Connect with us

Hi, what are you looking for?

LuduNwayOo

ဆောင်းပါး

●သမိုင်းဝင်အ​ထောက်အထားအဖြစ်ဝယ်​နေကြတဲ့ NUGဘွန်း

သက်တမ်း ၂ နှစ်ရှိပြီး အတိုးမဲ့ ငွေတိုက်စာချုပ်များဖြစ်ဖြစ်ပြီး စာချုပ်များကိုလည်း တဆင့်ပြန်လည်ရောင်းချမည့် ဈေးကွက်လည်းကို ၂ နှစ်အတွင်း ဖော်ဆောင်ခွင့်မပေးထားပေ။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကရောင်းချ​သော​ငွေတိုက်စာချုပ်များမှာနိုဝင်ဘာ ၂၅ရက်မွန်းလွှဲပိုင်းအထိ့​ဒေါ်လာ၁၃သန်း​ကျော်​ရောင်းချပြီးဖြစ်သည်။ ငွေတိုက်စာချုပ်တခုတွင်ရှိရမည့် အခြေခံလိုအပ်ချက်အချို့ မပြည့်စုံသည့်တိုင်လူထုက သောင်းသောင်းဖြဖြဝယ်ယူအား​ပေးကြသည်။

စတင်ရောင်းချသည့် ၂၄နာရီအတွင်း ဒေါ်လာ ၉သန်းကျော်ရောင်းချရသည်အထိ ရောင်းအားတက်ခဲ့သည်။ NUGက ဒေါ်လာ တစ်ဘီလီယံဖိုးရောင်းချမည်ဟုကြေငြာထားပြီးပထမအသုတ်တွင် ​ဒေါ်လာသန်း ၂၀၀ ဖိုး​ရောင်းရန်စီစဥ်ထားခြင်းဖြစ်သည်။

ပုံမှန်ငွေတိုက်စာချုပ်တစ်ခုဆိုလျှင် ရောင်းချသည့် အစိုးရ သို့မဟုတ် ကုမ္ပဏီ/အဖွဲ့အစည်း၏ စီးပွားရေးတောင့်တင်းမှု၊ စာချုပ်သက်တမ်း၊ အတိုးနှုန်းများကို အခြေခံတွက်ချက်ကြသည်။ သို့သော်လည်း NUG၏ ငွေတိုက်စာချုပ်များသည့် ထိုအချက်များနှင့် ကိုက်ညီမူအနည်းငယ်သာရှိသော်လည်း လူထုက ယုံကြည်စွာဝယ်ယူကြသည်။

သက်တမ်း ၂ နှစ်ရှိပြီး အတိုးမဲ့ ငွေတိုက်စာချုပ်များဖြစ်ဖြစ်ပြီး စာချုပ်များကိုလည်း တဆင့်ပြန်လည်ရောင်းချမည့် ဈေးကွက်လည်းကို ၂ နှစ်အတွင်း ဖော်ဆောင်ခွင့်မပေးထားပေ။

Public Service Announcement

Public Service Announcement

အဓိကအရေးကြီးဆုံးမှာ NUGတွင် စီးပွားရေးလုပ်ငန်းများမလုပ်နိုင်သေးသော တော်လှန်ရေးအစိုးရတရပ်သာဖြစ်သည်။ ထိုအခြေအနေများတွင် မည်သည့် အကျိုးအမြတ်ကို မျှော်လင့်၍ NUG၏ ငွေတိုက်စာချုပ်များကိုဝယ်ယူကြပါသနည်း။ အမှန်တကယ်ဝယ်ယူသူအတွက် အကျိုးအမြတ်ရှိပါသလား။
လူထုက NUG၏ ငွေတိုက်စာချုပ်များကို စီးပွားရေးအရ တွက်ချက်ဝယ်ယူခြင်းမဟုတ်ပါ။အာဏာလုစစ်​ကောင်စီကိုဖြုတ်ချနိုင်ရန်၊ နွေဦးတော်လှန်ရေးအောင်မြင်ရန်အတွက် တော်လှန်ရေးအစိုးရကို လူထုက ငွေကြေးထောက်ပံ့ခြင်းသာဖြစ်သည်။ ထိုသို့ စီးပွားရေးအရတွက်ချက်မူမရှိသည့်တိုင် NUG၏ ငွေတိုက်စာချုပ်များတွင် ဝယ်ယူသူများအတွက် အကျိုးအမြတ် ရစရာများ ရှိနေဆဲဖြစ်သည်။

