Connect with us

Hi, what are you looking for?

ဆောင်းပါး

ကုလသမဂ္ဂစင်မြင့်ပေါ်က မြန်မာအတွက်ခုံနေရာ ဘယ်သူထိုင်ခွင့်ရမလဲ

မြန်မာထိုင်ခုံ အတွက် အလားအလာအရှိဆုံးဖြစ်နိုင်တာကတော့ NUG ရဲ့ ကိုယ်စားလှယ်ကို လက်ခံတာ ၊ ဒါမှမဟုတ် လက်ရှိတာဝန်ထမ်းဆောင်ဆဲ ဦးကျော်မိုးထွန်းကို လက်ခံတာပဲဖြစ်တယ်လို့ Special Advisory Council for Myanmar အဖွဲ့က သုံးသပ်ထားပါတယ်။

General Assembly Hall (UN Photo)

ကုလသမဂ္ဂစင်မြင့် ပေါ်က အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ စစ်ကောင်စီတို့ရဲ့ အားပြိုင်ပွဲ အဖြေဟာ လာမယ့် ရက်သတ္တပတ်အတွင်း ထွက်လာပါတော့မယ်။

ကမ္ဘာ့ရေးရာတွေကို နိုင်ငံခေါင်းဆောင်တွေ ၊ နိုင်ငံကိုယ်စားပြု သူတွေ စုဝေးဆွေးနွေးကြမယ့် ၇၆ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ ဟာ လာမယ့်စက်တင်ဘာလ ၁၄ ရက်မှာ စတင်ကျင်းပတော့မှာပါ။

အဲဒီညီလာခံမှာ မြန်မာနိုင်ငံကို ကိုယ်စားပြု ပြီးတက်ခွင့်ရဖို့ ၊ ပြောခွင့်ရဖို့ NUG နဲ့ စစ်ကောင်စီ ဟာ အကြိတ်အနယ်ပြိုင်ဆိုင်နေကြတာလည်း ဖြစ်ပါတယ်။

ဒါကြောင့် နှစ်ဖက်လုံးက ကိုယ်စားလှယ်အဖွဲ့စာရင်းကို ညီလာခံမကျင်းပမီ တပတ်အလိုနောက်ဆုံးထားပြီး လျှောက်ထားရမှာပါ။

Public Service Announcement

Public Service Announcement

ပုံမှန်အားဖြင့် ဒီလို လျှောက်ထားလာတဲ့ လျှောက်လွှာတွေကို ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံ ၉ နိုင်ငံ ပါဝင်တဲ့ အရည်အချင်းစိစစ်ရွေးချယ်ရေးကော်မတီ Credential Committee က နှစ်စဉ်စိစစ်ရွေးချယ်တာဖြစ်ပါတယ်။

ဒီနေရာမှာနိုင်ငံတစ်နိုင်ငံတည်းကနေ ကိုယ်စားလှယ်အဖွဲ့ ၂ ဖွဲ့ အပြိုင်တင်သွင်းလာရင် Credential Committee က ဘယ်လိုရွေးချယ်မလဲ ၊ မြန်မာနိုင်ငံကိုကိုယ်စားပြုပြီး NUG နဲ့ စစ်ကောင်စီ ဘယ်အဖွဲ့က ကိုယ်စားပြုပြီးတက်ခွင့်ရမလဲ ဆိုတာ အားလုံးစိတ်ဝင်စားနေကြတဲ့မေးခွန်တွေပဲဖြစ်နေပါတယ်။

လာမယ့် ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မြန်မာနိုင်ငံရဲ့ ကိုယ်စားပြုခွင့် ထိုင်ခုံနဲ့ပတ်သက်ပြီး ဆုံးဖြတ်ချက်ချမယ့် ဖြစ်တန်ချေ နည်းလမ်း ၄ ခုရှိတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေးအထူးကိုယ်စားလှယ်ဟောင်း ယန်ဟီလီ နဲ့နိုင်ငံတကာကျွမ်းကျင်သူတွေပါဝင်တဲ့ Special Advisory Council for Myanmar ကသုံးသပ်ထားပါတယ်။

