ကိုဗစ်ရောဂါကူးစက်မှုကို ကာကွယ်ဖို့နဲ့ ကူးစက်ခံရရင် ပြင်းထန်မှုကိုလျှော့ချနိုင်ဖို့ ကိုဗစ်ကာကွယ်ဆေးထိုးဖို့ ကမ္ဘာကျန်းမာရေးအဖွဲအပါအဝင် ကျန်းမာရေးပညာရှင်တွေက တိုက်တွန်းထားပါတယ် ။
ကာကွယ်ဆေးထိုးတဲ့အခါ ဆေးရဲ့ဘေးထွက်ဆိုးကျိုးတချို့ကိုလည်း ခံစားကြရမှာပါ။ ဒါပေမဲ့ ဆေးထိုးသူတိုင်း ခံစားရတာမျိုးမဟုတ်ဘဲ အားလုံးရဲ့ ၅၀ ရာခိုင်နှုန်းလောက်သာ ဘေးထွက်ဆိုကျိုးခံစားရတယ်လို့ ဆိုထားပါတယ်။
ဘေးထွက်ဆိုးကျိုးရှိမရှိဆိုတာကိုတော့ ဆေးထိုးပြီး ၃ ရက်ကနေ ၁၀ ရက်အတွင်း သိနိုင်ပါတယ်။ ပြီးတဲ့အခါ ရက်ပိုင်းအတွင်း ပြန်လည်သက်သာပျောက်ကင်း နိုင်ပါတယ်။ ဒါကြောင့်လည်း ကာလတို ဘေးထွက်ဆိုးကျိုးလို့ ပ ညာရှင်တွေက သတ်မှတ်ကြပါတယ်။
ဒါပေမယ့်ဆေးထိုးပြီးနောက်ဆက်တွဲဝေဒနာခံစားရတာမှာ နောက်ဆုံးတွေ့ရှိချက်တွေအရ အပျော့စား ၊အလယ်အလတ်နဲ့ ပြင်းထန်ဆိုပြီးသိလာရပါတယ်။ အဲဒီအထဲမှာ ပြင်းထန်အခြေအနေကတော့ ရှားပါးတယ်လို့ ဆိုထားပါတယ်။
❑ နောက်ဆက်တွဲခံစားရနိုင်တဲ့ဘေးထွက်ဆိုးကျိုး
ခံစားရတဲ့ လက္ခဏာတွေထဲမှာ နာကျင်တာ ကိုယ်လက်ကိုက်ခဲတာ နီမြန်းတာ ပင်ပမ်းနွမ်းနယ်တာ ဖျားတာ ပျို့အန်တာ စတာတွေပဲ ဖြစ်ပါတယ်။
ဒါ့အပြင် အဖျားတက်တာ၊ မောပန်းတာ၊ ခေါင်းကိုက်တာ၊ ကြွက်သားတွေနာကျင်တာ၊ ချမ်းတုန်တာ၊ ဝမ်းလျှောတာနဲ့ ဆေးထိုးတဲ့နေရာကနာကျင်တာတွေလည်း ခံစားရတတ်ပါတယ်။
ကာကွယ်ဆေးထိုးပြီးတဲ့နောက် ဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်ချေဟာ ကာကွယ်ဆေးအမျိုးအစားအပေပါ် မူတည်ပြီးတော့ အနည်းငယ်ကွဲပြားမှု ရှိနိုင်ပါတယ်။
❑ ဘေးထွက်ဆိုးကျိုးကို သက်သာစေဖို့
ကာကွယ်ဆေးထိုးခြင်းကြောင့် ခံစားရနိုင်တဲ့ဘေးထွက်ဆိုးကျိုးတွေ သက်သာရရစေမဲ့နည်းလမ်းတွေထဲမှာ ကောင်းမွန်စွာ အနားယူခြင်းလည်း ပါဝင်ပါတယ်။
အရေများများသောက်ရမှာဖြစ်ပေမဲ့ အရက်သေစာသောက်သုံးခြင်းကို ရှောင်ကျဉ်ရပါမယ်။ အရေများများသောက်ခြင်းက ဖျားနာခြင်းကို လျော့ကျစေနိုင်ပါတယ်။
ပြီးတော့ ဆေးထိုးထားတဲ့နေရာက နာကျင်ကိုက်ခဲတာ နီမြန်းတာတွေအတွက် အဝတ်စသန့်သန့်ကို ရေအေးနဲ့စိမ်ပြီး ကပ်ပေးနိုင်ပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ်အတွက် ပေါ့ပေါ့ပါးပါးရှိစေမဲ့ အဝတ်အစားမျိုးကိုသာ ရွေးချယ်ဝတ်ဆင်သင့်တယ်လို့ ပညာရှင်တွေက အကြံပြုပါတယ်။
