Connect with us

Hi, what are you looking for?

LuduNwayOo

ဆောင်းပါး

ဘယ်နိုင်ငံတွေမှာ ကလေးတွေကို ကိုဗစ်ကာကွယ်ဆေး ထိုးပေးနေသလဲ၊ ဘယ်ဆေးတွေထိုးပေးနေကြသလဲ

“ကိုဗစ်ဟာ ကလေးတွေမှာ အထိအခိုက် နည်းပါးလေ့ ရှိပေမယ့် ဒီအချက်ကို ပုံသေ ဆုပ်ကိုင်ထားလို့ မရတော့ဘူး ဆိုတာကို Delta မျိုးကွဲ ကိုရိုနာ ဗိုင်းရပ်စ်က သတိပေးသွားခဲ့ပါတယ်”

ကလေးတွေမှာ ကိုဗစ်ရောဂါ ကာကွယ်ဆေး ထိုးသင့် မထိုးသင့် ဆိုတာက ပညာရှင်တွေ ကြားမှာ အငြင်းပွားမှုတွေ ရှိနေသေးသလို မိဘတွေ ကိုယ်တိုင်လည်း ပြတ်ပြတ်သားသား ရွေးချယ် ဆုံးဖြတ်ဖို့ ခက်နေဆဲ ဝိရောဓိတစ်ခု ဖြစ်ပါတယ်။

Deltaမျိုးကွဲ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေက ကလေးတွေကိုပါ ထိခိုက်မှု ပိုများပြားလာစေတဲ့ အခါမှာတော့ ကလေးတွေကို ဆေးထိုးပေးဖို့ သင့်မသင့်ဆိုတဲ့ အငြင်းအခုံက ပိုအားကောင်းလာပါတယ်။ အခုဆိုရင် ဆယ်ကျော်သက် အရွယ်တွေကို ဆန္ဒအလျောက် စပြီး ဆေးထိုးခွင့် ပြုတဲ့ နိုင်ငံတွေ ရှိနေပြီ ဖြစ်သလို တချို့ နိုင်ငံတွေကတော့ ပိုငယ်ရွယ်တဲ့ ကလေးတွေကိုပါ ကာကွယ်ဆေး ထိုးပေးနေပြီ ဖြစ်ပါတယ်။

ကပ်ရောဂါ ဂယက် သည်းထန်လာချိန်မှာ အရေးတကြီး တီထွင် ဖော်စပ်ခဲ့တဲ့ ကာကွယ်ဆေးတွေက ကလေးတွေမှာ လုံလောက်တဲ့ စမ်းသပ်မှုတွေ မလုပ်ဖြစ်ခဲ့သေးတာက တစ်ကြောင်း၊ ကိုဗစ်ရောဂါကလည်း ကလေးတွေမှာ လက္ခဏာ ပြင်းထန်တာမျိုး နည်းပါးတာက တစ်ကြောင်းတို့ကြောင့် လက်ရှိ အသုံးပြုနေတဲ့ ကာကွယ်ဆေး အများစုကို အသက် ၁၈ နှစ် အထက် အရွယ်တွေမှာပဲ ထိုးနှံပေးခဲ့ပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း ဆေးကုမ္ပဏီကြီးတွေက ပိုငယ်ရွယ်တဲ့ အသက် အပိုင်းအခြားတွေမှာပါ ဆေးထိုးပေးပြီး လူငယ်တွေနဲ့ ကလေးတွေမှာ ကာကွယ်ဆေး ထိုးနှံနိုင်ဖို့ ပိုပြီး အားထုတ်လာပါတယ်။

