Connect with us

Hi, what are you looking for?

LuduNwayOo

ဆောင်းပါး

အ​နောက်​မြောက်လွင်ပြင်သို့ခရီးတစ်​ခေါက်

စစ်ကိုင်းတိုင်းအတွင်း ခရီးသည်တင်​ကားဖြတ်သန်းရာတလျှောက်ရှိ လမ်း​ဘေးဝဲယာတစ်​လျှောက် မြို့ပြနေထိုင်သူများသည်သွားစရာလာစရာရှိလျှင် ခပ်သုတ်သုတ်သာသွားလာနေကြသည်။ ကျေးလက်နေပြည်သူများမှာလည်း သတိ့ကြီးကြီးထား​နေကြသည်ကို သူတို့၏မျက်နှာ​ပေါ်တွင်အတိုင်းသားမြင်ရသည်။

နေရောင်နုနုအောက်တွင် မန္တလေးမြို့မှထွက်လာသော ခရီးသည်တင်ကားလေးသည် စစ်ကိုင်း-ရွှေဘိုကားလမ်းမထက်တွင် ခပ်သုတ်သုတ်​ပြေးနေသည်။ ကားလမ်းမတစ်လျှောက် ရွှေတူးရာတွင် အသုံးပြုသည့် စက်ယန္တယားများကိုသယ်​ဆောင်​လာသောကားကြီးများ ကိုအစီး​ရေများစွာ​တွေ့ရသည်။ မန္တ​လေးတိုင်းမှ ထွက်ခွာလာ​သောယန္တယားတင်ကားများ၏ဦးတည်ရာသည်စစ်ကိုင်းတိုင်းအတွင်းသို့ ဖြစ်သည်။

စစ်ကိုင်းတိုင်းအတွင်း ခရီးသည်တင်​ကားဖြတ်သန်းရာတလျှောက်ရှိ လမ်း​ဘေးဝဲယာတစ်​လျှောက် မြို့ပြနေထိုင်သူများသည်သွားစရာလာစရာရှိလျှင် ခပ်သုတ်သုတ်သာသွားလာနေကြသည်။ ကျေးလက်နေပြည်သူများမှာလည်း သတိ့ကြီးကြီးထား​နေကြသည်ကို သူတို့၏မျက်နှာ​ပေါ်တွင်အတိုင်းသားမြင်ရသည်။

စစ်ကိုင်းတိုင်းအတွင်းဝင်လာသည်နှင့် တစ်မြို့နှင့်တစ်မြို့ ဆက်သွယ်ထား​သောလမ်းမကြီးများသည် မိုင်းခွဲခံထား၍ဟိုတစ်ကွက်ဒီတစ်ကွက်ပေါက်ပြဲနေသည်။ ကားလမ်းဘေး​ တချို့ကျေးရွာ များတွင် မီးရှို့ခံရသည့် ရဲကင်းများကိုလည်း မကြာခဏမြင်ရသည်။ အစိုးရရုံးများမှာလူဝင်အထွက်မရှိ​ခြောက်ကပ်​နေသည်။ စာသင်ကျောင်းများမှာလည်းဝန်း တံခါးများပိတ်ထားကြသည်။

ဂိတ်ဝများတွင်သဲအိတ်များ ဖြင့်အခိုင်အမာပိတ်ဆို့ထားသည့် ​​နေရာများကိုမြင်​တွေ့ရပြီဆိုလျှင် ကြည့်စရာမလိုဘဲ စစ်​ကောင်စီ၏ ရဲစခန်း သို့မဟုတ် စစ်တပ်များရှိရာဝန်များဖြစ်သည်ကိုအလွယ်သိ့နိုင်သည်။

Public Service Announcement

Public Service Announcement

အထက်ပါ မြင်ကွင်းများသည်စစ်အာဏာရှင်လက်အောက်မှ လွတ်မြောက်ရေးအတွက်ဂုဏ်သတ္တိ​ပြောင်​မြောက်စွာ​ဖြင့်​ရှေ့တန်းမှ ​ ကြိုးပမ်းနေသည့် စစ်ကိုင်းတိုင်း၏ မြင်ကွင်အချို့ဖြစ်ပါသည်။

“ကားလိုက်ကာတွေ မချထားနဲ့နော် PDFတွေ မကြိုက်ဘူး” ဟုစစ်ကိုင်း-ရွှေဘိုလမ်းမကြီးပေါ်တွင် ပြေးဆွဲနေသည့် ခရီးသည်တင်ယာဉ်ပေါ်မှ ယာဉ်နောက်လိုက်တစ်ဦးက ခရီးသည်များကိုသတိပေးသည်။

