မြန်မာရဲ့ကိုဗစ်တတိယလှိုင်း အမြင့်ဆုံးအချိန်လို့ဆိုနိုင် တဲ့ ဇူလိုင်လနဲ့ သြဂုတ်လဆန်းပိုင်းကို လွန်လာတဲ့အခါ သေဆုံးသူတွေရှိခဲ့သလို ကိုဗစ်ကိုအနိုင်တိုက် သူအများအပြားလည်း တွေ့ရပါတယ်။
အဲဒီကာလအတွင်း ရောဂါကူးစက်ခံရသူတချို့ဟာ ခုဆိုရင် ကပ်ရောဂါကိုအနိုင်တိုက်ပြီး ရက်သတ္တနှစ်ပတ် ကနေ လေးပတ်ဝန်းကျင်အထိ ရောက်ရှိလာပါပြီ။
ဒီအခြေအနေမှာ ကပ်ရောဂါကနေ နလန်ထလာသူအများစုခံစားကြရတာက ရောဂါပိုးရဲ့ နောက်ဆက်တွဲ သက်ရောက်မှုတွေပါပဲ။
ရောဂါသက်သာလာသူအများစုဟာ ကျောနဲ့ရင်နဲ့ ညှပ်အောင့်တာ၊ ခေါင်းမူးတာ ခဏခဏချောင်းဆိုးတား နေ့နဲ့ညမှားတဲ့အပြင် ကောင်းကောင်းအိပ်မပျော်တာတွေ ခံစားကြရတယ်လို့ ကိုဗစ်လူနာဟောင်းတွေက ဆိုပါတယ်။

Public Service Announcement
အဲလိုခံစားရတာတွေနဲ့ပတ်သက်လို့ ဗြိတိန်နိုင်ငံရောက် အတိုင်ပင်ခံသမားတော် အထူးကုဆရာဝန်ကြီး ဒေါက်တာသက်သက်ကိုက ကိုဗစ် ၁၉ ဗဟုသုတအစီအစဉ်ကနေ ပြန်လည်ဖြေကြားပေးထားပါတယ်။ကိုဗစ် ၁၉ ဗဟုသတအစီအစဉ်ရဲ့ အမေးအဖြေကဏ္ဍကိုတော့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ပြည်သူတွေ ကျန်းမာရေးစောင့်ရှောက်မှု အထောက်အကူဖြစ်စေဖို့ စီစဉ်ပေးထားတာဖြစ်ပါတယ်။

(ကျောနဲ့ရင် ညှပ်ပြီးအောင့်လျှင်)
ကိုဗစ် နိုင်တီး ရောဂါဟာ ရက်သတ္တတစ်ပတ်ကနေ နှစ်ပတ်အတွင်းမှာ ခန္ဓာကိုယ်ထဲက ဆဲလ်မျိုးစုံကို တိုက်ခိုက်ဖျက်ဆီးလေ့ရှိတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)က ထုတ်ပြန်ထားပါတယ်။
ဒါ့ကြောင့်မို့လို့ ခန္ဓာကိုယ်ထဲရှိတဲ့ အဆုပ်ရောင်ရမ်းတာ၊ အဆုပ်သွေးခဲတာ၊ အသက်ရှူ ကြပ်စေတာတွေအပြင် အသက်ရှူလမ်းကြောင်းနဲ့ဆိုင်တဲ့ ဝေဒနာတွေကို ခံစားရစေတယ်လို့ ကျန်းမာရေးပညာရှင်တွေက ဆိုပါတယ်။