ငွေတိုက်စာချုပ်ဆိုသည် အစိုးရ သို့မဟုတ် ကုမ္ပဏီ/အဖွဲ့အစည်းတခုခုက ၎င်းတို့၏ လိုငွေကို ဖြည့်တင်းရန်အတွက် ထုတ်ရောင်းသည့် ချေးငွေစာချုပ်များဖြစ်သည်။ ထိုချေးစာချုပ်များသည် သက်တမ်းအလိုက် အတိုးနှုန်းသတ်မှတ်ထားသည်။ ရွှေတိုက်စာချုပ်များပိုင်ဆိုင်ထားသူသည် ရွှေကဲ့သို့ အဖိုးတန်ပစ္စည်းဖြစ်ပြီး အခြားသူများကိုလည်း ပြန်လည်ရောင်းချ၍ရနိုင်သည်။ ပြန်ရောင်းသည့်အခါ ဈေးကွက်အခြေအနေအရ လိုချင်သူများလျှင် ဈေးပိုပေးရပြီး လူကြိုက်နည်းလျှင် ​ဈေးကျသွားသည်။

“Bondတွေကတော့ အစိုးရတွေက ထုတ်ရောင်းတာများကြပါတယ်။ ဝယ်သူတွေက Bond ရောင်းတဲ့ အစိုးရကိုယုံလို့ ကြိုက်လို့ ကျန်တာတွေ မကြည့်ဘဲ ဝယ်ကြတာမျိုး၊ အခုNUGရဲ့ Bondတွေလည်း ဒီလိုမျိုးပဲပေါ့”ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကပြောသည်။

မြန်မာနိုင်ငံတွင် ငွေတိုက်စာချုပ်နှင့် ငွေတိုက်လက်မှတ်များကို ယခင်အစိုးရ အဆက်ဆက် ထုတ်ရောင်းခဲ့ကြသည်။ ထိုရောင်းချမူများသည် အစိုးရနှင့် ဘဏ်၊လုပ်ငန်းရှင်များကြားတွင်သာ ရှိသော ဈေးကွက်တစ်ခုဖြစ်သည်။ သာမာန်ပြည်သူလူထုအတွက် နားလည်နိုင်ခြင်းမရှိသော ဈေးကွက်တစ်ခုဖြစ်ခဲ့သည်။

NUG၏ နွေဦးတော်လှန်ရေးအတွက် ငွေတိုက်စာချုပ်များထုတ်ရောင်းမည်ဟုကြေငြာပြီးမှသာ ငွေတိုက်စာချုပ်နာမည်သည် လူထုကြားတွင် ခေတ်စားလာသည်။ ငွေတိုက်စာချုပ် သဘောသဘာဝကို နားလည်လာကြသည်။ ကမ္ဘာသမိုင်းတွင်လည်း ​တော်လှန်​ရေးအစိုးရတစ်ရပ်က ငွေတိုက်စာချုပ်ရောင်းချပြီး ရန်ပုံငွေရှာခြင်းသည် ပထမဦးဆုံးဖြစ်သည်ဟု NUGကဆိုထားသည်။

အာဏာသိမ်းစစ်ကောင်စီက နိုင်ငံတော်အာဏာကို လုယူပြီးနောက်တွင် ငွေတိုက်စာချုပ်များကို ထုတ်ရောင်းရန် ကြိုးစားခဲ့သေးသည်။ ၂၀၂၁ ဖေဖော်ဝါရီလတွင် ငွေတိုက်စာချုပ် ကျပ် ဘီလီယံ ၂၀၀ဖိုးရောင်းချမည် အကြမ်းဖက်စစ်ကောင်စီက ကြေငြာခဲ့သည်။ ၎င်း၏ အတိုးနှုန်းသည် ၇ ရာခိုင်နှုန်းကျော်ပေးမည်ဟုဆွဲ​ဆောင်ခဲ့သည်။ သို့သော်လည်း ကျပ် ၁ ဒသမ ၇ ဘီလီယံဖိုးသာ ရောင်းချနိုင်ခဲ့သည်။နောက်ပိုင်းတွင်လည်း ငွေတိုက်စာချုပ်ရောင်းချမည်ဟု ကြေငြာခြင်းမရှိ​တော့​ပေ။

