Connect with us

Hi, what are you looking for?

LuduNwayOo

ဆောင်းပါး

ကိုဗစ်ရောဂါ ကုသရေးအတွက် ဆေးကောင်းတစ်လက်

Regen-Covကို ကိုဗစ်ရောဂါ ကူးစက်မခံရခင် ကြိုတင်သုံးစွဲတာမျိုး FDAက ခွင့်ပြု မထားပါဘူး။ ရောဂါ ကူးစက်တာ သေချာပြီ ဆိုမှသာ ဆရာဝန်က ဒီဆေးနည်း သုံးသင့် မသုံးသင့် ချိန်ဆ ဆုံးဖြတ်ရမှာပါ။

” Regen-Cov ဟာ ရောဂါလက္ခဏာတွေ ပြင်းထန်လာနိုင်ခြေကို ၇၀ ရာခိုင်နှုန်းလောက် လျှော့ချနိုင်ပြီး သေဆုံးနိုင်ခြေကလည်း သာမန်ထက် ၂၄ ကနေ ၃၀ ရာခိုင်နှုန်းလောက်ထိလျှော့ချနိုင်တဲ့ ဆေး”

ကိုဗစ် ရောဂါသည်တွေအတွက် Regen-Cov ရောစပ်ဆေးဝါး ကုထုံး အရေးပေါ် သုံးစွဲမှုကို အမေရိကန် အစားအသောက်နဲ့ ဆေးဝါး ကွပ်ကဲရေးဌာန (FDA)က သက်တမ်းတိုးခွင့် ပြုလိုက်ပါတယ်။ ကပ်ရောဂါ အစောပိုင်း ကာလတွေ ကတည်းက စမ်းသပ် ကုထုံးအဖြစ် အရေးပေါ် သုံးစွဲလာတဲ့ Regen-Covဟာ လက်ရှိ အချိန်ထိ အားကိုးနေရဆဲလို့ FDA က ဆုံးဖြတ်ခဲ့တဲ့ သဘောလည်း ဖြစ်ပါတယ်။

၂၀၁၉ ခုနှစ် နှောင်းပိုင်းလောက်မှာ တရုတ်နိုင်ငံ အလယ်ပိုင်း၊ ဝူဟန်မြို့ကနေ စတင်ပျံ့နှံ့လာတဲ့ ကိုရိုနာဗိုင်းရပ်စ် အမျိုးအစားသစ် တစ်ခုကြောင့် ကိုဗစ်ကပ်ရောဂါ အစပြုလာပါတယ်။ ကပ်ရောဂါ ဖိစီးလာတဲ့ အစောပိုင်း နေ့ရက်တွေတုန်းကတော့ နိုင်ငံတကာ ဆေးသုတေသန ပညာရှင်တွေဟာ ဗိုင်းရပ်စ် အသစ်အကြောင်း ဘာမှ ရေရေရာရာ မသိသေးဘဲ ဆေးဝါး အမျိုးမျိုးနဲ့ စမ်းသပ် ကုသဖို့ ကြိုးစားခဲ့ကြပါတယ်။ တချို့ ကုထုံးတွေက အလုပ်မဖြစ်ခဲ့သလို တချို့ဆေးဝါးတွေကလည်း ရောဂါကို ပိုတောင် ဆိုးရွားသွားစေမလားဆိုတဲ့ အငြင်းပွားမှုတွေ ပေါ်ပေါက်လာစေခဲ့ပါတယ်။ ဒါပေမဲ့ Regen-Cov ကတော့ ကိုဗစ်ရောဂါ ကုသရေးမှာ အထိရောက်ဆုံး ရွေးချယ်မှု တစ်ခုအဖြစ် လပေါင်းအတော်များများ မှတ်ကျောက်တင်ခံ ရပ်တည်ပြခဲ့ပြီး ဖြစ်လာပါတယ်။