ဒီနေရာမှာ ကိုဗစ် ၁၉ ဗဟုသုတစင်တာရဲ့ အမေးအဖြေကဏ္ဍမှာ ပါဝင်မေးသူတစ်ယောက်ရဲ့ အတွေ့အကြုံကို ကြည့်ရအောင်ပါ။ သူက ကိုဗစ်ဖြစ်ပြီးတာ ရက်ပေါင်း ၄၀ ရှိပါပြီ။ အဆုပ်ကို ဓာတ်မှန်ရိုက်ကြည့်ရာမှာလည်း ကောင်းမွန်တယ်လို့ သိရပါတယ်။
သို့ပေမဲ့ လူနာက နောက်ကျောနာပြီး အသက်ရှူမဝပါဘူး။ အစာအိမ်ရောဂါအခံလည်းရှိထားတော့ အဲဒီရောဂါကြောင့် နောက်ကျောနာတာ အသက်ရှူမဝတာ ဖြစ်တတ်ပါသလားဆိုပြီး မေးထားပါတယ်။
ဒီအမေးကို သမားတော်ကြီး ဒေါက်တာသက်သက်ကိုက ပြန်လည်ဖြေကြားရာမှာတော့ “မဟုတ်ပါဘူး။ (ကိုဗစ်)သူက အဆုပ်ကို တော်တော်လေးဒုက္ခပေးသွားပါတယ်။ အဆုပ်ကို Virus ကလည်း ဒုက္ခပေးတယ်။ Virus ကိုပြန်တိုက်တဲ့ ကျွန်တော်တို့ရဲ့ Own Immunes System လို့ခေါ်တဲ့ ကိုယ်ခန္ဓာထဲက ကာကွယ်ရေးစနစ်မှာလည်း Virus နဲ့သူတင်ကိုတင်ပြန်တိုက်တဲ့အခါမှာ နာကျင်တာတွေ ဖြစ်သွားတာ”လို့ ရှင်းပြပါတယ်။
ဒါကြောင့်မို့ လူနာအတွက် သိပ်ပြီးစိုးရိမ်ရတဲ့အခြေအနေမဟုတ်လို့ အခြားဘာမှ လုပ်စရာမလိုဘဲ အပူချိန်တိုင်းပြီး အဖျားရှိမရှိစစ်ဖို့နဲ့ အောက်ဆီဂျင်ကို တစ်နေ့နှစ်ကြိမ်လောက်တိုင်းပြီး ပုံမှန်စစ်ကြည့်နေဖို့ သမားတော်ကြီးက ပြောပါတယ်။
(ခေါင်းမူး ခေါင်းကိုက်နဲ့ ချောင်းဆိုးခြင်း)
ကိုဗစ်ဖြစ်ပြီးတဲ့သူတွေ ရောဂါရဲ့နောက်ဆက်တွဲဝေဒနာခံစားရတဲ့အထဲမှာ ခေါင်းတွေမူးတာ၊ ခေါင်းကိုက်တာနဲ့ ချောင်းဆိုးတာတွေဖြစ်တတ်တယ်လို့ လူနာဟောင်းတွေနဲ့ ကျန်းမာရေးပညာရှင်တွေက ပြောပါတယ်။
ဒီလိုဝေဒနာမျိုးတွေ ခံစားရလာရင် ဘယ်လိုလုပ်သင့်ပါသလဲ။ ဘယ်လိုဆေးဝါးတွေ သောက်သုံးသင့်ပါသလဲ စတာတွေနဲ့ပတ်သက်လို့ ကိုဗစ် ၁၉ ဗဟုသုတစင်နဲ့ဆက်သွယ်ပြီး လူနာဟောင်းတစ်ဦးက ခုလိုမေးထားပါတယ်။ သူက ကိုဗစ်ဖြစ်တာ ၂၁ ရက်ရှိပါပြီ။
လက်ရှိမှာ ကျန်တဲ့ရောဂါလက္ခဏာတွေ မခံစားရတော့ပေမဲ့ ခေါင်းတွေကိုက်ပြီး ချောင်းအရမ်းဆိုးတဲ့ ဝေဒနာတွေ ခံစားနေရတယ်လို့ ဆိုပါတယ်။
ဒါကြောင့်မို့ အဲဒီလူနာရဲ့အမေးကို သမားတော်ကြီး ဒေါက်တာသက်ကိုကိုက ခုလိုပြန်ရှင်းပြထားပါတယ်။
