Connect with us

Hi, what are you looking for?

LuduNwayOo

ဆောင်းပါး

အကြမ်းဖက်စစ်​တပ်ရဲ့ ဖြတ်​လေးဖြတ်မှာ ညီညွတ်​နေတဲ့စစ်​ဘေး​ရှောင်များ

“သြဂုတ် လကတည်းက ရွာနဲ့ အတော် ဝေးတဲ့ နှစ်နာရီ သုံးနာရီ လောက် ခြေကျင်သွားရတဲ့ တောထဲမှာ ရှောင်နေခဲ့ရတယ်။အခုထိလည်း ကျွန်တော်တို့ မိသားစု အပါအဝင် ရွာခံတော်တော်များများရှောင်နေကြရတယ်”ဟု ကိုထွန်းလှိုင်က ဖွင့်ဟသည်။

လာမည့် ရက်သတ္တပတ် နှစ်ခု ဆိုလျှင် ကိုထွန်းလှိုင်(အမည်လွှဲ)တို့ မိသားစု အပါအဝင် အိမ် ထောင်စု ၁၀၀ ကျော် မှာ စားနပ်ရိက္ခာ ပြတ်လုနီးပါးဖြစ်​တော့မည်။

ထို​ကြောင့် ထယ်လှော်ရွာ ပြန်လည်ထူ ထောင်ရေးအဖွဲ့ လေးတစ်ခုဖွဲ့ကာ အနယ်နယ် အရပ်ရပ်သို့ အကူအညီတောင်းခံမှုကို ကိုထွန်းလှိုင် တစ်ယောက် ဦးစီးဆောင်ရွက် နေပြီဖြစ်သည်။

ထယ်လှော်ရွာ မှာ မကွေးတိုင်း၊ဂန့်ဂေါမြို့နယ် ထဲမှာရှိပြီး လူဦးရေ ၁၀၀၀ ကျော် နေထိုင်ကာ
ဖေဖော်ဝါရီ ၁ ရက်နေ့မတိုင်ခင်အထိ လယ်ယာ စိုက်ပျိုးရေး နှင့် မွေးမြူရေး လုပ်ငန်းတို့ကို ငြိမ်းချမ်းစွာ၊ပျော်ရွှင်စွာလုပ်ကိုင်ရပ်တည်ခဲ့ကြသည့် ရွာလေးတရွာဖြစ်သည်။

သို့သော် စစ်အာဏာသိမ်းမှု​နောက်တွင်အာဏာသိမ်းစစ်​ကောင်စီသယ်​ဆောင်လာ​သော ဆိုးယုတ်မှုအားလုံးကိုထယ်လှော်ရွာနေ ပြည်သူများလည်း နိုင်ငံတစ်ဝန်းရှိပြည်သူများနည်းတူ ခံစားခဲ့ရသည်။ပိုး၍ ဆိုးသည်မှာ အကြမ်းဖက် စစ်တပ်ကရွာသို့လာပြီး နေအိမ်များ မီးရှို့ခြင်းနှင့် ပစ်ခတ်ဖမ်းဆီးနှိပ်စက်မှုများ​ကြောင့်​ဒေသခံပြည်သူများမှာ စစ်​ဘေးဒုက္ခသည်များ
အဖြစ် အဓမ္မ တွန်းပို့ခံခဲ့ရ​လေသည်။

Public Service Announcement

Public Service Announcement

“သြဂုတ် လကတည်းက ရွာနဲ့ အတော် ဝေးတဲ့ နှစ်နာရီ သုံးနာရီ လောက် ခြေကျင်သွားရတဲ့ တောထဲမှာ ရှောင်နေခဲ့ရတယ်။အခုထိလည်း ကျွန်တော်တို့ မိသားစု အပါအဝင် ရွာခံတော်တော်များများရှောင်နေကြရတယ်”ဟု ကိုထွန်းလှိုင်က ဖွင့်ဟသည်။

အကြမ်းဖက် စစ်ကောက်စီမှာ အောက်တိုဘာ ၃ ရက်က ထယ်လှော်ရွာကို သုံးကြိမ်မြောက် မီးဝင်ရှို့ခဲ့ပြီး နေအိမ်အလုံး ၃၀ ခန့် ပါသွားခဲ့သည်။

“မျိုးရိုးစဥ်ဆက် သမရိုးကျစုဆောင်ရှာဖွေပြီး ဆောက်ခဲ့ရတဲ့ အိမ်ဆိုတော့ ပိုနှမြောတယ်။ တစ်သက် အခဲမကြေဘူး”ဟု ​နေအိမ်ဆုံးရှုံးသွားသော ထယ်လှော်ရွာသားတစ်ဦးက ပြောသည်။