ကိုဗစ်ရောဂါ ဖြစ်ပွားစေတဲ့ Sars-Cov-2 ကိုရိုနာဗိုင်းရပ်စ်ကို တန်ပြန် ဖျက်ဆီးဖို့အတွက် ဒီဆေးဝါး အရောအစပ်ကို အမေရိကန် ဇီဝနည်းပညာ ကုမ္ပဏီ Regeneron က ဖန်တီးခဲ့ပါတယ်။ ကိုဗစ်ရောဂါအတွက် လူလုပ် ကိုယ်ခံအား Antibody အတု အားဖြည့်ပေးတဲ့ သဘောမျိုး ဒီဆေးက အလုပ်လုပ်လိမ့်မယ်လို့ ပညာရှင်တွေက မျှော်လင့်ခဲ့ကြတယ်။ ကိုယ်ခံအား Antibody စနစ်နှစ်ခုဖြစ်တဲ့ Casirivimabနဲ့ Imdvimabတို့ကို ဆတူရောစပ်ပြီး ကိုဗစ်ရောဂါကို တုံ့ပြန်နိုင်တဲ့ Antibody မျိုး လူ့ခန္ဓာကိုယ်က ပိုထုတ်ပေးနိုင်အောင် Regen-Cov ကို ဖန်တီးယူထားတာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

အမေရိကန်မှာတော့ Regen-Covကို ကိုဗစ်ရောဂါအတွက် တရားဝင် ကုသဆေးအဖြစ် သတ်မှတ်မထားပေမယ့် အရေးပေါ် သုံးစွဲမယ့် ဆေးဝါးအဖြစ် FDA က အသိအမှတ် ပြုထားပါတယ်။ ဗြိတိန်ကတော့ လူနာတွေ ကိုယ့်သဘောနဲ့ကိုယ် သုံးစွဲခွင့် မရှိဘဲ တတ်သိပညာရှင်တွေ ဆုံးဖြတ်ချက်နဲ့ သုံးစွဲခွင့်ပြုတဲ့ ဆေးအမျိုးအစားထဲမှာ Regen-Covကို ထည့်သွင်းထားပါတယ်။

Regen-Cov ကို ရောဂါလက္ခဏာ အပျော့စားနဲ့ အတန်အသင့် ပြင်းထန်တဲ့အဆင့် လူနာတွေမှာ သုံးစွဲလေ့ ရှိပါတယ်။ လူနာဟာ အသက် ၁၂ နှစ် အထက်အရွယ်နဲ့ ကိုယ်အလေးချိန် ၄၀ ကီလိုဂရမ်ထက်မနည်း ရှိဖို့တော့ လိုပါတယ်။ လက်ရှိ အချိန်ထိ ဒီဆေးဝါးကို သုံးစွဲပြီး ကုသထားတဲ့ လူနာ အများစုမှာ အပေါင်းလက္ခဏာဆန်တဲ့ ရလဒ်တွေ တွေ့မြင်နေရပါတယ်။

New England ဆေးပညာ ဂျာနယ်က Regen-Cov ကို စမ်းသပ်ဆေးဝါးအဖြစ် သုံးစွဲမှု သုတေသန မှတ်တမ်းတစ်ခုကို ဖော်ပြထားပါတယ်။ ဒီမှတ်တမ်းဟာ ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာ လကုန်ပိုင်းကနေ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ လလယ်အထိ ကာလအတွင်း လူနာ ၂၆၉၆ ဦးကို ကုသပေးခဲ့တဲ့ ဆေးပညာဆိုင်ရာ အချက်အလက်တွေကို စုစည်းထားတာပါ။ အဲဒီအခါ ဒီစမ်းသပ်ကုထုံး အသုံးပြုထားတဲ့ လူနာတွေ အနေနဲ့ ဆေးရုံတက်ရတဲ့ထိ ရောဂါလက္ခဏာတွေ ပြင်းထန်လာနိုင်ခြေကို ၇၀ ရာခိုင်နှုန်း ဝန်းကျင်လောက် လျှော့ချနိုင်ပြီး သေဆုံးနိုင်ခြေကလည်း သာမန်ထက် ၂၄ ကနေ ၃၀ ရာခိုင်နှုန်းလောက်ထိ လျော့သွားတယ်လို့ ဆိုပါတယ်။