“အဓိကက ၂၁ ရက်ကြာပြီဆိုတော့ အောက်ဆီဂျင်လေး စစ်ပေးပါ။ အောက်ဆီဂျင် အဓိက ဖြစ်ပါတယ်။ ခေါင်းကိုက်နေရင်တော့ ပါရာစီတမောသောက်ပါ” ခေါင်းကိုက်ပျောက်ဖို့ ပါရာစီတမောသောက်ရာမှာတော့ ကိုယ်ခန္ဓာဝတဲ့သူဖြစ်ရင် ပါရာစီတမော ၁၀၀၀ မီလီဂရမ်၊ ပိန်တဲ့သူဖြစ်ရင် ၅၀၀ မီလီဂရမ် တစ်နေ့လေးကြိမ်တိုက်ပြီး ရေများများသောက်ပေးရမယ်လို့ ဒေါက်တာသက်ကိုက ပြောပါတယ်။
ချောင်းတွေအရမ်းဆိုးနေတယ်ဆိုရင်တော့ ချောင်းဆိုးပျောက်ဆေးကို ရောဂါပျောက်တဲ့အထိ
စွဲသောက်နိုင်တယ်လို့ သူက ပြောပါတယ်။ ပြီးတော့ နှာပိတ်တဲ့သူတွေအနေနဲ့လည်း ဘာမီတွန်လိုဆေးမျိုးတွေ သောက်သင့်တယ်လို့ ဒေါက်တာသက်ကိုကိုက အကြံပြုပါတယ်။
ကိုဗစ်ဖြစ်ပြီးတဲ့သူတွေ နောက်ဆက်တွဲခံစားရတဲ့အနေအနေတွေထဲမှာ ကျောတွေရင်တွေအောင့်တာ ခေါင်းမူးတာ ချောင်းဆိုးတာတွေအပြင် နေ့ညမှားပြီး အိတ်မပျော်တဲ့ပြဿနာလည်း ရှိနေပါတယ်။
(နေ့ညမှားပြီး အိပ်မပျော်ရင်)
အဲဒီလိုခံစားရသူတွေထဲမှာ ကိုဗစ်လူနာဟောင်း မနွယ်နွယ်အေးလည်း ပါပါတယ်။ သူက ရောဂါဖြစ်ပြီးတာ တစ်လကျော်ရှိပါပြီ။
ဒါပေမဲ့ ခုချိန်အထိ ကောင်းကောင်းအိပ်မပျော်ဘဲ နေ့ညမှားသလို ဖြစ်နေတယ်လို့ သူက ဆိုပါတယ်။ ဒီအခြေအနေမှာ ကျန်းမာရေးနဲ့ညီညွတ်အောင် ဘယ်လိုနေထိုင်သင့်ပါသလဲ။
ကိုဗစ် ၁၉ ဗဟုသုတစင်တာရဲ့ အမေးအဖြေကဏ္ဍတင်ဆက်သူ ဒေါက်တာသက်ကိုကိုကတော့ စိတ်ကိုငြိမ်အောင်ထားပြီး တရားမှတ်ပေးဖို့ အကြံပြုပါတယ်။ ပြီးတော့ တရားထိုင်တာ အိပ်တဲ့အချိန် မလိုအပ်တဲ့တခြားအတွေးတွေမတွေးမိအောင် သတိထားရမယ်လို့ သူက ဆိုပါတယ်။
“ကိုဗစ်ဖြစ်ပြီးရင် လူတိုင်းကစိတ်ခံစားမှု ဖြစ်တတ်ကြပါတယ်။ ကိုယ့်ဟာကို ကြိုးစားပြီး အိပ်ကြည့်ပါ။ တရားထိုင်ပေးပါ။ တရားမှတ်ပေးပါ။ အဲလိုလုပ်လို့မှ အိပ်မပျော်ဘူးဆိုရင်တော့ ဆရာဝန်နဲ့တိုင်ပင်ပြီး အိပ်ဆေးသောက်ပါ”လို့ ဒေါက်တာသက်ကိုကိုက ပြောပါတယ်။