ပြည်သူ့ကာကွယ်ရေးတပ်များအားကောင်းသောဒေသများသို့ အကြမ်းဖက်စစ်ကောင်စီက ထိုး စစ်ဆင်ရာတွင် PDF များရှိနေသည် (သို့ မ ဟုတ်)ထောက်ပံမှုများပြုလုပ်နေသည်ဟု ဒလန်သတင်းပေးစွပ်စွဲချက်ဖြင့် ကျေးရွာများကိုဝင်​ရောက်၍ မီးရှို့ဖျက်ဆီးခံခဲ့ရခြင်းဖြစ်ကြောင်း စစ်ရှောင်များက ပြောသည်။

အကြမ်းဖက်စစ်ကောင်စီက မကွေး နှင့် စစ်ကိုင်း တစ်လျှောက်ရှိစစ်​ကောင်စီကို ခုခံ​တွန်းလှန်​သောအမာခံ နယ်မြေမှကျေးရွာများကို ဝင်ရောက် ဖျက်ဆီးခဲ့
သည့်အပြင် ကျေးရွာတွင်းစားနပ်ရိက္ခာ ၊ ပိုက်ဆံ နှင့် ဆိုင်ကယ်များကိုပါ အဓမ္မ ယူဆောင်နေကြောင်း အဆိုပါဒေသတွင် ​တော်လှန်​ရေး ပြုလုပ်နေသည့် People Revolution Army မှ ဗိုလ်နေက ​ပြောသည်။

“စစ်သားချင် တိုက်ပါလို့ပဲ ခဏခဏ အသိပေးတယ်။ဘာမှ မဆိုင်တဲ့ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ဖျက်ဆီးတယ်။သတ်ဖြတ်တယ်။လူမဆန်တဲ့ကိစ္စတွေချည်းပဲ”ဟု ဗိုလ်​နေကမှတ်ချက်ပြု သည်။

ထယ်လှော်ရွာကဲ့သို့ မကွေးတိုင်း ဂန့်ဂေါမြို့နယ် အတွင်းရှိ နှမ်းခါးရွာ၊ကျွန်းဒတ်ရွာ၊မြင်သားရွာ၊သာလင်းရွာနှင့် ရှာတောရွာများရှိနေအိမ်များလည်း
အကြမ်းဖက်စစ်တပ်က လူသတ် ၊ဖမ်းဆီးနှိပ်စက် ၊မီးရှို့ခံခဲ့ရသည်။ထို့​ကြောင့်အဆိုပါရွာများမှာလည်း ပြန်လည်ထူ​ထောင်ရေး အဖွဲ့များဖွဲ့ကာ အကူအညီတောင်းခံလျက်ရှိသည်။အ​ခြေခံစား​သောက်ကုန်များ နှင့် ဆေးဝါးများစ​သော အရေးပေါ် အကူအညီများလိုအပ်​နေခြင်းဖြစ်သည်။

“တောထဲက ဝါးခုတ်တဲထိုးပြီး ရှိတာနဲ့ နေလို့ရပါတယ်။ အစားအသောက်နဲ့ ဆေးဝါးကြတော့ ဘယ်မှာ မှ ရှာမရဘူး။နီးစပ် ရာ ရွာတွေကိုယ်တိုင်လည်း လူယုတ်မာတွေကဖျက်ဆီးသွား တာကို”ဟု ကျွန်းဒတ်ရွာသားတစ်ဦးက ရှင်းပြသည်။

ထို့အပြင် တစ်နိုင်ငံလုံးအတိုင်းအတာအရ
အကြမ်းဖက်စစ်တပ် အာဏာသိမ်းချိန်ကစ၍ တိုက်ပွဲရှောင်ပြည်သူ တစ်သိန်းခွဲ နီးပါး ထပ်တိုးလာပြီး ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး(OCHA)က အောက်တိုဘာ ပထမပတ် တွင် ထုတ်ပြန်ခဲ့သည်။

