Connect with us

Hi, what are you looking for?

ဆောင်းပါး

“ဒလန်မဟုတ်ကြောင်း သစ္စာဆို”

သစ္စာရေသောက်ပြီး ဒလန်မဟုတ်ကြောင်း၊ ဒလန်မလုပ်တော့ကြောင်း သစ္စာဆိုသူများရှိသလို နောက်ထပ်နည်းလမ်းတစ်ခုဖြင့် ဒလန်မဟုတ်ကြောင်းရှင်းသည့်နည်းလမ်းတစ်ခုလည်း ရှိသေးသည်။

အာဏာလုစစ်ကောင်စီသတင်းပေးများအား အသိ ပေးပြီး သတ်ဖြတ်ရှင်းလင်းနေသည့် စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်တွင် ဒလန်ဟုကျော်ဇောနေသူများသည် မိမိတို့ဒလန်မဟုတ်ကြောင်းအားမြတ်စွာဘုရားရုပ်ပွားတော်မြတ်ရှေ့တွင် သစ္စာဆိုကာ တိုင်တည်ခဲ့ကြသည်။

ရွှေဝါရောင်အဆင်းရှိသော ဗုဒ္ဓမြတ်စွာဘုရားရုပ်ပွား တော်ငယ်အား စားပွဲပေါ်တွင်ချထားသည်။ ရုပ်ပွားတော်မြတ်၏ရှေ့တွင်တော့ ရေထည့်ထားသော စတီးရေခွက်တစ်လုံးချထားသည်။

ရုပ်ပွားတော်နှင့်မျက်နှာချင်းဆိုင်တွင် အမျိုးသားသုံးယောက်၊ အမျိုးသမီးနှစ်ယောက် မှုန်တေတေနှင့် ထိုင်နေကြသည်။

ကင်မရာမြင်ကွင်းတွင်မပါသည့် အမျိုးသားတစ်ယောက်မှ “ကဲ လိုက်ဆို”ဟု ဟန့်လိုက်တော့ မရွှင်မလန်းဖြစ်နေသော ထိုအမျိုးသားအမျိုးသမီးများ အသင့်အနေအထားဖြစ်သွားကြသည်။

Public Service Announcement

Public Service Announcement

“ဝက်လက်မြို့နယ်”
“ဝက်လက်မြို့နယ်”

“ဘူးဘကန်ကျေးရွာတွင်”
“ဘူးဘကန်ကျေးရွာတွင်”

“နေထိုင်ကြသော”
“နေထိုင်ကြသော”

ရှေ့ကလူတိုင်ပေးသမျှ ထိုအဖွဲ့က လိုက်လံရွတ်ဆိုနေသည်။

“ဝက်လက်မြို့နယ်၊ ဘူးဘကန်ကျေးရွာတွင် နေထိုင်ကြသော ကျွန်တော် ကိုခင်မောင်သက်၊ ကိုကြည်ထွေး၊ ကိုနိုင်မျိုး၊ မနန်းယုလှိုင်၊ မခင်ဆွေ၊ ကျွန်မတို့သည် ကျွန်တော်တို့သည် အောင်နက် ဂုတ်ကျားတို့အဖွဲ့နှင့် ဘယ်သောအခါမှ ပတ်သက်မှု မလုပ်တော့ကြောင်းကို ဘုရားရှေ့တွင် ကတိသစ္စာပြုအပ်ပါသည်။ ကျွန်တော် ကျွန်မတို့ကြောင့် ရွာသူရွာသားများ စိတ်အနှောင့်အယှက်ဖြစ်ခဲ့လျှင် ရိုးသားစွာ တောင်းပန်အပ်ပါသည်။ သစ္စာရေလည်းဘုရားရှေ့မှောက်တွင် ယခု သောက်ပါသည်။”

သစ္စာဆိုပြီးနောက် စတီးခွက်ထဲမှ သစ္စာရေအားတစ်ငုံစီမျှသောက်ကြသည်။

သစ္စာရေသောက်ပြီး ဒလန်မဟုတ်ကြောင်း၊ ဒလန်မလုပ်တော့ကြောင်း သစ္စာဆိုသူများရှိသလို နောက်ထပ်နည်းလမ်းတစ်ခုဖြင့် ဒလန်မဟုတ်ကြောင်းရှင်းသည့်နည်းလမ်းတစ်ခုလည်း ရှိသေးသည်။

ဝက်လက်မြို့နယ်၊ ရွာလယ်လမ်းမကြီးတစ်နေရာတွင် ခန္ဓာကိုယ်ခပ်ပြည့်ပြည့်လူတစ်ယောက်မှ လက်တစ်ဖက်တွင် မိုက်တစ်လုံး၊ ကျန်သည့် လက်တစ်ဖက်တွင် ဘလူးတုစပီကာဆောင်းဘောက်စ်နှင့် စာရွက်တစ်ရွက်ကိုကိုင်ကာ ရွာလယ်လမ်းတစ်လျှောက် လမ်းလျှောက်လာသည်။ မသိလျှင်တော့ တစ်ခုခုများရောင်းချနေသလားထင်ရသည်။ မဟုတ်ပါ။စစ်ကောင်စီသတင်းပေး ဒလန်မဟုတ်ကြောင်း မိုက်ဖြင့် ရွာထဲလှည့်အော်ရှင်းပြနေရခြင်းဖြစ်သည်။