“ငွေတိုက်စာချုပ်ရောင်းတယ်ဆိုတာ အစိုးရတစ်ရပ်ရဲ့ ဂုဏ်သတင်းပေါ့။စစ်တပ်ဘက်က မလုပ်နိုင်တဲ့ အရာကို စင်ပြိုင်အစိုးရဖြစ်တဲ့ NUGက လုပ်ပြလိုက်တော့ NUGမှ နိုင်ငံရေးသိက္ခာကော၊ လူထုထောက်ခံမှုဘယ်လောက်ရှိနေလဲဆိုတာပြတာပဲ”ဟု ဘဏ်လုပ်ငန်းတစ်ခု၏
မန်နေးဂျင်းဒါရိုက်တာတစ်ဦးကသုံးသပ် ပြောကြားသည်။ NUGက ငွေတိုက်စာချုပ်အစား နွေဦးတော်လှန်ရေးအတွက် အလှူခံလျှင်လည်း လူထုက ထည့်ဝင်ပေးနေဦးမည်ဟု သူယုံကြည်ကြောင်း၎င်းက ဆက်​ပြောသည်။

NUG၏ ငွေတိုက်စာချုပ်များသည် တော်လှန်ရေးအလှူငွေအတွက် ပြန်လည်ပေးအပ်သည့် ဂုဏ်ပြုမှတ်တမ်းသက်သက်ထက် များစွာပိုလွန်​နေပါသည်။ အလှူငွေဂုဏ်ပြုလက်မှတ်များသည် တန်ဖိုးထားဂုဏ်ယူစရာကောင်းသည့် အထိမ်းအမှတ်များဖြစ်သည်။ငွေတိုက်စာချုပ်သည့် မူလတန်ဖိုးကြေးရှိသော ဂုဏ်ပြုလက်မှတ်များဖြစ်သည်။ ထိုထဲတွင် ဂုဏ်ယူစရာမှတ်တမ်းများလည်းထပ်ပေါင်းထားခြင်းဖြစ်သည်။

“ဒီBond (ငွေတိုက်စာချုပ်) ဝယ်တာ အခြားအကျိုးအမြတ်ရတာရှိနိုင်ပေ့မယ့်။ အဓိက အကျိုးအမြတ်ကတော့ ဒီမိုကရေစီနဲ့ ကိုယ့်အာဏာ ကိုယ့်လက်ထဲ ပြန်ရောက်မှာလေ”ဟု ရန်ကုန်အခြေစိုက်လုပ်ငန်းရှင်တစ်ဦးကလည်းပြောသည်။

စီးပွားရေးလုပ်ငန်းများအတွက် ဂုဏ်သိက္ခာပိုင်းဆိုင်ရာအကျိုးအမြတ်ရနိုင်ပြီး လူမူအကျိုးပြုလုပ်ငန်း(CSR)မျိုးတစ်ခုဖြစ်သည်ဟု အထက်ပါလုပ်ငန်းရှင်ကမှတ်ချက်ပြုသည်။

“ငွေတိုက်စာချုပ်ဆိုတာ ဘာနဲ့တူလဲဆိုတော့ ရှေးဟောင်း ရွှေထည်လက်ဝတ်ရတနာလိုဘဲ။ သူမှာ မူလရွှေတန်ဖိုးလဲရှိတယ်။ ​ရှေး​ဟောင်းပစ္စည်းမလို့ တန်ဖိုးထားလို့ တန်ဖိုးရှိတဲ့ ပစ္စည်းလဲဖြစ်တယ်”ဟု ရှေးဟောင်းအမှတ်တရပစ္စည်းများ အမှတ်တရစုဆောင်းတတ်သည့် လုပ်ငန်းရှင်တစ်ဦးက နမူနာ​ပေး၍​​ပြောသည်။

ငွေတိုက်စာချုပ်ကို ဝယ်ယူထားသူများသည် ​နောင်တွင်တဆင့်ပြန်လည်ရောင်းချလိုလျှင်ပင်​ရောင်း၍ရ​သော ဈေးကွက်လည်းဖြစ်လာနိုင်သည်ဟု စီးပွားရေးအကြံပေးလုပ်ကိုင်​နေသူများက​ပြောသည်။

“ယုံကြည်ရင်တော့ဝယ်ထားလိုက်ပါ။ ကိုယ်၀ယ်ထားလို့ နောင်တစ်ချိန်မှာ မဝယ်ထားတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေကို အမြတ်ကြီးစားပြီး ဈေးတင်ရောင်းလို့ရပါသေးတယ်။ ကုမ္ပဏီတွေလဲ သပိတ်မှောက်ခံရတဲ့ ဘေးမှာ ကင်းဝေးစေဖို့ သူတို့ကဝယ်ကြမှာပါ” ဟု စီးပွားရေးအတိုင်ပင်ခံ ကုမ္ပဏီတစ်ခု၏ မန်းနေဂျင်း ဒါရိုက်တာကပြောသည်။