ဗြိတိန်နဲ့ အမေရိကန်မှာ စမ်းသပ်ကုသမှုတွေအရ Regen-Covဟာ ရောဂါသည်တွေရဲ့ Antibody လှုံ့ဆော်မှု အတွက်ရော၊ ကိုရိုနာဗိုင်းရပ်စ် တိုးပွားမှုကို တားဆီးတဲ့ အပိုင်းမှာပါ အားရစရာ ကောင်းနေတယ်လို့လည်း သိရပါတယ်။ ဒီကုထုံးကို မျက်စိစုံမှိတ် ထောက်ခံဖို့အတွက် ပိုပြီး ကျယ်ပြန့်တဲ့ သုတေသနပြု လေ့လာမှုတွေ လိုအပ်နေသေးတယ်ဆိုတဲ့ ဝေဖန်မှုတချို့ ရှိနေပေမယ့် Regen-Covဟာ ဆေးသုတေသန ပညာရှင်တွေကြားမှာ လူကြိုက်အများဆုံး ကိုဗစ်ကုထုံး တစ်ခုတော့ ဖြစ်လာခဲ့ပါတယ်။

ဒီဆေးနည်းကို ပိုပြီး လူသိများစေခဲ့သူကတော့ အမေရိကန် သမ္မတဟောင်း ဒေါ်နယ်လ်ထရမ့် ဖြစ်ပါတယ်။ ထရမ့်ဟာ သမ္မတအဖြစ် ရှိနေဆဲ ၂၀၂၀ ပြည့်နှစ် နှောင်းပိုင်းမှာ ကိုဗစ်ရောဂါ ကူးစက် ခံခဲ့ရပါတယ်။ ထရမ့်ရဲ့ ဆေးစစ်အဖြေ Positive ဖြစ်ခဲ့တဲ့နောက် Regen-Covကို ၈ ဂရမ် တစ်ကြိမ် ထိုးနှံပေးခဲ့ကြောင်း Regeneronက ကြေညာပါတယ်။ ထရမ့်ရဲ့ မိသားစု ဆရာဝန်တွေ ကိုယ်တိုင်က သမ္မတအတွက် ဒီဆေးနည်းကို အသုံးပြုဖို့ တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။

Regen-Covကို ကိုဗစ်ရောဂါ ကူးစက်မခံရခင် ကြိုတင်သုံးစွဲတာမျိုး FDAက ခွင့်ပြု မထားပါဘူး။ ရောဂါ ကူးစက်တာ သေချာပြီ ဆိုမှသာ ဆရာဝန်က ဒီဆေးနည်း သုံးသင့် မသုံးသင့် ချိန်ဆ ဆုံးဖြတ်ရမှာပါ။ ဒီဆေးဟာ ရောဂါလက္ခဏာတွေ ပြင်းထန်မလာအောင်၊ အခြေအနေတွေ ပိုဆိုးမလာအောင် ဟန့်တားဖို့သာ အထောက်အကူ ဖြစ်စေပြီး ကာကွယ်ဆေးတွေ နေရာမှာ အစားထိုး သုံးစွဲဖို့ လုံးဝ မသင့်တော်ကြောင်း FDAက ရှင်းရှင်းလင်းလင်း ညွှန်ကြားထားပါတယ်။

အရေးကြီးတာက တခြား ဆေးဝါးတွေလိုပဲ Regen-Covကလည်း ဓာတ်မတည့်တာမျိုး ရှိနိုင်ပါတယ်။ ဒီဆေးကို အနည်းအကျဉ်း စမ်းသပ်ကြည့်လို့ ဓာတ်မတည့်တဲ့ လက္ခဏာမျိုးတွေ ပြသလာရင် လုံးဝ မသုံးသင့်ဘူးလို့ အမေရိကန် ရောဂါ တားဆီး ထိန်းချုပ်ရေးဌာနက (CDC)က သတိပေးထားပါတယ်။ ကိုဗစ်ရောဂါ ကုသရာမှာရော၊ ရောဂါနောက်ဆက်တွဲ သုံးစွဲရာမှာပါ Casirivimabနဲ့ Imdevimabတို့ကို ၆၀၀ ဂရမ်စီ၊ ၃၀၀ ဂရမ်စီ စသဖြင့် သတ်မှတ် ပမာဏတွေအလိုက် ထိုးနှံပေးလေ့ ရှိပါတယ်။

