Connect with us

Hi, what are you looking for?

LuduNwayOo

ဆောင်းပါး

စောစောသိရင် စောစောကုပါ

ကိုဗစ်ကို အံတုပြီး အနိုင်ယူခဲ့သူတွေထဲမှာ မန်းရွှေမြို့တော်က မမေဖြိုးဟာ တစ်ဦးအပါအဝင်ပါ။

ဆေးရုံတစ်ခုတွင် ကိုဗစ်လူနာများကို တွေ့ရစဉ် (ဓာတ်ပုံ - Reuters)

ကိုဗစ်ကို အံတုပြီး အနိုင်ယူခဲ့သူတွေထဲမှာ မန်းရွှေမြို့တော်က မမေဖြိုးဟာ တစ်ဦးအပါအဝင်ပါ။

သူက နေမကောင်းဖြစ်နေတဲ့ သူငယ်ချင်းကို ဆေးရုံလိုက်ပို့ရာက အဖျားကူးလာပါတယ်။ ဖျားရာကနေ အ နံ့ပျောက်၊ အနံ့ပျောက်လို့ ဆေးစစ်တဲ့အခါ ကိုဗစ်ရောဂါကူးစက်ခံထားရတယ်ဆိုတာ သိလာရပါတယ်။

သို့ပေမဲ့ ကိုဗစ်ကို နှစ်ပတ်လောက်အံတုပြီးတဲ့အခါ သူဟာ ရောဂါသက်သာပြီး ကျန်းမာသူတစ်ဦးအဖြစ်ကို ပြန်ရခဲ့ပါတယ်။

ရောဂါပိုးနဲ့ သူတင်ကိုယ်တင် အပြန်အလှန်ခုခံတိုက်ခိုက်နေရချိန်မှာတော့ မမေဖြိုးဟာ အကျဉ်းကျနေသူတစ်ဦးပမာ နေထိုင်ခဲ့ရတာပါ။

“စပြီးတော့ ကိုယ့်ကိုကိုယ် (ရောဂါဖြစ်ပြီလို့)သံသယရှိပြီဆိုကတည်းက Isolation လုပ်ပြီး သပ်သပ်ခွဲနေလိုက်”လို့ မမေဖြိုးက ပြောပါတယ်။

ဒါ့အပြင် ဆရာဝန်တွေညွှန်ကြားတဲ့ ကိုဗစ်ရောဂါခုခံကာကွယ်ကုသရေးနည်းလမ်းတွေကို နေ့စဉ်လုပ်ဆောင်နေခဲ့ရပါတယ်။

ဘာကြောင့် ကူးစက်ခံရလဲ

မှတ်မှတ်ရရ ဇူလိုင်နောက်ဆုံးပတ်နဲ့ သြဂုတ်လဆန်းရက်တွေမှာ မမေဖြိုးတစ်ယောက် အလုပ်ဝန်တွေ ပိနေခဲ့တာပါ။

ပရဟိတ လူမှုကူညီရေးအလုပ်တာဝန်တချို့ရှိသလို ကိုယ်ပိုင်ဝင်ငွေရဖို့ လုပ်ကိုင်ရတဲ့ အလုပ်တာဝန်တချို့လည်း ရှိခဲ့ပါတယ်။

အလုပ်ဝန်ပိလာတာနဲ့အမျှ အိပ်ရေးပျက်တဲ့ညတွေလည်း များလာတယ်။ တဆက်တည်းမှာ အစားလည်း ကောင်းကောင်းမစားဖြစ်ဘူးလို့ သူက ဆိုပါတယ်။

ဒါ့ကြောင့် ခန္ဓာကိုယ်မှာ ခုခံအားကျဆင်းပြီး အဖျားဝင် ခဲ့တာလို့ မမေဖြိုးက ယူဆပါတယ်။ သူ့ယူဆချက် မှန် ကန်ကြောင်းကို ဖျားပြီးသုံးရက်မြောက်မှာ ခန္ဓာကိုယ် က သက်သေပြလာပါတယ်။

အကြောင်းက အနံ့မရတော့တာပါပဲ။ ဒါဟာ ခန္ဓာကိုယ်ခုခံအားကျဆင်းချိန် အလက်အငိုက်ဝင်တိုက်တတ်တဲ့ ကိုဗစ်ရောဂါရဲ့ လက္ခဏာတစ်ရပ်ပဲ ဖြစ်ပါတယ်။

ဒါကြောင့် မမေဖြိုးက အချိန်ကိုတုန့်ဆိုင်းမနေတော့ဘဲ ဆေးခန်းပြပြီး နားလည်တတ်ကျွမ်းတဲ့ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။