“ဝက်လက်မြို့နယ်၊ ရုံးပင်ကုန်းကျေးရွာအုပ်စု၊ ရုံးပင်ကုန်းကျေးရွာနေ အဖ…..၏သား၊ မှတ်ပုံတင်အမှတ်……..ကိုင်ဆောင်သူ ကျွန်တော်ဦးရဲထွန်းသည် ၂၀၀၆ ခုနှစ်တွင် ကြံ့ခိုင်ရေး စည်းရုံးရေးမှုး လုပ်ခဲ့ခြင်းမှအပ မည်သည့်အဖွဲ့အစည်းနှင့်မှ ပတ်သက်ခြင်းမရှိပါ။ နောက်နောင်တွင်လည်း ပတ်သက်ခြင်းရှိမည်မဟုတ်ပါကြောင်း တင်ပြအပ်ပါသည်။”ဟု ရပ်ရွာပြည်သူများ သိရှိစေရန် ဘလူးတုစပီကာထမ်းကာ မိုက်တစ်လုံးဖြင့် လှည့်လည်အော်ဟစ်ခဲ့ရသည်။ နောက်တစ်ဦးကတော့ စျေးသည်များအသုံးပြုသည့် လက်ကိုင်အသံချဲ့စက်အော်လံဖြင့် ရွာထဲလှည့်လည်ရှင်းလင်းခဲ့ရသည်။

“လျက်ဆားရောင်းတဲ့သူထင်နေတာ”ဟု ဝက်လက်နယ်ခံတစ်ဦးက ပြောသည်။

အချို့ကတော့ ဒလန်မဟုတ်ကြောင်းကို ရွာထဲကလူကြီးသူမ ရပ်မိရပ်ဖများအား ဖိတ်ကြားကာ လက်ဖက်ရည်တိုက်ပြီး ရှင်းလင်းကြသည်။

အဆိုပါဒလန်မဟုတ်ကြောင်း နည်းအမျိုးမျိုးဖြင့် ရှင်းလင်းမှုများအား ဝက်လက်နယ်တွင် စစ်ကောင်စီသတင်းပေး ဒလန်များအား လက်သံပြောင်စွာရှင်းလင်းနေသော ဖောင်းဒိုင်း၊ ဖောင်းဒိုင်း၊ ဖောင်းဒိုင်းအဖွဲ့၏ ခေါင်းဆောင် ဗိုလ်နဂါး၏ သတိပေးမှုကြောင့် ရွာခံများအားရှင်းပြခြင်း၊ သစ္စာရေသောက်ခြင်းများပြုလုပ်ကာ အလင်းဝင်လာခဲ့ခြင်းဖြစ်သည်။

ထိုကဲ့သို့ ဒလန်မဟုတ်ကြောင်း ရှင်းလင်းပြီး အလင်းဝင်လာသူ ၄၀ခန့်ရှိပြီဖြစ်ကြောင်း ဖောင်းဒိုင်း၊ဖောင်းဒိုင်း၊ဖောင်းဒိုင်းအဖွဲ့၏ တာဝန်ရှိသူက ပြောသည်။

ဖောင်းဒိုင်း ၊ဖောင်းဒိုင်း၊ဖောင်းဒိုင်းအဖွဲ့၏ ရှင်းလင်းမှုကြောင့် ဒလန်၁၀ဦးလည်း အသက်ပျောက်သွားပြီဖြစ်ကြောင်း ထိုအဖွဲ့တာဝန်ရှိသူကပြောသည်။

“ဒလန်တွေကဖုန်းဆက် သတင်းပေးလို့ ကြောက်ပြီးထွက်ပြေးရတဲ့ရွာတွေရှိတယ်။ တခြားပြည်သူတွေကို နည်းအမျိုးမျိုးနဲ့ဒုက္ခပေးတာတွေရှိတယ်။”ဟု ဖောင်းဒိုင်းဖောင်းဒိုင်းအဖွဲ့၏ တာဝန်ရှိသူက ပြောသည်။

စစ်ကောင်စီသတင်းပေးများနှင့် စစ်ကောင်စီခန့်ရပ်ကျေးအုပ်ချုပ်ရေးမှူးများအား ရှင်းလင်းခဲ့မှုကြောင့် ဝက်လက်နယ်အရှေ့ခြမ်းတစ်နယ်လုံးနီးပါး စစ်ကောင်စီခန့် ရပ်ကျေးအုပ်ချုပ်ရေးမှုးနှင့် ရာအိမ်မှူးအားလုံးနီးပါး နှုတ်ထွက်သွားကြပြီဖြစ်ကြောင်း ဖောင်းဒိုင်း၊ဖောင်းဒိုင်း၊ ဖောင်းဒိုင်းအဖွဲ့၏ တာဝန်ရှိသူကပြောသည်။