ကားသမားအချင်းချင်းလည်း လမ်းတွင်တိုက်ပွဲရှိ၊မရှိနှင့် လုံခြုံရေးအခြေအနေများကို ခရီးသည်ကားချင်းဆုံလျှင်အပြန်အလှန်မေးမြန်း စနည်းနာကြသည်။ ခရီးသည်များကလည်း လမ်းခရီးလုံခြုံ​ရေးနှင့် ​ရှေ့ဆက်သွား၍ ရ၊မရကိုသာအသိ့ချင်ဆုံးဖြစ်​နေကြသည်။စစ်ကိုင်းတိုင်းရှိ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)များက ခရီးသွားလာရေးအတွက် တားမြစ်သတိပေးချက်များ အခါအားလျှော်စွာထုတ်ပြန်လေ့ရှိသောကြောင့်ဖြစ်သည်။ သို့သော်လည်း စစ်ရေးတင်းမာလာချိန်မှအပ ဒေသတွင်း ကုန်စည်စီးဆင်းမှုမပြတ်တောက်စေရန် ခရီးသွားလာမှုနှင့်ကုန်စည်ကူးသန်းခွင့်ကို PDF များကခွင့်ပြုပေးထားကြသည်။ စစ်အာဏာရှင်အ​ပေါ် ခုခံတွန်းလှန်စစ်အား​ကောင်းသည့် စစ်ကိုင်းတိုင်းရှိ လမ်းဧရိယာအများစုကို PDFများက စိုးမိုးထားသည်ကို​တွေ့ရသည်။

စစ်ကိုင်းတိုင်းတွင်းရှိ မြို့နယ် ၃၇ ခုအနက် မြို့နယ် ၁၂ခုကို ခရီးသွားရင်းဖြတ်သန်းရာလမ်းတစ်လျှောက်အ​တွေ့အကြုံအရ မြို့နယ်တခုချင်းအလိုက် PDFအားကောင်းမူပေါ်မူတည်၍ နယ်မြေစိုးမိုးမှုကွာခြားသည်။ ထို ၁၂ မြို့နယ်မှာစစ်ကိုင်းတိုင်းအရှေ့မြောက်ဘက်မှ စစ်ကိုင်း၊ခင်ဦး၊ အရာတော်၊ ဝက်လက်၊ ရွှေဘို၊ ရေဦး၊ ကန့်ဘလူ၊ ကောလင်း၊ ဝန်းသို၊ အင်းတော်၊ ကသာနှင့် ဗန်းမောက်မြို့နယ်တို့ဖြစ်သည်။

PDFများ အားကောင်းသည့် ကောလင်း၊ အင်းတော် စသည့် နေရာများတွင် တိုက်ပွဲများ မကြာခဏဖြစ်ပွား​​လေ့ရှိသည်။ မြန်မာဘီယာ၊ ဆင်မင်းဘိလပ်မြေ မှအစ စီးကရက်အဆုံး မရောင်းချရန် PDFများကတားမြစ်ထားသည်။

သို့သော်လည်း ထိုမြို့နယ်များနှင့်ကပ်လျက် ဗန်းမောက်မြို့နယ်တွင်မူအကြမ်းဖက်စစ်​ကောင်စီအ​ပေါ် ခုခံတိုက်ခိုက်မှု မရှိသလောက်နည်းပါးသည်။ ဗန်း​မောက်မြို့တွင် စစ်တပ်ထွက်ကုန်များကိုလည်း ဖောဖောသီသီသုံးစွဲကြသည်။

“PDFတွေစခေါ်ကတည်းက ဒီမြို့တစ်ခုတည်းက လူနည်းနည်းပဲထွက်တာ”ဟုPDFတပ်ဖွဲ့တစ်ဦးက​ပြောသည်။

ဗန်းမောက်မြို့သည် စစ်တပ်ကအာဏာသိမ်းပြီးနောက် စည်းကြပ်မှုမရှိတော့သည့် တရားမဝင်ရွှေတူးခြင်းကိုသာ အာရုံစိုက်နေပြီး စစ်အာဏာရှင်တော်လှန်ရေးတွင် မဆိုင်သလိုသာနေကြသည်ဟု ​ဒေသခံ PDFတစ်ဦးကမှတ်ချက်ပြုသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် ရွှေတူးဖော်မူများကို ထိန်းကြောင်းမည့် ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များ၊ အရပ်ဖက်အဖွဲစည်းများနှင့် မီဒီယာများမရှိခြင်းကြောင့်တရားမဝင် ရွှေတူးဖော်မူများကို စစ်​ကောင်စီတပ်ကိုလာဘ်​ငွေ​ပေး၍ထင်တိုင်းကြဲ​နေကြသည်။ရွှေတူးဖော်ရာတွင်လည်း စံနှုန်းသတ်မှတ်ချက်များကိုလိုက်နာခြင်းလည်းမရှိတော့ဘဲ အချိန်တိုအတွင်း​ရွှေ များများရ​ရေးကိုသာဦးစား​ပေးတူးဖော်နေကြသည်။