Regen-Cov ဟာ အမေရိကန်နဲ့ ဗြိတိန်တို့မှာ အသုံးများတဲ့ အရေးပေါ် ကိုဗစ်ကုထုံးတစ်ခု ဖြစ်နေပေမယ့် ဂျာမနီ၊ အိန္ဒိယတို့ အပါအဝင် ကမ္ဘာ့နိုင်ငံ တချို့ကလည်း မှာယူ အသုံးပြုလာကြပါပြီ။ ကိုဗစ်ရောဂါအတွက် ကာကွယ်ဆေးတွေ အပြိုင် ထုတ်လုပ်လာနိုင်ပြီ ဖြစ်ပေမယ့် တရားဝင် အသိအမှတ် ပြုထားတဲ့ ကုသဆေးတော့ မရှိသေးပါဘူး။ ဒီအခြေအနေမျိုးမှာ Regen-Covကတော့ ဆေးသိပ္ပံ ပညာရှင်တွေ အားအထားဆုံး ရွေးချယ်မှု တစ်ခုအဖြစ် ရပ်တည်နေဆဲ ဖြစ်ပါတယ်။

ဘာဆေးတွေဘယ်လောက်ကောင်းကောင်း ကိုဗစ်ရောဂါကိုကာကွယ်ဖို့က Mask တပ်၊ လက်ဆေး၊ ခပ်ခွာခွာနေပြီး ကာကွယ်ဆေးထိုးထားခြင်းကသာ ကိုဗစ်ကိုရှောင်ရှားနိုင်ဖို့ အကောင်းဆုံးနဲ့ အထိရောက်ဆုံးဆေးဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

လုံခြုံရေးအခြေနေအရ တစ်မြို့ကနေအခြားတစ်မြို့ဆီ ပြောင်းရွှေ့ဖူးတာတော့ ရှိတယ်။ ဒါပေမဲ့ ခရီးသွားသက်သက် အနေနဲ့ ဘယ်မှ မထွက်ဖြစ်ခဲ့ဘူး။ ခုမှ မိသားစုကိစ္စနဲ့ ခရီးတစ်ခုသွားဖို့ ကြုံလာတာ။ မြို့တော်ရန်ကုန်ကနေတွက်ရင် မိုင် ၂၅၀ လောက်ဝေးတဲ့ ခရီးဆိုပါတော့။

နိုင်ငံတကာ

၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလတုန်းက ကပ်ရောဂါကြောင့် သေဆုံးသူ အရေအတွက်ဟာ အပတ်စဉ် ၁ သိန်းကျော်ထိ ရှိခဲ့ပြီး အမြင့်ဆုံး အဆင့်ကို ရောက်ခဲ့ပါတယ်။ ဒါပေမဲ့ အခုနှစ် ဧပြီလ ၂၄ ရက်ထိ အခြေအနေအရ အပတ်စဉ် သေဆုံးသူ ဦးရေဟာ ၃၅၀၀ အောက်ထိ...

နိုင်ငံတကာ

ကိုဗစ်ရောဂါ ဖြစ်ပွားခဲ့ကြောင်း အထောက်အထား တွေ့ရှိခဲ့တဲ့ အာခေါင်တို့ဖတ် နမူနာကို ဟွာနန်း ပင်လယ်စာ စျေးထဲက တွန်းလှည်းတစ်ခုနဲ့ ရက်ကွန်းဝံ တစ်ကောင်စီကနေ စုဆောင်း ရရှိခဲ့တာလို့လည်း သိရပါတယ်။

နိုင်ငံတကာ

PSCက တရုတ်ဟာ ကပ်ရောဂါအပေါ် အောင်ပွဲရယူ ကျော်လွှားနိုင်ခဲ့ပြီလို့ ပြောပေမယ့် ကပ်ရောဂါဆိုး ဖြစ်ပွားစေတဲ့ ကိုရိုနာဗိုင်းရပ်စ်ရဲ့ တကျော့ပြန် ခေါင်းထောင်လာနိုင်ခြေတွေအပေါ် လျှော့မတွက်ဖို့တော့ ပြည်သူတွေကို အလေးအနက် သတိပေးထားပါတယ်။