Public Service Announcement

Public Service Announcement

တကယ်တော့ ကပ်ရောဂါ ကူးစက်မှုတွေကို ထိထိရောက်ရောက် ဟန့်တားဖို့ အတွက်ဆိုရင် ကလေးတွေမှာလည်း ကာကွယ်ဆေး ကျယ်ကျယ်ပြန့်ပြန့် ထိုးပေးဖို့ လိုပါတယ်။ ဒီအချက်ကို ပညာရှင်တွေ အားလုံးက ခြွင်းချက်မရှိ လက်ခံထားပေမယ့် ကလေးတွေမှာ လတ်တလော ဆေးထိုးပေးသင့်ပြီလား ဆိုတဲ့ ကိစ္စနဲ့ ပတ်သက်ရင်တော့ သဘောထားတွေ မတူကြပါဘူး။ ပိုပြီး ပြည့်စုံတဲ့ သုတေသန ရလဒ်တွေကို စောင့်ချင်တဲ့ ဆေးသုတေသန ပညာရှင်တွေ ရှိနေသလို ကျောင်းတွေ ပြန်ဖွင့်တဲ့အခါ ကလေးတွေ လူစုလူဝေး ဖြစ်လာနိုင်တာကြောင့် ဆေးထိုးပေးထားမှသာ ကူးစက်မှု ကွင်းဆက်တွေကို ဖြတ်တောက်နိုင်မယ်ဆိုတဲ့ ထောက်ပြမှုတွေလည်း ရှိနေပါတယ်။

လက်ရှိ အချိန်ထိတော့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)က Pfizer ကုမ္ပဏီထုတ် ကာကွယ်ဆေး တစ်မျိုးတည်းကိုသာ အသက် ၁၂ နှစ်အထက် အရွယ်တွေမှာ အရေးပေါ် သုံးစွဲခွင့် ပြုထားပါတယ်။ ဒါပေမဲ့ နိုင်ငံအလိုက် အမျိုးအစား မတူညီတဲ့ ကာကွယ်ဆေးတွေကို ကလေးတွေမှာ ကျယ်ကျယ်ပြန့်ပြန့် စမ်းသပ်တာတွေ ရှိနေပါပြီ။ လက်ရှိ အချိန်ထိ ဘယ်နိုင်ငံမှာ ဘယ်လောက် ငယ်ရွယ်တဲ့ ကလေးတွေကို ဘယ်ကာကွယ်ဆေး ထိုးပေးနေသလဲ ဆိုတာတွေနဲ့ ပတ်သက်ပြီး စုစည်း ဖော်ပြပေးလိုက်ပါတယ်။

ကိုဗစ်ရောဂါ အစပြုလာတဲ့ တရုတ်နိုင်ငံမှာ Sinovacရဲ့ ကာကွယ်ဆေးကို အသက် ၃ နှစ်နဲ့ ၁၇ နှစ်ကြား အရွယ်တွေ အတွက်ပါ ထိုးနှံပေးဖို့ ညွှန်ကြားထားပါတယ်။ နောက်ထပ် သီးခြား သုတေသနပြုမှုတွေအရ Sinopharmက ထုတ်လုပ်တဲ့ ကာကွယ်ဆေးကလည်း အသက် ၃ နှစ်အထက် အရွယ်တွေထိ အသုံးပြုဖို့ သင့်လျော်တယ်လို့ ကြေညာထားပါတယ်။ တရုတ်ဟာ ပြည်တွင်းမှာ ကလေးတွေကို ကာကွယ်ဆေး ကျယ်ကျယ်ပြန့်ပြန့် ထိုးနှံပေးနေသလို တရုတ်ရဲ့ ကာကွယ်ဆေးတွေ အသုံးပြုတဲ့ နိုင်ငံတွေမှာလည်း ကလေးတွေကို ဆေးထိုးပေးဖို့ တိုက်တွန်းနေပါတယ်။ တရုတ် အာဏာပိုင်တွေက ကလေးတွေကို မဖြစ်မနေ ကာကွယ်ဆေး ထိုးရမယ်လို့ ညွှန်ကြားထားတာတော့ မရှိပါဘူး။ ဒါပေမဲ့ ဆေးမထိုးထားတဲ့ ကလေးတွေက လူအများနဲ့ ရောနှောပြီး ကျောင်းမတက်ရဘူး ဆိုတာမျိုး စည်းမျဉ်းတွေ ကန့်သတ်လိုက်တဲ့အခါ မိဘတွေအတွက် ရွေးချယ်စရာတော့ နည်းသွားပါတယ်။