အဖျားငွေ့ငွေ့ရှိတာ နာကျင်ကိုက်ခဲတာတွေအတွက် အကိုက်အခဲပျောက်ဆေးတွေဖြစ်တဲ့ Paracetamol/acetaminophen တွေကို အသုံးပြုနိုင်ပါတယ်။ ဒါပေမဲ့ အဲဒီဆေးတွေကို ကာကွယ်ဆေးမထိုးခင်ကတည်းက ကြိုတင်မှီဝဲတာမျိုးတော့ မလုပ်သင့်ဘူးလို့ ပညာရှင်တွေက သတိပေးထားပါတယ်။
❑ ဘယ်အခြေအနေမှာ ဆရာဝန်နဲ့ တိုင်ပင်မလဲ
ကာကွယ်ဆေးထိုးပြီး ၂၄ နာရီအတွင်း နာကျင်ကိုက်ခဲတဲ့ဝေဒနာတွေ ခံစားလာရပြီဆိုရင် ကျွမ်းကျင်ဆရာဝန်/ဆရာမတွေနဲ့ တိုင်ပင်သင့်ပါတယ်။ ပြီးတော့မှ သူတို့ရဲ့ လမ်းညွှန်မှုအတိုင်း ဆေးဝါးမှီဝဲတာမျိုး လုပ်သင့်ပါတယ်။
အသက်ရှူရခက်တာ၊ ရင်ဘတ်အောင့်တာ၊ စိတ်ရှုပ်ထွေးတာ၊ စကားပြောဖို့ ခက်ခဲသွားတာနဲ့ သွားလာလှုပ်ရှားနိုင်မှုမရှိတော့တာမျိုးဆိုရင်တော့ ကျန်းမာရေးစောင့်ရှောက်မှု ချက်ချင်းခံယူသင့်ပါတယ်။
ပထမအကြိမ် ကာကွယ်ဆေးထိုးပြီးတဲ့နောက် ပြင်းထန်တဲ့ ဘေးထွက်ဆိုးကျိုးခံစားရရင်ဖြစ်စေ ဓါတ်မတည့်ရင်ဖြစ်စေ အဲဒီကာကွယ်ဆေးအမျိုးအစားကို ဒုတိယအကြိမ် ဆက်မထိုးသင့်ပါဘူး။ နောက်ထပ်ကာကွယ်ဆေးအမျိုးအစားသစ်တစ်ခုရှာဖွေပြီး အစကနေပြန်ထိုးသင့်ပါတယ်။

❑ နှစ်ကြိမ်စလုံး ဘေးထွက်ဆိုးကျိုးခံစားရနိုင်
ကာကွယ်ဆေးကြောင့် ဘေးထွက်ဆိုးကျိုးခံစားရတဲ့အခါ ပထမအကြိမ်မှာခံစားရတဲ့ ဝေဒနာမှန်သမျှ ဒုတိယအကြိမ်မှာလည်း ခံစားရနိုင်ခြေ များပါတယ်။
အထူးသဖြင့် ကာကွယ်ဆေးရဲ့ ဘေးထွက်ဆိုးကျိုးတွေကို အမျိုးသားတွေထက် အမျိုးသမီးတွေက ပိုခံစားရနိုင်တယ်လို့ ဆိုထားပါတယ်။ ဘာကြောင့်လည်းဆိုတော့ အမျိုးသားနဲ့ အမျိုးသမီး ခန္ဓာကိုယ်ဖွဲ့စည်းပုံခြင်း မတူကြသလို ခန္ဓာကိုယ်ရဲ့တုန့်ပြန်အားလည်း မတူကြလို့ ဖြစ်ပါတယ်။
ကာကွယ်ဆေးထိုးပြီးတဲ့နောက် ဘေးထွက်ဆိုကျိုးခံစားရတယ်ဆိုတာ ဆေးက ခန္ဓာကိုယ်ရဲ့ခုခံအားစနစ်ကိုတည်ဆောက်ရာက ဖြစ်ပေါ်လာတဲ့ ဝေဒနာတွေပဲ ဖြစ်ပါတယ်။
ဘယ်ကာကွယ်ဆေးအမျိုးအစားဖြစ်စေ ဆေးရဲ့အကျိုးသက်ရောက်မှုကိုသိနိုင်ဖို့ဆိုရင် ဆေးထိုးပြီးချိန်ကနေ နှစ်လအထိစောင့်ကြည့်ပြီးမှသာ သိနိုင်တယ်လို့ ပညာရှင်တွေက ဆိုထားပါတယ်။
ကိုးကား – ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)
– အမေရိကန်နိုင်ငံ ဗဟိုကူးစက်ရောဂါကာကွယ်ထိန်းချုပ်ရေးဌာန(U.S, CDC)