နှုတ်ထွက်သည့်ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၊ ဒလန်မဟုတ်ကြောင်းရှင်းလင်းပြီးကြသူများကိုလည်း စိတ်ချလက်ချဆက်ဆံ၍ မရနိုင်သေးကြောင်း ဝက်လက်ဒေသခံများက ပြောသည်။

“ဒီဘက် လက်ဖက်ရည်တိုက်ပြီး ဟိုဘက်ဘီယာတိုက်ချင်တိုက်နေမှာ။”ဟု ဝက်လက်နယ်သားတစ်ဦးကပြောသည်။

အချို့ကတော့ အမြင်မှန်ရပြီး ပြည်သူနှင့်ပူးပေါင်းလာပြီဖြစ်သည့်အတွက် ၎င်းတို့၏လုံခြူံရေးကို ပြည်သူကပါ ဂရုစိုက်ပေးစေလိုကြောင်း ဒေသခံအချို့ကပြောသည်။

“သူတို့အတွက် ပြည်သူကပဲ ကာကွယ်ပေးပါ။
ဆန်ထဲမှာ စပါးလုံးပါနေပါစေ ဆန်တစ်စေ့တော့ လွှင့်မပစ်မိပါစေနဲ့။ စပါးလုံးတော့ သူထိုက်နဲ့ သူကံပေါ့ဗျာ”ဟု ဝက်လက်နယ်ခံတစ်ဦးက ပြောသည်။

မည်သို့ဆိုစေ ဝက်လက်နယ် အရှေ့ခြမ်းတွင်တော့ စစ်ကောင်စီ၏ အောက်ခြေယန္တရားတစ်ခုလုံး ရပ်ဆိုင်းလုနီးပါးဖြစ်သွားခဲ့ပြီဖြစ်သည်။ဝက်လက်နယ်အနောက်ခြမ်းကိုလည်း ပစ်မထားရန် ဝက်လက်နယ်သူနယ်သားများက တောင်းဆိုနေကြသည်။

“ဝက်လက်အရှေ့ခြမ်းတင်မကဘူး အနောက်ခြမ်းဖြစ်တဲ့ ဝက်လက်မြို့ပေါ်နဲ့ ဟန်လင်းဘက်လည်း လုပ်ပေးစေချင်ပါတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

(ဒလန်မဟုတ်ကြောင်းသစ္စာဆိုသူ ၊ရပ်ကွက်၊ကျေးရွာအတွင်း လှည့်လည်ကြေညာနေသူများကို တွေ့ရစဥ်။ ဓာတ်ပုံ – CJ)

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်မှာ စစ်ကောင်စီတပ်စစ်ကြောင်းကြောင့် ကျေးရွာ ၁၄ ရွာက ပြည်သူ ၈၅၀၀ ကျော် ဘေးလွတ်ရာတိမ်းရှောင်နေရပြီး အကူအညီတွေလိုအပ်နေကြောင်း ဝက်လက်မြို့နယ်လူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီက ပြောပါတယ်။

သတင်း

မန္တလေးတိုင်းဘက်ကနေ စစ်ကိုင်းမြို့နယ်အရှေ့ခြမ်း၊ဝက်လက်မြို့နယ်ကို စစ်ကြောင်းထိုးနေတဲ့ စစ်တပ် ပြန်လည်ဆုတ်သွားပြီး ပြည်သူတွေရဲ့ ဖောကားတစ်စီးနဲ့ နေအိမ်တွေ မီးရှို့ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ဘေးရှောင်တွေထွက်ခွာရာ လမ်းတွေကို စစ်ကောင်စီလေတပ် က ဗုံးကြဲတိုက်ခိုက်နေရာမှာ ဒီနေ့ (ဒီဇင်ဘာလ ၁၉ ရက်) နေ့ခင်း ပိုင်းမှာ ဝက်လက်မြို့နယ်အရှေ့ခြမ်းကို ထပ်မံလေကြောင်းတိုက်ခိုက်ခဲ့လို့ ပြည်သူ သုံးဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ‌ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကောင်စီရဲ့ သတင်းပေးဒလန် နဲ့ ခိုးဆိုးလုနှိုက်သူတွေကို ဖမ်းဆီးဖို့ ကရင်နီပြည်နယ်ထဲက မြို့နယ်သုံးခုမှာ သွားလာချိန်ကန့်သတ်ပြီး စစ်ဆေးမှုတွေလုပ်မယ်လို့ မြို့နယ်အပ်ချုပ်ရေးကော်မတီတွေက ဒီကနေ့ (စက်တင်ဘာ ၂၆ရက်)မှာ ထုတ်ပြန်ပါတယ်။