ဒါပေမဲ့ သူက အိပ်ဆေးကိုစွဲသုံးတာမျိုး မလုပ်စေချင်ပါဘူး။ ဆေးစွဲသွားတာမျိုးမဖြစ်စေလိုတဲ့အတွက် တတ်နိုင်သမျှ အိပ်ပျော်အောင် ကြိုးစားအိပ်ဖို့သာ တိုက်တွန်းပါတယ်။

(ကိုဗစ်ဖြစ်တိုင်း သွေးကျဲဆေးမလို)
ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေတုန်းကဆိုရင် သွေးကျဲဆေးနဲ့ပတ်သက်လို့ ဆေးဆိုင်တွေမှာ အလုအယက် တိုးဝှေ့ဝယ်ယူရတဲ့ဖြစ်စဉ်တွေ ရှိခဲ့ဖူးပါတယ်။ အထူးသဖြင့် ရန်ကုန်နဲ့ မန္တလေးလို လူနေသိပ်သည်းတဲ့ မြို့ကြီးတွေမှာ အတွေ့ရများပါတယ်။
သည်တုန်းက ရန်ကုန်မှာဆိုရင် ရွှေအိုးဆေးဆိုင်ခွဲတွေကို ပြည်သူတွေ အဓိကအားကိုးအားထားပြုခဲ့ရပါတယ်။ ဒါကြောင့်လည်း ဆေးဆိုင်တွေက လိုအပ်သူတိုင်းရရှိဖို့ရည်ရွယ်ပြီး ဆရာဝန်ထောက်ခံချက် ဒါမှမဟုတ် လူနာရဲ့ဆေးမှတ်တမ်းစတဲ့ အထောက်အထားပါသူတွေကိုသာရွေးပြီး သတ်မှတ်ဆေးပမာဏ ရောင်းချပေးခဲ့တာရှိပါတယ်။
ဒါဆိုရင် ဒီလောက်အဝယ်များတဲ့ သွေးကျဲဆေးဟာ ကိုဗစ်လူနာတိုင်း ထိုးနှံဖို့ လိုအပ်ပါသလား။ ပြီးတော့ ကိုဗစ်ဖြစ်ပြီးတဲ့နောက် နှလုံးခုန်မြန်တာ လူကနှုန်းနေတာ ဒီအခြေအနေတွေအတွက် သွေးကျဲဆေးထိုးဖို့ လိုမလို မအိမ်စည်ကိုကိုက ဒေါက်တာသက်ကိုကိုထံ မေးမြန်းပါတယ်။
သမားတော်ကြီး ဒေါက်တာသက်ကိုကိုက ကိုဗစ် ၁၉ ဗဟုသုတစင်တာရဲ့ အမေးအဖြေကဏ္ဍကတဆင့် အဲဒီအမေးကို ခုလိုပြန်လည်ဖြေကြားပါတယ်။
“ကိုဗစ်ဖြစ်တဲ့သူတိုင်းကို သွေးမခဲဆေးထိုးဖို့ မလိုပါဘူး။ ကိုဗစ်ဖြစ်ပြီး အောက်ဆီဂျင်ကျတဲ့သူတွေသာ သွေးခဲတာ ကာကွယ်တဲ့ဆေးထိုးဖို့ လိုပါတယ်” ဒါ့အင် နှလုံးခုန်နှေးတာ လူနှုန်းတာတွေက ကိုဗစ် Virus ကြောင့် ခုလိုဖြစ်တာဖြစ်ပြီး ထိုလူနာများအနေနဲ့ အောက်ဆီဂျင်မကျဘူးဆိုရင် သွေးကျဲဆေးထိုးဖို့ မလိုဘူးလို့ သူက ပြောပါတယ်။
သွေးကျဲဆေးနဲ့ပတ်သက်လို့ အင်္ဂလန်နိုင်ငံရောက် မြန်မာသမားတော်ကြီးခုနစ်ဦးက စီစဉ်တင်ဆက်ပေးနေတဲ့ Life By BFF အွန်လိုင်းစာမျက်နှာမှာလည်း ခုလိုရှင်းပြထားပါတယ်။