အဲဒီဖြစ်တန်ချေ တွေကတော့

⓵ NUG ရဲ့ ကိုယ်စားလှယ်အဖွဲ့ ကို လက်ခံတာ

Credential Committee ရဲ့ ပြီးခဲ့တဲ့ ဖြစ်စဉ်တွေအပေါ် ဆုံးဖြတ်ချက်တွေအရ လာမယ့် ညီလာခံမှာ NUG ရဲ့ ကိုယ်စားလှယ်အဖွဲ့ ကို လက်ခံဖို့ ဆုံးဖြတ်နိုင်ခြေ ရာခိုင်နှုန်းများပါတယ်။ ၁၉၉၁ ခုနှစ် ၊အောက်တိုဘာ က ဟေတီနိုင်ငံမှာ စစ်အာဏာသိမ်းမှု ဖြစ်ခဲ့ပြီး ကုလမှာ ကိုယ်စားပြုခွင့်ရဖို့ အပြိုင်တင်သွင်းထားကြပါတယ်။

ဟေတီဖြစ်စဉ်မှာ ကုလဟာစစ်အာဏာသိမ်းတာကို ရှုတ်ချခဲ့ပြီး ၊ အမြန်ဆုံးအာဏာပြန်အပ်ဖို့ တောင်းဆိုခဲ့သလို စစ်တပ်ရဲ့ ကိုယ်စားလှယ်အဖွဲ့ကို ပယ်ချခဲ့တာရှိပါတယ်။

အလားတူပါပဲ ၁၉၉၇ ခုနှစ်က အနောက်အာဖရိက နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ ဆီလာလီယွန်နိုင်ငံရဲ့အာဏာသိမ်းမှု ၊ ၂၀၀၉ ခုနှစ် ဟွန်ဒူးရပ် နိုင်ငံ အာဏာသိမ်းမှုတွေမှာလည်း စစ်တပ်ကိုယ်စားပြုအဖွဲ့တွေကို ငြင်းပယ်ခဲ့တာတွေရှိပါတယ်။

အဲဒီဖြစ်စဉ်အရ Credential Committee ဟာလူထုကရွေးချယ်တင်မြှောက်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ တက်လာတဲ့အစိုးရ ကို သာပြတ်ပြတ်သားသားရွေးချယ်ခဲ့တာတွေ့ရပါတယ်။

⓶ စစ်ကောင်စီရဲ့ ကိုယ်စားလှယ်အဖွဲ့ကို လက်ခံတာ

အာဏာသိမ်းပြီး မြို့တော်အပါအဝင် နယ်မြေတွေကို ထိန်းချုပ်ထားနိုင်တာ ၊အာဏာ လက်ဆုပ်လက်ကိုင်ရှိထားတဲ့ အားသာချက်တွေဟာ စစ်ကောင်စီမှာရှိနေပါတယ်။

စစ်ကောင်စီဟာ ကုလညီလာခံမှာ ထိုင်ခံရဖို့ဆိုရင် Credentials Committee က ထောက်ခံဖို့ လိုသလို ကုလသမဂ္ဂအထွေထွေညီလာခံကလည်း လက်ခံအတည်ပြုဖို့ လို ပါတယ်။

ဒါအပြင် နယ်မြေထိန်းချုပ်ထားနိုင်တာ ၊ အာဏာ ကို ဆုပ်ကိုင်ထားတဲ့သူကို Credentials Committeeကထောက်ခံတိုင်းလည်း ကုလသမဂ္ဂအထွေထွေညီလာခံက လက်ခံတာမဟုတ်ပါဘူး။