NUGသည် တရားဝင်အစိုးရဖြစ်လာသည်နှင့် ငွေတိုက်စာချုပ်ဈေးကွက် မဖြစ်မနေပေါ်လာမည်ဟု ငွေကြေးဆိုင်ရာလုပ်ငန်းဆောင်ရွက်နေသူတစ်ဦးကပြောသည်။ အဘယ်ကြောင့်ဆိုသော် လုပ်ငန်းရှင်များသည် ငွေတိုက်စာချုပ်ပိုင်ဆိုင်မူအရေအတွက်များမှာ အစိုးရနှင့်လက်တွဲအလုပ်လုပ်ရာတွင်အ​ရေးပါလာမည်ဖြစ်​သော​ကြောင့်ဟု၎င်းကဆိုသည်။

ထိုအပြင် ငွေတိုက်စာချုပ်များသည် နွေဦးတော်လှန်ရေးပြီးသည့်နောက် သမိုင်းဝင် အထောက်အထားများဖြစ်လာမည်ဟုပြည်သူများက ယုံကြည်နေကြသည်။NUG ​ငွေတိုက်စာချုပ်(Bond)ဝယ်ယူထားသည့်အ​ထောက်အထားကို အကြမ်းဖပ်စစ်​ကောင်စီ​တွေ့ရှိပါက ဖမ်းဆီး​ထောင်ချခံရနိုင်​သော်လည်းစစ်အာဏာရှင်ပြုတ်ကျ​ရေးအတွက် ​ပြည်သူအများစုက နောင်တွင် ငွေပြန်ရရန်ပင်မ​မျှော်လင့်ဘဲဝယ်ယူ​နေကြခြင်းဖြစ်သည်။

“ဒီနိုင်ငံမှာ ကားနံပတ်တို့၊ ဖုန်းနံပတ်တို့တောင် နံပတ်အလှဆိုပြီး လိုက်ဝယ်တဲ့ ဈေးကွက်တောင်ရှိတယ်လေ။ ဒီငွေတိုက်စာချုပ်တွေရဲ့ နံပတ်တွေကလည်း ဈေးကွက်တစ်ခုဖြစ်လာတယ်”ဟု အသက် ၄၀ အရွယ် ကိုသားငယ်(လုံခြုံ​ရေး​ကြောင့်အမည်လွှဲ)ကပြောသည်။

အကြမ်းဖက်စစ်ကောင်စီသည် ၎င်းတို့မရောင်းချနိုင်ခဲ့သည့် ငွေတိုက်စာချုပ်များကို ​တော်လှန်​ရေးအစိုးရက ရောင်းချနေသည်ကို မနာလိုမရှုစိမ့်နိုင်ပေ။ ထိုကြောင့် ငွေတိုက်စာချုပ်ရောင်းချသည့် ဝက်ဆိုဒ်လင့်ကို မြန်မာက ဝင်ရောက်ဝယ်ခွင့်မရအောင် ပိတ်ထားသည်။ ထိုကြောင့်ဝယ်ယူသူများက VPNခံ၍ ဝယ်ယူနေရသည်။ငွေတိုက်စာချုပ်များကို လူထုဝယ်ယူမူမြင့်တက်နေပြီး ငွေပေးချေမူ အခက်အခဲကြောင့် ငွေတိုက်စာချုပ်ဝယ်ယူမူလျော့နည်းသွားမည်ကိုလည်း စိုးရိမ်သည်ဟု စင်ကာပူမှ ပြည်တွင်းအတွက် ငွေတိုက်စာချုပ်ဝယ်ပေးနေသူတစ်ဦးကပြောသည်။

၎င်းသည် နိုဝင်ဘာ ၂၄ ရက်တစ်ရက်တည်းတွင် ဒေါ်လာနှစ်သောင်းဖိုး ငွေတိုက်စာချုပ်များကို ကိုယ်စားဝယ်ပေးခဲ့သည်။ ငွေတိုက်စာချုပ်ရောင်းရငွေများကို NUGက ချက်စ်နိုင်ငံရှိ ဘဏ်အကောင့်က လက်ခံခြင်းဖြစ်ပြီး ငွေကြေးစီးဆင်းမူခိုင်မာလုံခြုုံမူရှိသည်ဟု NUGက ကတိပြုထားသည်။သို့​သော်​ငွေလွဲ​ပြောင်းမူများတွင် အခက်အခဲအချို့ဖြစ်​နေ၍ mobile paymentများကို ​​ပြောင်းလဲ​ပေး​ချေမည်ဟု NUGက​ထုတ်ပြန်ထားသည်။လက်ရှိတွင် ​ဒေါ်လာ ၁၀၀နှင့် ၅၀၀တန် ​ငွေတိုက်ချုပ်များကိုPaypal ​ပေးနိုင်ရန်စီစဥ်ထားသည်။ Paypal သည်အွန်လိုင်းမှ​ငွေ​ပေး​ချေ၊လွှဲ​ပြောင်းမှုပြုလုပ်နိုင်​သောဝန်​ဆောင်မှုဖြစ်သည်။