ထို့​ကြောင့်လယ်ယာမြေများ၊ စားကျက်မြေများ၊ မြေလွတ်မြေရိုင်းများ၊ သစ်တောကြိုးဝိုင်းများနှင့် မြစ်ချောင်းများတွင် အဓိကရွှေတူးဖော်ရာနေရာများဖြစ်ကုန်​တော့သည်။

ဗန်းမောက်မြို့နယ်နှင့် ကပ်လျက်ရှိ​သော အင်းတော်မြို့နယ်အတွင်း မီးလောင်ဖျက်ဆီးထားသည့် ရဲကင်းများ၊ မိုင်းခွဲခံထားရသည့် လမ်းမများကိုတွေ့ရသည်၊ထိုအတူ ပင်လယ်ဘူးမြို့တွင်လည်း မြို့တွင်းတိုက်ပွဲ ပြင်ထန်ခဲ့သဖြင့် မြို့မှ လူသွားလူလာမရှိသလောက်နည်းပါနေသည်။

အင်းတော်မြို့နယ်ကပ်လျက်ရှိသည့် ကန့်ဘလူမြို့နယ်တွင် ဒေသခံ PDFများက ညနေ ၆နာရီကျော်တွင် ကားမောင်းနှင်ခြင်း မပြုရန်တားမြစ်ထားသည်။ထိုကြောင့် အင်းတော်ဘက်မှလာသည့် ခရီးသည်တင်ကားများသည် ဇင်ကျေးရွာတွင် ညအိပ်စောင့်ဆိုင်းကြရသည်။

စစ်ကိုင်း-ရွှေဘို-အင်းတော် လမ်းမကြီး အနောက်ဘက်ခြမ်းရှိ ရေဦး၊ အရာတော်စသည့် မြို့နယ်များသည် တော်လှန်ရေး အားကောင်းလှသည်။ စစ်ကောင်စီတပ်များကို မကြာခဏ ခုခံတိုက်ခိုက်ထားနိုင်သည် ။စစ်ကိုင်းတိုင်းတွင်း စစ်ကောင်စီတပ်က လုံခြုံရေး အပြည့်အဝဆောင်ရွက်နိုင်ခြင်းမရှိ​တော့ပေ။ အထူးသဖြင့်ကျေးရွာများတွင် စစ်ကောင်စီတပ်၏ ထိန်းချုပ်နိုင်စွမ်းလျော့ကျနေပြီး မြို့ပြများကိုသာ စစ်ကောင်စီက အသဲအသန်ကာကွယ်နေရသည်။

ရန်ကုန်-မန္တလေး အဝေးပြေးလမ်းမကြီးတွင်စစ်ကောင်စီ ဂိတ် ၁၀ခုထက်မနည်းရှိသည်။ သို့သော်လည်း စစ်ကိုင်းမြို့မှ ဗန်းမောက်မြို့အထိ မိုင် ၂၂၀ကျော်ကွာဝေးသည့် လမ်းမကြီးတလျှောက်တွင် အကြမ်းဖက်စစ်ကောင်စီတပ်များကလုံခြုံရေးဂိတ် ၂ ခုသာရှိသည်။ ရွှေဘိုမြို့အထွက်တွင် တနေရာနှင့် မန္တလေး-စစ်ကိုင်းတံတားထိပ်တွင်တစ်ခု ဖြစ်သည်။

စစ်ကောင်စီတပ်များက ၎င်းတို့ တပ်စခန်းများရှေ့နှင့် ရဲစခန်းရှေ့ ရှိဂိတ်များတွင်သာ အကာအရံအခိုင်အမာဖြင့် တပ်စွဲနေရာယူထားရုံသာရှိတော့သည်။ ကျန်​နေရာရှိ လမ်းများကို PDF များကထိန်းချုပ်ထားသည်။သို့သော်လည်း အကြမ်းဖက်စစ်ကောင်စီတပ်များသည် ၎င်းတို့ တပ်စခန်းအတွင်းမှ ပြင်ပကိုထွက်ရန် ​ကြောက်လန့်​နေကြ​တော့သည်။