ဥပမာအားဖြင့် ၁၉၇၃ခုနှစ်က တောင်အာဖရိကဖြစ်စဉ်မှာအာဏာလက်ဆုပ်လက်ကိုင်ရှိနေပေမယ့် လူမျိုးရေးခွဲခြားတဲ့အစိုးရကို ကုလသမဂ္ဂအထွေထွေညီလာခံမှာ ကန့်ကွက် ပယ်ချ ခဲ့တဲ့သာဓက ရှိနေပါတယ်။

⓷ သံအမတ်ကြီး ဦးကျော်မိုးထွန်းကိုပဲ ဆက်လက်ခွင့်ပြုတာ

ဖြစ်တန်ချေ နည်းလမ်း ၃ ကတော့ မြန်မာနိုင်ငံရဲ့ ကိုယ်စားပြုခွင့် ကို ဆုံးဖြတ်ပေးဖို့ရွှေ့ဆိုင်းလိုက်တာပါ။ ဒီလိုဖြစ်ရပ်မျိုးဟာ အတိတ်မှာရှိဖူးပါတယ်။

၁၉၉၇ ခုနှစ်မှာ အာဖဂန်နစ္စတန်ကို ထိန်းချုပ်နိုင်သွားတဲ့ တာလီဘန် နဲ့ ဖြုတ်ချခံရတဲ့ အာဖဂန် အစိုးရတို့ရဲ့ Credentials ကို မဆုံးဖြတ်ဘဲ ရွှေ့ဆိုင်းလိုက်ပြီး ကုလသမဂ္ဂမှာ လက်ရှိ တာဝန်ထမ်းဆောင်နေတဲ့ ပုဂ္ဂိုလ် ကိုသာ ဆက်လက်ရွေးချယ်ဖို့ ဆုံးဖြတ်ခဲ့တာပါ။

ဒီဖြစ်စဉ်အရ လက်ရှိ တာဝန်ထမ်းဆောင်ဆဲဖြစ်တဲ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကိုပဲ ဆက်လက်ရွေးချယ်ဖို့များနေပါတယ်။

ဦးကျော်မိုးထွန်းဟာ စစ်အာဏာသိမ်းတာကို ဆန့်ကျင်သူဖြစ်ပြီး NUG နဲ့ ပူးပေါင်းဆောင်ရွက်နေသူပါ။

⓸ မြန်မာထိုင်ခုံကို အလွတ်ထားတာ

နောက်ဆုံး ဖြစ်တန်ချေကတော့ညီလာခံမှာ NUG ရော စစ်ကောင်စီ ရော ဘယ်သူကို ကိုယ်စားပြုခွင့်မပေးဘဲ မြန်မာနိုင်ငံရဲ့ ထိုင်ခုံကို ဒီနှစ်မှာ အလွတ်ထားလိုက်တာဖြစ်ပါတယ်။

ဒီလို ထိုင်ခုံကိုအလွတ်ထားတဲ့ဆုံးဖြတ်ချက်ဟာ နိုင်ငံတစ်နိုင်ငံကို ကုလသမဂ္ဂမှာပါဝင်တာ ကိုဖယ်ထုတ်ရာရောက်ပြီး ဒါဟာ ကုလသမဂ္ဂရဲ့ပဋိညာဉ်ကို ဆန့်ကျင်ရာလည်းရောက်တယ်လို့ Special Advisory Council for Myanmar အဖွဲ့က ဆိုထားပါတယ်။

စစ်အာဏာသိမ်းပြီးတဲ့နောက် ကမ္ဘာ့အဖွဲ့အစည်းကြီးတွေရဲ့ညီလာခံတွေမှာ NUG ရော စစ်ကောင်စီကိုပါ ပေးမတက်ဘဲ မြန်မာ ထိုင်ခုံကို အလွတ်ထားခံရတာတွေရှိခဲ့ပါတယ်။

