စက်တင်ဘာ ၁ ရက်နေ့ည ၈ နာရီသတင်းမှာ ကိုဗစ်ဗီဇပြောင်း ပိုးတွေ့လူနာ ၁၅ ဦးထပ်တွေ့တယ်ဆိုပြီး စစ်ကောင်စီရဲ့ဝါဒဖြန့်မီဒီယာ MRTV က ကြေညာခဲ့ပါတယ်။
ပိုးတွေ့သူတွေထဲမှာ နေပြည်တော်က ငါးဦး၊ ရန်ကုန် က နှစ်ဦး မန္တလေးက နှစ်ဦးနဲ့ စစ်တွေ တောင်ငူ လားရှိုး မော်လမြိုင် မုံရွာ ကလေးစတဲ့မြို့တွေက တစ်ဦးစီပါဝင်တယ်လို့ သတင်းက ဆိုပါတယ်။
မျိုးဗီပြောင်းလဲခြင်းရှိမရှိဆိုတာကိုတော့ ဆေးသုတေသနတပ်ကနေ လူနာ ၁၅ ဦးရဲ့ ဓာတ်ခွဲနမူနာတွေရယူစစ်ဆေးခဲ့ကြောင်း သတင်းကဆက်လက် ဖော်ပြပါတယ်။
အဲသည် ကိုဗစ်ဗီဇပြောင်းပိုး လူ ၁၅ ဦးမှာ ထပ်တွေ့တယ်ဆိုတဲ့သတင်းကြောင်း ပြည်သူလူထုကြားမှာ ပိုးအသစ်တစ်မျိုးယခုမှတွေ့လေဟန် သို့လောသို့လော ဖြစ်ကုန်ကြပါတယ်။

Public Service Announcement
ဒါကြောင့်ပဲ “ဗီဇပြောင်းပိုး မြန်မာနိုင်ငံစတွေ့ပြီ ဂရုစိုက်ကြပါ”ဆိုတဲ့ သတိပေးစာတွေ ယခုရက်ပိုင်း ဖေ့စ်ဘွတ်ခ်လူမှုကွန်ယက်တွေမှာ ခပ်စိတ်စိတ်တွေ့ လာရတာပါပဲ။
စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာနတာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ဒေါက်တာခင်ခင်ကြီးက ဗီဇပြောင်းပိုးတွေ့တာနဲ့ပတ်သက်တဲ့ ပြည်သူတစ်ဦးရဲ့အမေးကို “(ပိုးသစ်)မဟုတ်ပါဘူး။ ယခင်ကလည်း တွေ့ထားပြီးသားပါ။ ခုထပ်စမ်းတော့လည်း ဒါပဲထပ်တွေ့တာကို ဆိုလိုပါတယ်”လို့ ပြန်လည်ဖြေကြားထားပါတယ်။

တစ်ကယ်တော့ မြန်မာနိုင်ငံမှာ ကိုဗစ်ဗီဇပြောင်းပိုးတွေ့ပြီလို့ အစောဆုံးအတည်ပြုချက်ထုတ်ပြန်ခဲ့တာဟာ ဇွန်လ ၁၅ ရက်ကတည်းကပါ။
ထုတ်ပြန်ချက်မှာ ဖော်ပြထားချက်အရ ဗီဇပြောင်းပိုးတွေ့တဲ့သူ ၁၁ ဦးရှိပြီး ကလေးမြို့က တစ်ဦး ရန်ကုန်မြို့က ပြည်ပပြန်တစ်ဦး တမူးမြို့က နှစ်ဦး မြိတ်က သုံးဦးနဲ့ မန္တလေးက လေးဦး အသီးသီးဖြစ်ကြပါတယ်။
ပိုးတွေ့လူနာတွေရဲ့ ဓာတ်ခွဲနမူနာတွေ ဇွန် ၃ ရက် မှာ ဆေးသုတေသနတပ်က ရယူစစ်ဆေးခဲ့ပြီး ဓာတ်ခွဲအဖြေတွေကိုတော့ ဇွန် ၁၅ မှာ ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။
လတ်တလောတွေ့ရှိတဲ့ ဗီဇပြောင်းပိုးနဲ့ပတ်သက်လို့
“တစ်နိုင်ငံလုံးမှာ အဓိကဖြစ်နေတာ Delta ။ သူကနေရာတိုင်းမှာရှိတယ်။ ဒါက စစ်တဲ့သူမှာတွေ့တယ်ပြောတာ။ ပြောရရင်တော့ ရာနှုန်းပြည့်နီးပါးရှိနေတာ”လို့ ဒေါ်ခင်ခင်ကြီးက ဖေ့စ်ဘွတ်ခ်လူမှုကွန်ယက်မှာ ရှင်းပြထားပါတယ်။
စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ဇွန် ၁၅ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာတွေ့ရတဲ့ ဗီဇပြောင်းပိုးတွေဟာ Alpha , Delta နဲ့ Variants of interest ဖြစ်တဲ့ Koppa စတာတွေပဲ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာတွေ့ရတဲ့ ဗီဇပြောင်းပိုးတွေကို စတင်တွေ့ရှိခဲ့တာကတော့ အိန္ဒိယ အမေရိကန် ပြင်သစ် ဂျာမနီ စပိန် အိုင်ယာလန်နဲ့ ဆွစ်ဇာလန် နိုင်ငံတွေပဲ ဖြစ်ပါတယ်။
ခုဆိုရင် မြန်မာအပါအဝင် ကမ္ဘာပေါ်မှာ ကိုဗစ်ဗီဇပြောင်းပိုးတွေ့ရှိတဲ့နိုင်ငံပေါင်းဟာ ၁၃၉ နိုင်ငံရှိပြီလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)က ထုတ်ပြန်ထားပါတယ်။ ကိုဗစ်တတိယလှိုင်းမှု ပြည်သူတွေက Delta မျိုးစိတ်ကြောင့်စံချိန်တင် ကူးစက်ခဲ့သလို ၊လူပေါင်း သောင်းနဲ့ချီပြီးသေဆုံးခဲ့ပါတယ်။ အာဏာသိမ်းစစ်ကောင်စီက ကိုဗစ်ရောဂါကာကွယ်ရေး ၊ကွင်းက်ဖြတ်တောက်ရေး ၊ကုသရေးတွေ ဘာမှ ထိ့ထိ့ရောက်ရောက်မလုပ်နိုင်ခဲ့ပါဘူး။ ဒါအပြင် ကိုဗစ်လူနာများချိန်မှာ အောက်စီဂျင်လိုအပ်ချက် အလွန်များလာပေမယ့် စစ်ကောင်စီက အောက်စီဂျင်စက်ရုံတွေကို စီးနင်းပိတ်ပင်ခဲ့တာ ၊ဆေးတွေ ဝယ်ရခက်ခဲအောင်ပြုလုပ်တာ၊ ဆေးရုံတွေမှာလည်း စစ်တပ်အရာရှိကြီးတွေရဲ့အသိုင်အဝိုင်းတွေကိုသာဦးစားပေးတက်ခွင့်ရအောင် လုပ်တာတွေကိုပြုလုပ်ခဲ့ပါတယ် ။
ပြည်သူတွေအခက်အခဲဆုံးကာလမှာဆေးနဲ့ အစားအသောက် အကူအညီတောင်းခံသူတွေ၊အကူအညီပေးသူတချို့ကိုပါ ဖမ်းဆီးအရေးယူ ပိတ်ပင်ခဲ့တာတွေပြုလုပ်ခဲ့ပါတယ် ။
ဒါကြောင့်ပြည်သူတွေက စစ်အာဏာသိမ်းမှုနောက်ဆက်တွဲဆိုးကျိုးတွေရယ် ၊စစ်ကောင်စီရဲ့ စေတနာနည်းမှု ၊လွဲမှားတွေစီမံခန့်ခွဲမှုတွေကြားက ကိုယ့်အားကိုယ်ကိုး ဖြေရှင်းရင်း ၊ပြည်သူအချင်းချင်းကူညီရင်းနဲ့ သြဂုတ်လလယ်နောက်ပိုင်း ပိုးကူးစက်မှုတွေလျှော့နည်းလာတယ်လို့ ကူဗစ်လူနာတွေကို ကူညီနေတဲ့လူမှုကူညီရေးအဖွဲ့တွေကပြောပါတယ်။ ဒါအပြင်စစ်ကောင်စီရဲ့ကျန်းမာရေး ဝန်ကြီးဌာန ကထုတ်ပြန်တဲ့ ကိုဗစ်လူနာတွေ့ရှိနှုန်းနဲ့သေဆုံးနှုန်းတွေ ကျဆင်းလာတာလည်းတွေ့ရပါတယ်။
ဒါပေမယ့် စစ်ကောင်စီက ကိုဗစ်ကူးစက်မှုလျော့နည်းလာတဲ့အချိန်မှာမန္တလေး၊မုံရွာအပါအဝင် မြို့တွေမှာ နေ့မထွက်ရအိန့်ထုတ်ပြီး ဒေသခံတွေကို ဖိနှိပ်တာ ပြုလုပ်လာပါတယ် ။ ဒါအပြင် ကိုဗစ် Delta မျိုးကွဲအခုမှ တွေ့သလို စစ်ကောင်စီဝါဒ ဖြန့်မီဒီယာတွေကညထုတ်ပြန်လာတာဖြစ်ပါတယ်။ “ကိုဗစ်ကို လက်နက်အနေနဲ့စစ်ကောင်စီအသုံးချနေတာပါ” လို့ပြည်သူတစ်ဦးကသူ့အမြင်ကိုပြောပါတယ်။


















































