူညီဖြည့်ပေးတာကို ရပ်နားလိုက်ပြီလို့ ပရဟိတလုပ်ကိုင်ပေးနေတဲ့ လူငယ်အချိူ့ကပြောပါတယ် ။ ပြည်သူတစ်ဦးချင်အနေနဲ့လည်း ဝယ်ဖို့ ခက်ခဲသွားပြီး အရေးတကြီးဝယ်ချင်တယ်ဆိုရင်တော့ အာဏာသိမ်းစစ်ကောင်စီအရာရှိတွေကိုအကူအညီတောင်းမှ ၊သးတို့လက်မှတ်ပါရင်တော့ ဝယ်ရလွယ်တယ်လို့ ထိုလူငယ်တွေက ပြောပါတယ် ။
လူနာရဲ့အခြေအနေပေါ်မူတည်ပြီး အရေးကြီးရင်ကြီးသလို အောက်ဆီဂျင်အမြန်ဖြည့်ချင်တယ်ဆိုရင်တော့ မှောင်ခိုဈေးတစ်အိုးကို ကျပ် ၅၀၀၀၀ နဲ့အထက် ဈေးပေါက်တယ်လို့ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်က ပရဟိ တအသင်းတစ်ခုမှာလုပ်ကိုင်နေသူတစ်ဦးက ပြောပါတယ်။
သူဆိုရင် အလှူငွေလက်ခံရရှိတာရယ် လူနာတွေအတွက်အမှန်တစ်ကယ်လိုအပ်တာကြောင့် မှောင်ခိုးဈေးနဲ့ လေးငါးကြိမ်ထက်မနည်း ဝယ်ဖြည့်ဖူးတယ်လို့ ရှင်းပြပါတယ်။
“လက်ရှိအနေအထားက မှောင်ခိုလမ်းကြောင်းတောင် နည်းနည်းကြပ်လာတယ်။ ဈေးက တချို့နေရာတွေမှာ ခြောက်သောင်း တချို့နေရာ တစ်သိန်းလောက်ပေါက်တယ်”လို့ သူ့အတွေ့အကြုံကို ပြောပါတယ်။

ပြောမယ်ဆိုရင် ပြည်သူတွေဟာ အောက်ဆီဂျင်အမှန်တစ်ကယ်လိုအပ်ကြောင်း ရပ်ကျေးအုပ်ချုပ်ရေးမှူးထောက်ခံချက်ယူချိန်ကတည်းက ငွေလမ်းခင်းကြရတာပါ။ ထောက်ခံစာအတွက် ကျပ် ၅၀၀ ပေးရတဲ့ရပ်ကွက်ရှိသလို ကျပ် ၁၀၀၀ ပေးရတဲ့နေရာတွေလည်းရှိနေတယ်လို့ ကိုယ်တွေ့ကြုံရသူတွေက ဆိုကြပါတယ်။
စစ်ကောင်စီခန့် အုပ်ကြီး (အုပ်ချုပ်ရေးမှူး)ကိုအသိ့အမှတ်မပြုသလို အဆက်အဆံလည်းမလုပ်ချင်ပေမယ့် ကိုအောင်ကျော်တစ်ယောက် ဖခင် အောက်စီဂျင်လိုနေသေးတညကြောင့် တစ်ရက်တစ်အိုးခွဲတမ်းနဲ့ဝယ်ရဖို့ အုပ်ချုပ်ရေးမှူးရုံးကိုမျက်နှာအောက်ကျို့သွားနေရပါတယ် ။ ခွဲတမ်း ၁ အိုးရဖို့နာရီနဲ့ချီပြီးစောင့်ရသလို
အခမဲ့ရတာတော့မဟုတ်ပါဘူး ။ ၁၀ လီတာအိုးတစ်အိုးဝယ်ရဖို့ ရပ်ကွက်ထောက်ခံစာအတွက် ၁၀၀၀ ကျပ် ၊ အောက်စီဂျင်အရည်ဖိုး ၅၀၀၀ ကျပ် ပေါင်း ၆၀၀၀ ပေးရသေးတာဖြစ်ပါတယ်။
အောက်စီဂျင်ပိုလိုတဲ့နေ့တွေမှာတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ အုပ်ကြီးရုံးကအဆက်အသွယ်နဲ့ ၄၀ လီတာအိုးကြီးကို ကျပ်တစ်သိန်းကျော် ပေးဝယ်ရဦးမှာဖြစ်ပါတယ်။
“ပထမလှိုင်း၊ဒုတိယလှိုင်းမှာ ပြသာနာမရှိခဲ့တဲ့အောက်စီဂျင်က တတိယလှိုင်းမှာ
ရွှေထက်ရှားနေတယ်။ စစ်ကောင်စီနဲ့အဆက်အဆံမလုပ်ချင်သလို ၊သးတို့အထောက်အပံ့ဖြစ်စေမယ်ဟာဘာမှမလုပ်ချင်ပေမယ့် အဖေအသက်ဆက်အောင် မှောင်ခိုဝယ်နေရတယ် ။ တစ်ကယ်က ဖက်ဆစ်တပ်က လူတွေရဲ့အသက်ကို အရောင်းအဝယ်လုပ်နေကြတာ ။အတော်ယုတ်မာတယ်” လို့ကိုအောင်ကျော်က ရင်ဖွင့်ပါတယ်။