ဒါကတော့ WHO ညီလာခံနဲ့ ILO ညီလာခံတွေပါ။

အဲဒီညီလာခံတွေကို တက်ဖို့ NUG ရော စစ်ကောင်စီပါ လုံးပန်းခဲ့ပေမယ့် နှစ်ဖက်လုံးတက်ခွင့်မရခဲ့ပါဘူး။

မြန်မာထိုင်ခုံ အတွက် အလားအလာအရှိဆုံးဖြစ်နိုင်တာကတော့ NUG ရဲ့ ကိုယ်စားလှယ်ကို လက်ခံတာ ၊ ဒါမှမဟုတ် လက်ရှိတာဝန်ထမ်းဆောင်ဆဲ ဦးကျော်မိုးထွန်းကို လက်ခံတာပဲဖြစ်တယ်လို့ Special Advisory Council for Myanmar အဖွဲ့က သုံးသပ်ထားပါတယ်။

ကိုးကား −
Briefing Paper: Myanmar’s representation in the United Nations
The battle for Myanmar’s seat in the UN General Assembly

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင် တရုတ်နိုင်ငံကိုရောက်ရှိနေစဉ်မှာ မူဆယ်နဲ့ နမ့်ခမ်းမြို့နယ်အတွင်း တရုတ်နိုင်ငံဖက်ခြမ်းကမြန်မာဘက်ကိုတိုးပြီး နယ်စပ်ခြံစည်းရိုးကာနေတာကို အရှိန် မြှင့်လုပ်​​လာတယ်လို့ ဒေသခံတွေကဒီက​နေ့မနက်ပိုင်းမှာပြောပါတယ်။

သတင်း

လူမျိုးတုံးသတ်ဖြတ်တဲ့ နိုင်ငံတကာစစ်ရာဇဝတ်မှုတွေကျူးလွန်နေတဲ့ စစ်တပ်ကို လက်နက်အပါအဝင် နိုင်ငံခြားဝင်ငွေ ရရှိအောင် လုပ်ဆောင်ပေးနေတဲ့ တရုတ်နိုင်ငံရဲ့ လုပ်ရပ်တွေကို ရှုတ်ချကြောင်း နဲ့ စစ်တပ်ကို ကူညီပေးမှုတွေကို ရပ်တန့်ဖို့ Justice For Myanmar-JFM ကတောင်းဆိုလိုက်ပါတယ်။

သတင်း

မြန်မာနိုင်ငံအတွင်းရှိတရုတ်လုပ်ငန်းများနဲ့ ဝန်ထမ်းများရဲ့ လုံခြုံရေးကို အထူးအလေးထားပြီး အစွမ်းကုန် အာမခံချက် ပေးသွားမယ်လို့ အာဏာသိမ်းစစ််ခေါင်းဆောင်းမင်းအောင်လှိုင်က တရုတ်သမ္မတကို ကတိပြုပါတယ်။

အတွေးအမြင်

ခါကာဘို ရေးသားသည်။ “ဂျပန်မှာ အလုပ်အကိုင်အခွင့်အလမ်းကောင်းတယ်၊ လစာကောင်းတယ်၊ အနာဂတ်ရှိတယ်” ဆိုတာ မြန်မာလူငယ်အများစု ကြားဖူးနေကျ စကားပါ။ အထူးသဖြင့်မြန်မာနိုင်ငံရဲ့လက်ရှိ အခြေအနေအရ ဂျပန်နိုင်ငံကို အလုပ်သွားလုပ်ဖို့၊ ကျောင်းသွားတက်ဖို့၊ ဒါမှမဟုတ် အခြေချနေထိုင်ဖို့ စဉ်းစားနေသူတွေ တိုးလာနေပါတယ်။ ဒါပေမယ့်တစ်ဖက်မှာစိတ်ဝင်စားစရာကောင်းတဲ့ အပြောင်းအလဲတစ်ခု ဂျပန်နိုင်ငံအတွင်း ဖြစ်ပေါ်နေပါတယ်။ ဂျပန်ဟာ...