ကုသခွင့်ရဖို့ ဘယ်လိုလုပ်သင့်လဲ

သို့ပေသိ စစ်တပ်ကအာဏာသိမ်းထားတဲ့ ခုလိုကာလမှာ ဆေးကုသခွင့်ရဖို့ဆိုတာ
မမေဖြိုးအပါအဝင် ပြည် သူတွေအတွက် အလွန်ခက်ခဲပါတယ် ။

ဒါကိုသိထားတဲ့ မမေဖြိုးဟာ စစ်ကောင်စီရဲ့လက်ဝေခံ ကျန်းမာရေးဌာနကို မသွားတော့ဘဲ နီးစပ်ရာ လူမှုကူညီရေးသင်းတွေဆီ ဆက်သွယ်ကြည့်ပါတယ်။ သူ့အနေနဲ့ အစိုးရဆေးရုံကြီးဆီ တိုက်ရိုက်သွားခဲ့ရင်လည်း ဆေးရုံတက်ကုသခွင့်ရမယ်လို့ မယုံကြည်ပါဘူး။

အဲတော့ လူမှုကူညီရေးအသင်းတွေကတဆင့်စုံစမ်း စုံစမ်းပြီးမှ ဘယ်လိုဆက်လုပ်ရမယ်ဆိုတာ စဉ်းစားဆုံးဖြတ်နိုင်မှာပါ။

ဘာလို့လည်းဆိုတော့ လက်ရှိကာလမှာ မြေပြင်မှာကူ ညီလုပ်ဆောင်ပေးသူတွေကပဲ ကုသမှုဘယ်လိုခံယူသင့်တယ်ဆိုတာ ပိုသိနိုင်လို့ဖြစ်ပါတယ်။

ဖြစ်ချင်တော့ ငွေကြေးနဲ့ ပစ္စည်းတချို့လှူဒါန်းဖူးတဲ့ ပရဟိတဆေးရုံတစ်ရုံနဲ့ သူ အဆက်အသွယ် ရပါတယ်။ အဲတော့မှ ဆေးရုံသွားပြီး ဆရာဝန်နဲ့တိုင်ပင်တဲ့အခါ ကုသရေးနည်းလမ်းတွေ ရလာပါတယ်။

ဆရာဝန်ညွန်ကြားချက်နဲ့ မ​မေဖြိုး ​သောက်ခဲ့တဲ့​ဆေး​များ

ကုသရေး နည်းလမ်းတချို့

ပထမဆုံးအနေနဲ့ သူ့ရဲ့ကျန်းမာရေးအခြေအနေကို ဆရာဝန်က စမေးပါတယ်။ ဘယ်ရက်က စဖျားတယ်။ ဖျားပြီး ဘယ်နှစ်ရက်မြောက်မှာ အနံ့စပျောက်တယ် စသဖြင့် အကြောင်းစုံပါပဲ။

သည်တော့ မမေဖြိုးက စဖျားချိန်က အဖျားငွေ့ငွေ့သာခံစားရပြီး ကိုယ့်ကိုကိုယ်မသင်္ကာလို့ Test Kit နဲ့ ဆေးစစ်တဲ့အခါ Negative(ပိုးမတွေ့)အဖြေထွက်ကြောင်း ​ပြောပြပါတယ်။
ဖျားပြီးသုံးရက်မြောက်မှာ အနံ့ပျောက်လာလို့ ထပ်စစ်တာမှာတော့ Positive(ပိုးတွေ့)အဖြေထွက် တဲ့ ဆရာဝန်ကို ဆက်ပြီးရှင်းပြဖြစ်ပါတယ်။ P ထွက် တာသိပြီးတဲ့နောက် ၅ ရက်မြောက်မှာ ဆေးရုံကို သူသွားဖြစ်ခဲ့တာပါ။

ဒါကြောင့် ဆရာဝန်က သူ့ရဲ့ခန္ဓာကိုယ်ထဲရောဂါပိုးကူးစက်ဝင်ရောက်ချိန်ဟာ ၅ ရက်ရှိပြီလို့ မှတ်ယူပြီး ပိုးသတ်ဆေးစထိုးဖို့ လမ်းညွှန်ပါတယ်။ သူ့ထိုးရမဲ့ ပိုးသတ်ဆေးက CEFTATIME-SB(1.5 g)အမည်ရတဲ့ ဆေးပဲဖြစ်ပါတယ်။

အဲသည်ဆေးကို တစ်ရက်ကိုနှစ်ကြိမ်နှုန်းနဲ့ ၅ ရက်ဆက်တိုက် ထိုးခိုင်းပါတယ်။ နှစ်ကြိမ်စာအတွက် ဆေးပမာဏ ၈၀၀ မီလီဂရမ်ပြည့်ရမယ်လို့ သူ့ကို ဆရာဝန်က ညွှန်ကြားလိုက်ပါတယ်။