အာရပ်စော်ဘွားများ ပြည်ထောင်စု (ယူအေအီး) နိုင်ငံမှာလည်း ကျန်းမာရေး ဝန်ကြီးဌာနက Sinopharmရဲ့ ဆေးကို အသက် ၃ နှစ်နဲ့ ၁၇ နှစ်ကြား အရွယ်တွေအတွက် ဖြန့်ဝေပေးသွားမယ်လို့ ပြောပါတယ်။ ဒီဆေးကို ကလေးတွေမှာ စမ်းသပ်မှုနဲ့ ပတ်သက်လို့ စဉ်ဆက်မပြတ် လေ့လာသွားမယ်လို့ ယူအေအီး အာဏာပိုင်တွေက ပြောပေမယ့် အသေးစိတ် အချက်အလက်တွေကိုတော့ မကြေညာခဲ့ပါဘူး။

တောင်အမေရိက နိုင်ငံတွေဖက်ကို မျှော်ကြည့်တဲ့အခါ ချီလီနိုင်ငံမှာ အသက် ၆ နှစ်အထက် ကလေးတွေကို မိဘရဲ့ ဆန္ဒအလျောက် Sinovac ဆေးထိုးခွင့် ပေးထားပါတယ်။ အယ်လ်ဆာဗေးဒိုး နိုင်ငံမှာလည်း အသက် ၆ နှစ်အထက် ကလေးတွေကို မကြာခင် ကာကွယ်ဆေး ထိုးပေးဖို့ ပြင်ဆင်နေပါပြီ။ တောင်အာဖရိက နိုင်ငံကတော့ အသက် ၆ လလောက်ထိ ငယ်ရွယ်တဲ့ ကလေးတွေမှာပါ ကာကွယ်ဆေးတွေ စတင် စမ်းသပ်နေပြီလို့ ဆိုပါတယ်။ လက်ရှိ အချိန်ထိတော့ ဒီစမ်းသပ်မှုတွေနဲ့ ပတ်သက်လို့ ဆိုးရွားတဲ့ ဘေးထွက် အာနိသင်တွေ မတွေ့သေးပါဘူး။

ကျူးဘားနိုင်ငံမှာ ကလေးတွေကို ကာကွယ်ဆေး ထိုးနှံပေးရေး အစီအမံတွေကတော့ ပိုပြီး ထူးဆန်းပါတယ်။ ကျူးဘား အစိုးရက သူတို့ရဲ့ ပြည်တွင်းဖြစ် ကာကွယ်ဆေးတွေကို အသက် ၂ လအရွယ်ကစပြီး ဘာအန္တရာယ်မှ မရှိဘဲ ထိုးနှံနိုင်မယ်လို့ ပြောပါတယ်။ ကျူးဘားဟာ Abdala၊ Soberana 1၊ Soberana 2၊ Soberana Plus၊ Mambisa အစရှိတဲ့ နာမည်တွေနဲ့ ကိုဗစ် ကာကွယ်ဆေးတွေ စမ်းသပ်တီထွင်ပြီး ပြည်တွင်းမှာ လက်တွေ့ သုံးစွဲနေပါတယ်။ ဒါပေမဲ့ Deltaမျိုးကွဲ ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲ ကူးစက်မှုတွေဒဏ်ကိုတော့ တော်တော်လေး ပြင်းပြင်းထန်ထန် ခံခဲ့ရပါတယ်။ ကျူးဘား အစိုးရက ပြည်တွင်းဖြစ် ကာကွယ်ဆေးတွေကို လက်တွေ့ သုံးစွဲရာမှာ အာနိသင် ထိရောက်ပြီး ဘေးထွက်ဆိုးကျိုး နည်းပါးတယ်လို့ ကြွေးကြော်နေပေမယ့် ဆေးစမ်းသပ်မှု အချက်အလက်တွေကိုတော့ WHOဆီ တင်ပြတာမျိုး မရှိသေးပါဘူး။