ငွေတိုက်စာချုပ်များဝယ်ယူရခြင်းသည် အကျိုးအမြတ်ထက် နွေဦးတော်လှန်ရေးရန်ပုံငွေကို ထောက်ပံ့လိုခြင်းကြောင့်ဖြစ်ပြီး ငွေပြန်ရရန်လည်း မမျှော်လင့်ထားကြောင်း ပြည်တွင်းမှ ​ဒေါ်လာတစ်ရာတန်ငွေတိုက်စာချုပ်ဝယ်ယူထားသူ ကိုဗညား(အမည်လွဲ)ကပြောသည်။ထိုသို့ဝယ်ယူထားပြီး ၎င်း၏ သားစဉ်မြေးဆက်ကို အမှတ်တရအမွှေပေးလိုသည်ဟု၎င်း၏ ဆန္ဒကိုဖွင့်ဟသည်။

ငွေတိုက်စာချုပ်ဝယ်ယူမူများ​သောကြောင့် နိုဝင်ဘာ ၂၃ ရက်တွင် စင်ကာပူနိုင်ငံရှိဘဏ်နှစ်ခုဖြစ်သည့် POSBနှင့် DBSတို့၏ ဒစ်ဂျစ်တယ်ဝန်ဆောင်မူများမကြုံစဖူး ပြတ်တောက်နှောင့်နှေးခဲ့ရသည်။ ငွေတိုက်စာချုပ်ကို နိုဝင်ဘာ ၂၅ရက်မွန်းလွှဲပိုင်းအထိ ​ဒေါ်လာ ၁၃သန်း​ကျော်ရောင်းချထားရ​ကြောင်း People’s Spring ကသိ့ရှိထားရသည်။

“ကျွန်တော်က မချမ်းသာပါဘူး။ သူများနိုင်ငံမှာ သာမာန်လခစားဝန်ထမ်းတစ်ယောက်ပါ။ ဒီကာလမှာ နိုင်သလောက် ဝန်ကိုထမ်းမယ်လိုတွေးပြီးဝယ်တာပါ။ ငွေပြန်မရလဲ နေပါစေ”ဟု ​ဒေါ်လာတစ်​ထောင်ဖိုးဝယ်ယူထား​သောစင်ကာပူရောက်မြန်မာတစ်ဦး​ပြော​လေသည်။

ဆက်စပ်သတင်းများ

သတင်း

လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်းမှာပင် ဒေသခံပြည်သူ ထောင်နှင့်ချီ၍ တာချ်ခရိုင်၊ မဲဆောက်မြို့နှင့် အခြားဒေသများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဖော်ပြသည်။

သတင်း

AAအနေဖြင့် စစ်ကောင်စီနှင့် အပေါင်းအပါများ၏ ရက္ခိုင်ပြည်သူအပေါ် ကျူးလွန်သည့် စစ်ရာဇဝတ်မှုတွေအားလုံးကို မှတ်တမ်းတင်ထားပြီး ပြစ်မှုကျူးလွန်သူ အားလုံးကို အရေးယူနိုင်ရေး ဆက်လက်ကြိုးစားသွားမည်ဟု အသိပေးထားသည်။

မေးမြန်းခန်း

အမျိုးသားညီညွတ်ရေးအစိုးရ​NUG သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ်ဦးကျော်ဇောကို People’s Spring လူထုနွေဦးသတင်းဌာနက ဆက်သွယ်မေးမြန်းထားပါသည်။

သတင်း

ယနေ့ (ဧပြီ ၁၆ရက်) တွင် ကျရောက်သည့် NUG ဖွဲ့စည်းမှု ၃နှစ်ပြည့်တွင် ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက မိန့်ခွန်းပြောကြားခဲ့ရာ ယခုကဲ့သို့ ထည့်သွင်း ပြောကြားခဲ့သည်။