နောက်ပြီး ကိုယ်ခံအားကောင်းလာစေဖို့ IMMUNE plus ဆိုတဲ့ဆေးတစ်မျိုးလည်း ထည့်ပေးပါတယ်။ ပြီးတဲ့အခါ ခန္ဓာကိုယ်ထဲဝင်ရောက်နေတဲ့ ဗိုင်းရပ်စ်ပိုးကိုခုခံတိုက်ဖျက်နိုင်ဖို့ရာ Favipiravir ၂၀၀ မီလီဂရမ်ရှိတဲ့ဆေးကို တိုက်ပါတယ်။

တစ်ချိန်တည်းမှာပဲ မမေဖြိုးက ဆရာဝန်ညွှန်ကြားတဲ့ဆေးတွေကို ပုံမှန်စားသုံးတဲ့အပြင် အသက်ရှူလေ့ကျင့်ခန်းကိုလည်း နေ့စဉ်လုပ်ဖြစ်ပါတယ်။ ကိုဗစ်ရောဂါကုထုံးတွေထဲမှာ သိပ်ပြီးအားမစိုက်ရဘဲ အလွယ်တကူလုပ်လို့ရတဲ့ မှောက်အိပ်တဲ့နည်းကိုတော့ လေးနာရီခြားတစ်ခါလောက် လုပ်ဖြစ် တယ် လို့ မမေဖြိုးက မှတ်မှတ်ရရပြောပါတယ်။

မှောက်အိပ်တာဟာ အနည်းငယ်ဝသူတွေအဖို့ ကသိကအောက်ဖြစ်နိုင်ပေမဲ့ သာမာန်ကိုယ်ခန္ဓာရှိသူတွေအဖို့ အပမ်းမကြီးလှဘူးလို့ သူ့အတွေ့အကြုံပေါ်အခြေခံပြီး ရှင်းပြပါတယ်။ ကိုယ့်ခန္ဓာကိုယ်က အနည်းငယ် ဝနေလို့ မှောက်ရခက်တယ်ဆိုရင် ခန္ဓာကိုယ်ကို ဘေးတစောင်းထားပြီး မှောက်လုနီးနီးအခြေအနေထိ စောင်းထားရင်ကို အဆင်ပြေတယ်လို့ သူက အကြံပြုပါတယ်။

အချိန်မီ ကုသမှုခံယူပါ

အမှန်တစ်ကယ်တော့ ကိုဗစ်ရောဂါဟာ အလွန်ကြောက်စရာကောင်းတာ​တော့မဟုတ်ဘူးလို့ မမေဖြိုးက ယူဆပါတယ်။ အကြောင်းကတော့ စနစ်တကျ ကုသမှုခံယူမယ်ဆိုရင် ရောဂါသက်သာပျောက်ကင်းနိုင်တာ ကိုယ်တွေ့မို့ပါပဲ။

သူနဲ့ သူ့ညီမလေးဆိုရင် ရောဂါကူးစက်ခံရတာချင်းအ တူတူ ရောဂါပိုးရဲ့တိုက်ခိုက်တဲ့ဒဏ်ကိုခံရတဲ့ ကြာမြင့်ချိန်တွေ မတူခဲ့ပါဘူး။ သူက စဖြစ်ပြီး ၁၀ ရက်လောက်မှာ ပြန်လည်သက်သာလာပေမဲ့ သူ့ညီမလေးကတော့ ရက် ၂၀ နီးပါးလောက် ခံခဲ့ရတယ်လို့ မမေဖြိုးက ပြောပါတယ်။

သူတို့ညီအစ်မနှစ်ယောက်စလုံးဟာ အသက်ငယ်ရွယ် သူ ကိုယ့်ခံအားကောင်းသူတွေဖြစ်ကြတဲ့အပြင် ရောဂါအခံ မရှိကြတဲ့သူတွေလည်း ဖြစ်ပါတယ်။ ဒါ့အပြင် အသက်ဝဝရှူနိုင်ဖို့ လေ့ကျင်ခန်းလုပ်တာ ကိုယ်ခံအားပြန်ကောင်းဖို့ အစားဝင်အောင်စားပြီး အိပ်ရေးဝအောင်အိပ်တာတွေလည်း အားလုံးအတူတူနီးပါး လုပ်ခဲ့ကြတာပါ။