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၏ နောက်ဆုံးရကိန်းဂဏန်းများအရ ကယား ပြည်နယ်မှာ ၈၂,၅၀၀၊ ကရင် ပြည်နယ်မှာ ၄၉,၅၀၀၊ ရှမ်းပြည်နယ်တောင်ပိုင်း ၁၁,၁၀၀၊ ပဲခူးတိုင်းမှာ ၁,၂၀၀၊ မွန်ပြည်နယ် ၁,၁၀၀ နှင့် တနင်္သာရီတိုင်းမှာ ၉၀၀ ခန့် အရပ် သားပြည်သူတွေ နေရပ်စွန့်ခွာတိမ်းရှောင်နေရသည်။သို့​သော် အကြမ်းဖက်စစ်​ကောင်စီက ပြည်သူများကိုပါမ​ရှောင် ပစ်မှတ်ထားသတ်ဖြတ် ၊ဖမ်းဆီးနှိပ်စက် ၊ပစ္စည်းများလုယက်​၊​နေအိမ်များမီးရှိုဖျက်ဆီး​​​သော​ကြောင့်ထွက်​ပြေးတိမ်း​ရှောင်​နေရသူအ​ရေအတွက်မှာထို့ထက်ပိုများပါသည်။ OCHA နှင့် UNHCR ပြုစုထား​သောစာရင်းတွင် စစ်ကိုင်းတိုင်းနှင့်မ​ကွေးတိုင်းမပါ​သေး၍ ထို​ဒေသမှ စစ်​ဘေး​ရှောင်အ​ရေအတွက်များပါ ပါလျှင်များစွာတိုးလာမည်ဖြစ်သည်။

မကွေးနှင့် စစ်ကိုင်း၌ အနည်းဆုံး စစ်ရှောင်အရေအတွက် ၁၀,၀၀၀ ကျော်ရှိနိုင်သည်ဟု PRA ကခန့်မှန်းသည်။

“မနေ့ကတောင် ကျွန်တော်တို့စခန်းကို ဆက်သွယ်ပြီး စစ်ရှောင် ၄၀၀ ကျော်ရောက်လာတယ်။သူတို့အတွက် ပါ စားနပ်ရိက္ခာ ပိုပြီး အလှူခံရတာပေါ့။စစ်ရှောင်တွေအတွက် အခုအလိုအပ်ဆုံးက အခြေခံဆေးဝါးနဲ့ အစားအသောက်ပါပဲ”ဟု ဗိုလ်နေကလည်း​ပြောသည်။

စစ်ကောင်စီ၏ ထိုးစစ်ဆင်နေသော ချင်း၊
စစ်ကိုင်း နှင့် မကွေး တိုင်းရှိ စစ်ရှောင်အရေ အတွက် မပါဝင်သော်လည်း လာမည့်လအတွင်း
စစ်ရှောင်အရေအတွက် မှာ ဆက်လက် တိုးလာနိုင်ကြောင်းလည်း ပြည်တွင်း လူ့အခွင့်အရေး အဖွဲ့များက သုံးသပ်သည်။

စစ်ရှောင်များအတွက် ပို၍ အခက်တွေ့စေသည့် အချက်မှာ ရွာတွင် ကျန်ခဲ့​သော ရိက္ခာများ ပြန်မယူနိုင်ခြင်းဖြစ်ပြီး လှူလိုသူများ ရှိသော်လည်း
စစ်ရှောင်များ ဆီသို့ ​အ​ရောက်ပို့ရန်ခက်ခဲခြင်း ပြဿနာအချို့ နှင့် စုဆောင်းထားသော ရိက္ခာများကို စစ်တပ်က ဖျက်ဆီးခံနေရကြောင်း ကရင်လူမှုအဖွဲ့အစည်းမှ ဦးပီတာဟန်သောင်းကလည်း သုံးသပ်သည်။

စစ်ရှောင်များအတွက် အကူအညီပေးရမှု နေရာဒေသ နှင့် လုံခြုံရေး အလိုက် မူတည်၍ အခက်အခဲ များကွာ ခြားမည်ဟု ၎င်းကဆက်​ပြောသည်။

“တချို့ကူညီတဲ့သူတွေ ဖမ်းခံရတယ်။ဒါကို ကြည့်ခြင်းအားဖြင့် အ​ကြမ်းဖက်စစ်တပ်က ပြည်သူတွေပါရိက္ခာပြတ်စေချင်တာ။ဒါကြောင့် ကျွန်တော်တို့က တိုင်းရင်းသားလက်နက်ကိုင်တွေကနေတဆင့် စစ်ရှောင်ပြည်သူတွေဆီ ထောက်ပံမှု လုပ်နေရတယ်”ဟု ဦးပီတာ က ပြောသည်။

စစ်ရှောင် ပြည်သူ ရှစ်သောင်းကျော်ရှိသော ကယားပြည်နယ် အတွင်းရှိ စစ်ရှောင်စခန်းများသို့လည်း Free Burma Ranger Karenni တပ်ဖွဲ့က ယခင်အပါတ်က အရေးပေါ်အစားအသောက် ဆေးဝါးရိက္ခာအပါအဝင် ခွန်အားပေးနှိမ့်သိမ့်မှု အစီအစဥ်များပြုလုပ်ခဲ့သည်။