သမားတော်ကြီးတွေရဲ့အဆိုအရ သွေးကျဲဆေး(Aspirin / Clopidogre)နဲ့ သွေးမခဲဆေး(Apixaban / Rovaroxaban)တွေဟာ အာနိသင်မတူဘူးလို့ ဆိုပါတယ်။ ဒါ့ကြောင့် အဲဒီဆေးတွေသုံးမယ်ဆိုရင် သတိထားရမယ်လို့ သမားတော်တွေက ထောက်ပြပါတယ်။
ဆရာဝန်ညွှန်ကြားချက်မရှိဘဲ ကိုယ့်သဘောဆန္ဒနဲ့ကိုယ် သွေးကျဲဆေးနဲ့ သွေးမခဲဆေးတွေထိုးမယ် သောက်မယ်ဆိုရင် မလိုအပ်ဘဲ သွေးထွက်တာမျိုးတွေ ကြုံရနိုင်တယ်လို့ သူတို့က ရှင်းပြပါတယ်။
“ရုတ်တရက် သွေးကြောပေါက်နိုင်ပါတယ်။ အထူးသဖြင့် အစာအိမ်သွေးကြောပေါက်တာ ပြီးတော့ ဦးနှောက်မှာအကြိတ်တွေဘာတွေရှိလို့ရှိရင် ဦးနှောက်သွေးကြောပေါက်တာတွေဘာတွေ ဖြစ်တတ်ပါတယ်”လို့ သမားတော်ကြီး ဒေါက်တာစန္ဒာက သတိပေးပါတယ်။
(အောက်ဆီဂျင် အဓိက)
အထက်မှာ ဖော်ပြခဲ့သလို ကိုဗစ်ဖြစ်နေစဲလူနာတွေ ကိုဗစ်ဖြစ်ပြီးတဲ့နောက် ရောဂါပိုးရဲ့နောက်ဆက်တွဲဝေဒနာခံစားရသူအများအပြားဟာ ကိုဗစ် ၁၉ ဗဟုသုတစင်တာရဲ့ အမေးအဖြေကဏ္ဍမှာ ဝင်ရောက်မေးမြန်းကြတာကို တွေ့ရပါတယ်။
စင်တာအနေနဲ့ တစ်ပတ်တစ်ကြိမ်ပဲလုပ်တဲ့အစီအစဉ်ဖြစ်လို့ မေးခွန်းမေးမြန်းတဲ့သူဟာ ရာနဲ့ချီရှိပါတယ်။ အမေးများတဲ့အထဲမှာတော့ ကိုဗစ်ဖြစ်နေချိန်ခံစားရတဲ့ဝေဒနာတွေကို ကုစားနည်း ကိုဗစ်အလွန် ပြန်လည်ကျန်းမာစေရေး ဂရုပြုနေထိုင်နည်း စတဲ့အကြောင်းအရာတွေ များပါတယ်။ ဝင်ရောက်ဖတ်ရှု လိုရင် အောက်ပါလင့်ကတစ်ဆင့်သွားနိုင်ပါတယ်။
https://www.facebook.com/ckcmohnugmm/
ဒီအခါမှာ သမားတော်ကြီးဒေါက်တာသက်သက်ကိုကတော့ ရောဂါခံစားနေရသူဖြစ်စေ ရောဂါသက်သာပြီး ပြန်လည်ကျန်းမာလာသူဖြစ်စေ အဖျားရှိမရှိ အပူချိန်မြင့်မမြင့်တိုင်းဖို့နဲ့ အောက်ဆီဂျင်ပုံမှန်တိုင်းပေးဖို့သာ အဓိကထား တိုက်တွန်းပါတယ်။


















