ဒါပေမဲ့ သူတို့ ညီအစ်မနှစ်ယောက်ရဲ့ ကွာခြားချက်က မမေဖြိုးက ဆရာဝန်ညွှန်ကြားချက်အတိုင်း ဆေးထိုး ဆေးသောက်လုပ်ပြီး သူ့ညီမလေးကတော့ အဆင်ပြေသလို ကုသခဲ့တဲ့အချက်ပါ။ အဲဒီအချက်ကသာ သူတို့နှစ်ယောက် မြန်မြန်ဆန်ဆန် ပြန်လည်ကျန်းမာလာခြင်းရဲ့ အကြောင်းအရင်းဖြစ်မယ်လို့ မမေဖြိုးက ယူဆပါတယ်။

ဘာကြောင့် သူ ဒီလိုယူဆရတယ်ဆိုတဲ့အကြောင်းပြချက်လည်း မမေဖြိုးမှာ ခိုင်ခိုင်မာမာရှိနေပါတယ်။

“သူက ဖြစ်ဖြစ်ချင်းမှာ ဆေးတွေဘာတွေ ဘာမှကြိုပြီး မလုပ်ဖြစ်လိုက်ဘူး။ ပိုဆိုးတာက ၁၄ ရက်ပြည့်တော့ သူ့ကိုယ်သူ သက်သာပြီထင်ပြီး လှုပ်လှုပ်ရှားရှားပြန်လုပ်လိုက်တာ။ အဲဒီမှာမောလာတော့မှ ကုသမှုပုံမှန်ပြန်ယူဖြစ်တာ”

ဘယ်လိုပဲဖြစ်ဖြစ် နားလည်တတ်ကျွမ်းတဲ့ဆရာဝန်ရဲ့ ညွှန်ကြားချက်အတိုင်း လိုက်နာခဲ့တဲ့ မမေဖြိုးကတော့ စဖျားပြီး ၁၅ ရက်မြောက်မှာ Test Kit နဲ့ပြန်စစ်တဲ့အခါ Negative(ပိုးမတွေ့)အဖြေထွက်ခဲ့ပါပြီ။

ခုတော့ မမေဖြိုးဟာ အနံ့ ကောင်းကောင်းပြန်ရပြီဖြစ် သလို အစားလည်း ကောင်းကောင်းစားလာနိုင်ပြီ ဖြစ်ပါတယ်။ သို့သော်လည်း သူ့ညီမလေးကတော့ ကိုဗစ်နဲ့ ဆက်တိုက်နေရစဲပါပဲ။

ဒါကြောင့် မမေဖြိုးက “ဖြစ်နိုင်မယ်ဆိုရင် ဆေးခန်းပြပါ။ စောစောသိပြီး စောစောကုလိုက်မယ် ဆိုရင် (ရောဂါအမြန်သက်သာပြီ)ဘာမှ မခံစားရဘူးပေါ့”လို့ အကြံပြုပါတယ်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

NUG အစိုးရ၏ ကျန်းမာရေးဝန်ကြီးဌာနကလည်း ​မြန် မာနိုင်ငံတွင် ရက်သတ္တနှစ်ပတ်အတွင်း ကိုဗစ်ရောဂါကူးစက်ပြန့်ပွားမှု နှစ်ဆတိုးလာသည်ကိုတွေ့ရကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)၏စာရင်းများကို ကိုးကားပြီး သတိပေးသည်။

သတင်း

စစ်​ကောင်စီလက်​အောက်တွင် ကျန်းမာ​ရေး​စောင့်​ရေး​စောင့်​ရှောက်မှုစနစ်ပျက်ယွင်း​နေပြီး ကိုဗစ်ကူးစက်မှုအ​ခြေအ​နေမှန်ကိုသိရှိရန်ခက်ခဲသည်။

သတင်း

ယနေ့ (သြဂုတ် ၂၇ ရက်)ဖြင့် ထုတ်ပြန်သည့် အထက်ပါသတိပေးချက်တွင် ယခုလုပ်ရပ်များအား ရပ်တန်းကမရပ်ဘဲ ဆက်လက်ပြုလုပ်နေမည်ဆိုပါက လိုအပ်သလို အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း ဖော်ပြသည်။

နိုင်ငံတကာ

ကိုဗစ်ရောဂါ စတင် တွေ့ရှိခဲ့တဲ့ ကာလနောက်ပိုင်း နိုင်ငံခေါင်းဆောင်တွေပါ ရောဂါစွဲကပ် ခံစားရတာတွေ အရင်ကလည်း ရှိခဲ့ဖူးပါတယ်။ ပြီးတော့ ဘိုင်ဒန် မတိုင်ခင် အမေရိကန် သမ္မတဟောင်း ဒေါ်နယ်လ်ထရမ့်လည်း ရောဂါ ဖြစ်ခဲ့ဖူးတာကြောင့် ဆေးရုံတက် ကုသမှုပါ ခံယူခဲ့ရပါတယ်။