“ခက်ခဲ​ကြပ်တည်းလှတဲ့ ဒီလိုကာလမှာ ကိုယ်ကိုတိုင်က ပြုံးပျော်ဖို့ ခက်ခဲပေမယ့် စစ်ရှောင်ပြည်သူတွေအရှေ့မှာကြိုးစားခဲ့တယ်”ဟု Free Burma Ranger Karenniအဖွဲ့ဝင်တစ်ဦးကသွား​ရောက်ကူညီရင်း ၊ခွန်အား​ပေးစဥ်အ​တွေ့အကြုံကိုပြောသည်။

အစိုးရလုပ်လိုပြီး အာဏာလုထားသည့်စစ်​ကောင်စီက စစ်​ဘေးဒုက္ခသည်များအတွက်လုံးဝထည့်သွင်းစဥ်းစား ငဲ့ညှာခြင်းမရှိဘဲရန်သူလိုသ​​ဘောထားကာ ဖမ်းဆီးနှိပ်စက်သတ်ဖြတ်​နေခြင်း ၊ပစ္စည်းများလုယက်ဖျက်ဆီး​နေခြင်းက စစ်​ဘေး​ရှောင်ပြည်သူများအတွက်အဆိုးဆုံးအ​ခြေအ​နေဖြရ်သည်။ထို့ကြောင့် မြန်မာနိုင်ငံတစ်ဝန်း စစ်ရှောင်နေရသော ပြည်သူများမှာ တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့များနှင့် ဒေသတွင်း ပြည်သူ့တပ်ဖွဲ့ကို သာ အားကိုးနေရသည်မှာ သိသာထင်ရှားနေသည်။

“အကြမ်းဖက်စစ်တပ်ရဲ့ ဖြတ်လေးဖြတ် (ရိက္ခာဖြတ်ခြင်း၊ ဘဏ္ဍ​ငွေဖြတ်ခြင်း၊ သတင်းအဆက်အသွယ်ဖြတ်ခြင်း၊ လူထုနှင့်အဆက်အသွယ်ဖြတ်ခြင်း ) မှာ ကျွန်တော်တို့ ပြည်သူတွေ ပိုပြီး ညီညွတ်ကြမယ်။ပြီးတော့ PDF တွေကို သာ အဓိက ထောက်ပံ့ပါ ။ကျွန်တော်တို့ဆီ ဆယ်ပုံ တစ်ပုံရောက်ရင် ကျေနပ်ပါပြီ”ဟု ကိုထွန်းလှိုင်ကသူ၏ ဆန္ဒကိုထုတ်​ဖော်​ပြောကြားသည်။

(ဓါတ်ပုံ-မ​ကွေးတိုင်းရှိ နှင်းခါး​ကျေးရွာကို အကြမ်းဖက်စစ်​ကောင်စီက အကြိမ်ကြိမ် မီးရှို့ဖျက်ဆီးခဲ့သည်။)

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ် ရေဖြူရွာရောက် ကရင်နီပြည်နယ်မှ စစ်ရှောင်ပြည်သူ ၁,၄၅၀ ဦးကို PNLO က ဇူလိုင် ၁၆ ရက်တွင် ဆန်အိတ် ၄၀၀၊ မိသားစုအသုံးအဆောင်ပစ္စည်းအစုံ ၄၀၀ နှင့် တစ်ကိုယ်ရည်သုံးပစ္စည်းအစုံ ၁,၄၅၀ ကို ပေးအပ်ခဲ့ခြင်းဖြစ်သည်။

သတင်း

ယနေ့( ဇူလိုင် ၄ )ရက် နံနက် ၂ နာရီခန့်က ဒီး​မော့ဆို မြို့နယ် အ​နောက်ခြမ်းရှိစစ်ဘေးရှောင် ပြည်သူများ၏စစ်ရှောင်စခန်းတစ်နေရာတွင် စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကြဲခဲ့ခြင်းဖြစ်သည်။

မေးမြန်းခန်း

လက်ရှိ ကရင်နီ(ကယား)ပြည်နယ်၏ စစ် ဘေးရှောင်ပြည်သူများရင်ဆိုင်​နေရ​သော အခက်အခဲများကို မြေပြင်တွင် စာရင်းပြုစု ကူညီ​ပေးနေသော ကရင်နီ လူမှုအသင်းအဖွဲ့များကွန်ရက် မှ တာဝန်ရှိသူ ခွန်းရူဘီ ကိုPeople's spring က ဆက်သွယ်မေးမြန်းထားပါသည်။

မေးမြန်းခန်း

People’s Spring သတင်းဌာနက KIO/KIA သတင်းနဲ့ ပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကို ဆက်သွယ်မေးမြန်းခဲ့ရာ ဗိုလ်မှူးကြီးနော်ဘူရဲ့ ဖြေကြားချက်ကို ဖော်ပြလိုက်ပါတယ်။