အာနိသင် အထက်မြက်ဆုံး ကာကွယ်ဆေးတွေ ထုတ်လုပ်နေတဲ့ အမေရိကန် ပြည်ထောင်စုကလည်း ကလေးတွေကို ဆေးထိုးပေးဖို့ ရည်မှန်းချက်ဆီ သတိကြီးကြီး ချဉ်းကပ်နေပါတယ်။ Pfizerရဲ့ ဆေးကို အသက် ၁၂ နှစ်အထက် အရွယ်တွေထိ ထိုးခွင့် ပေးထားပြီး အခုဆိုရင် အသက် ၅ နှစ်နဲ့ ၁၁ နှစ်ကြား အရွယ်တွေမှာပါ သုံးစွဲနိုင်ဖို့ ခြေတစ်လှမ်း တိုးလာပါပြီ။ Modernaနဲ့ Johnson & Johnson ကုမ္ပဏီတွေကလည်း သူတို့ရဲ့ ဆေးတွေကို အသက် ၁၈ နှစ်အောက် လူငယ်တွေမှာ သုံးစွဲခွင့်ရဖို့ ကြိုးစားနေပါတယ်။ Deltaမျိုးကွဲ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေကြောင့် အမေရိကန်မှာ ဆေးရုံတက်ရတဲ့ ကလေး အရေအတွက် စံချိန်တင် မြင့်တက်ခဲ့တဲ့ နောက်မှာတော့ ကလေးတွေကို ဆေးထိုးပေးဖို့ ပိုပြီး အရေးကြီးလာတာ ဖြစ်ပါတယ်။

Public Service Announcement

အိန္ဒိယမှာတော့ အရွယ်ရောက်ပြီးတဲ့ လူကြီးတွေကို ကာကွယ်ဆေး ထိုးပေးဖို့ ဦးစားပေး သတ်မှတ်ထားပေမယ့် ကလေးတွေကိုလည်း မျက်ကွယ်ပြုထားတာတော့ မဟုတ်ပါဘူး။ ပြည်တွင်း ဆေးကုမ္ပဏီ Zydus Cadilaက ထုတ်လုပ်တဲ့ ဆေးကို အရွယ်ရောက်ပြီးသူတွေမှာရော၊ အသက် ၁၂ နှစ်အထက် ဆယ်ကျော်သက်တွေမှာပါ သုံးစွဲခွင့် ပြုထားပါတယ်။ အိန္ဒိယ ဆေးဝါး အရည်အသွေး စိစစ် အကြံပေးမှု ကော်မတီရဲ့ ပညာရှင်တွေကလည်း ပြည်တွင်းဖြစ် ကာကွယ်ဆေးဖြစ်တဲ့ Covaxin ကို အသက် ၂ နှစ်အထက် အရွယ်တွေမှာ ထိုးနှံပေးသင့်ကြောင်း ထောက်ခံထားပါတယ်။ ဒါပေမဲ့ တရားဝင် ခွင့်ပြုတဲ့ အဆင့်ထိ ရောက်ဖို့တော့ လုပ်ထုံးလုပ်နည်း တော်တော်များများ လိုအပ်နေဆဲပါ။ ဒါ့အပြင် အိန္ဒိယရဲ့ ပြည်တွင်းဖြစ် နောက်ထပ် ကာကွယ်ဆေးတွေ ဖြစ်ကြတဲ့ Covavax နဲ့ Corbevax တို့ကလည်း အသက် ၂ နှစ်အထက် အရွယ်တွေမှာ ထိုးပေးနိုင်ဖို့ စမ်းသပ်မှုတွေ စတင်နေပါပြီ။

ခြုံကြည့်ရရင်တော့ ဆေးကုမ္ပဏီ အသီးသီးက ကလေးတွေမှာ ကာကွယ်ဆေး ထိုးမယ့် ကိစ္စကို ပိုပြီး အရှိန်မြှင့် အကောင်အထည် ဖော်နေကြပြီဆိုတာ သေချာပါတယ်။ WHO က အသိအမှတ် ပြုထားတဲ့ ကိုဗစ် ကာကွယ်ဆေးတွေရော၊ ပြည်တွင်းမှာပဲ သုံးစွဲနေသေးတဲ့ ဆေးဝါးတွေပါ ဒီအပိုင်းကို ပိုပြီး အလေးထားလာပါတယ်။ အရင်က ကိုဗစ်ဟာ ကလေးတွေမှာ အထိအခိုက် နည်းပါးလေ့ ရှိပေမယ့် မျိုးဗီဇ အပြောင်းအလဲတွေကြောင့် ဒီအချက်ကို ပုံသေ ဆုပ်ကိုင်ထားလို့ မရတော့ဘူး ဆိုတာကို Delta မျိုးကွဲ ကိုရိုနာ ဗိုင်းရပ်စ်က သတိပေးသွားခဲ့ပါတယ်။

ကလေးတွေကို ကာကွယ်ဆေး ထိုးပေးဖို့ သင့်မသင့် ဆိုတာနဲ့ ပတ်သက်လို့ ရှေ့ဆက်ပြီး အငြင်းပွားတာတွေ၊ မယုံမရဲ မေးခွန်းထုတ်တာတွေ ရှိနေဦးမှာပါ။ ဒါပေမဲ့ ရောဂါကူးစက်မှု ကွင်းဆက်ကို ဖြတ်တောက်ဖို့ဆိုရင် ကလေးတွေအတွက် ဘေးကင်းလုံခြုံတာ သေချာတဲ့ ကာကွယ်ဆေးမျိုး ထိုးပေးတာက ပိုပြီး ဖြစ်သင့်တဲ့ ဆုံးဖြတ်ချက်ပါ။ ဒါဟာ ကျန်းမာရေး ရှုထောင့် တစ်ခုတည်းကသာ ချဉ်းကပ်ထားတဲ့ သုံးသပ်ချက်လည်း ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ရှိုက်သွင်းရတဲ့ ကာကွယ်ဆေးကို တရုတ် ဆေးကုမ္ပဏီ CanSino Biologicsက တီထွင်ခဲ့ပါတယ်။ ဒီဆေးဟာ လူသားတွေအတွက် ဆိုးကျိုး မရှိသလောက်နည်းတဲ့ တုပ်ကွေးဗိုင်းရပ်စ် တစ်မျိုးကို အခြေခံပြီး တီထွင် ထုတ်လုပ်ထားကြောင်း သိရပါတယ်။

News

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO ) နဲ့ ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ (UNICEF) တို့က ထောက်ပံ့တဲ့ ကျပ်သန်း ၁၆,၉၀၀ ထဲက လက်ကျန်ငွေ ၁၆၈ ဒသမ ၁၉၈ သန်းကို ပြန်အပ်လိုက်တာဟာ နိုင်ငံဘဏ္ဍာငွေ ဆုံးရှုံးတယ်ဆိုတဲ့စွပ်စွဲချက်နဲ့ ဒေါက်တာထားထားလင်းကို လုပ်ပိုင်ခွင့်အာဏာအလွဲသုံးမှု အဂတိပုဒ်မနဲ့ စစ်ကောင်စီ တရားစွဲခဲ့တာပါ။

ဆောင်းပါး

မြန်မာနိုင်ငံအနေနဲ့ ပြည်သူ့အစိုးရလက်ထက်ကစပြီး ယခုအချိန်ထိ အသက် ၁၈ နှစ်အထက်ရှိသူတွေကို ကိုဗစ်ကာကွယ်ဆေး ထိုးပေးနေပါတယ်။ အဲဒီအသက်အုပ်စုတွေ ထိုးပြီးသွားတဲ့နောက်ပိုင်း ၁၂ အထက်ကလေးတွေကို ထိုးနှံပေးသွားမယ်လို့ အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာန (MOHS)က ဆိုပါတယ်။ ၁၈ နှစ်အထက် ကာကွယ်ဆေးထိုးခွင့်ရှိသူဦးရေဟာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ၃၉ ဒဿမ ၉...

ဆောင်းပါး

ကိုဗစ်ရောဂါကူးစက်မှုကို ကာကွယ်ဖို့နဲ့ ကူးစက်ခံရရင် ပြင်းထန်မှုကို​လျှော့ချနိုင်ဖို့ ကိုဗစ်ကာကွယ်ဆေးထိုးဖို့ ကမ္ဘာကျန်းမာ​ရေးအဖွဲအပါအဝင် ကျန်းမာ​ရေးပညာရှင်​တွေက တိုက်တွန်းထားပါတယ် ။ ကာကွယ်ဆေးထိုးတဲ့အခါ ဆေးရဲ့ဘေးထွက်ဆိုးကျိုးတချို့ကိုလည်း ခံစားကြရမှာပါ။ ဒါပေမဲ့ ဆေးထိုးသူတိုင်း ခံစားရတာမျိုးမဟုတ်ဘဲ အားလုံးရဲ့ ၅၀ ရာခိုင်နှုန်းလောက်သာ ဘေးထွက်ဆိုကျိုးခံစားရတယ်လို့ ဆိုထားပါတယ်။ ဘေးထွက်ဆိုးကျိုးရှိမရှိဆိုတာကိုတော့ ဆေးထိုးပြီး ၃ ရက်ကနေ...