စစ်ကောင်စီတပ်များသည် ၎င်းတို့စခန်းရှေ့များ၌သာ စစ်ဆေးရေးဂိတ်များ ဖွင့်လှစ်ပြီး ခရီးသွားပြည်သူများကို မျက်နှာထားတင်းတင်းဖြင့်စစ်ဆေးလေ့ရှိသည်။စစ်ဆေးရာတွင်လည်း ကားသမားအမည်၊ ကားပေါ်တွင်ပါဝင်သည့်ခရီးသည်အရေအတွက်နှင့် သွားရောက်မည့်မြိုကိုသာ ဖြစ်သည်။ တချို့ဂိတ်များတွင် ခရီးသွားပြည်သူများကို ဂိတ်စခန်းရှိသည့်​နေရာတွင် လမ်းဆင်းလျှောက်ခိုင်းသည်။

တချို့ဂိတ်များတွင် မှတ်ပုံတင်စစ်သည်။ မှတ်ပုံတင်စစ်ရာတွင်လည်း မှတ်ပုံတွင်ရေးထားသည့် နာမည်၊ အလုပ်အကိုင်နှင့်နေရပ်လိပ်စာများကိုကြည့်သည်။ စစ်ရေးဂိတ်တွင်​တွေ့ရ​သော စစ်ကောင်စီ တပ်သားများ၏ တူညီသည်မှာ မျက်နှာအမူအရာများဖြစ်သည်။ ၎င်းတို့ ခွင့်ပြုပေးမှခရီးဆက်သွား ရသည်နှယ့် ခရီးသွားပြည်သူများအပေါ် အပေါ် မောက်မာပြီး လက်အောက်ငယ်သားများပမာဆက်ဆံကြ​လေသည်။

“မှတ်ပုံတင်စစ်ပြီးဘာလုပ်ချင်တာလဲ မသိဘူး”ဟု မန္တလေးမြို့မှ အင်းတော်မြို့ ကို ခရီးသွားသူတစ်ဦးကပြောသည်။ မျက်နှာထားတင်းတင်း ​အောက်သိုးသိုးဖြင့်စစ်​ကောင်စီတပ်သားများ၏စစ်ဆေးခြင်းကို ခရီးသွားပြည်သူများကမကြည်ဖြူကြပေ။

ခရီးသွားရင်မြင်​တွေ့ခဲ့ရ​သော အ​နောက်​မြောက်လွင်ပြင်ရှိ​ကျေးရွာအချို့တွင် အကြမ်းဖက်စစ်တပ်၏ မီးတင်ရှို့မှု​ကြောင့်မီး​လောင်ပြင်ဖြစ်​​နေသော​ကျေးရွာအချို့ကိုလည်း​တွေ့ရသည်။

“တိုက်ပွဲတွေဖြစ်ရင် ဒီလို ဒုက္ခတွေရောက်မယ်ဆိုတာသိပါတယ်။ ဒါပေ့မယ့် ဒီလို မတရားအနိုင်ကျင့်တာတော့ ခေါင်းငုံမခံနိုင်ဘူး ”ဟု အသက် ၅၄ နှစ်အရွယ် ကသာဒေသခံ ဒေါ်စိန်လှ (အမည်လွှဲ)ကပြောပါသည်။

အညာသူဒေါ်စိန်လှတွင် အသက် ၂၃ နှစ်အရွယ် သားတစ်တစ်ဦးရှိသည်။ ဖက်ဆစ် စစ်တပ်၏ လူမဆန်​အောင်ဖိနှိပ်အကြမ်းဖက်မှုများ​ကြောင့် တစ်ဦးတည်းသော သားကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ထဲဝင်​ရောက်သည်ကို​ဒေါ်စိန်လှတစ်​ယောက် ကြည်ဖြူစွာခွင့်ပြုပေးလိုက်ခြင်းဖြစ်သည်။​

“အမေတို့ကို ပြောကြတာပေါ့။ စနစ်တကျဖွဲ့ထားတဲ့ စစ်တပ်ကြီးကို နင်တို့က နိုင်ပါ့မလားတဲ့။ အမေတိုကတော့ မနိုင်လဲ နိုင်သလောက်တော့ ချရမယ်လို စိတ်ပိုင်းဖြတ်တယ်”ဟု ဒေါ်စိန်လှကဆိုပါသည်။

ကုလသမဂ္ဂ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး(UNOCHA)က၂၀၂၁ဇူလိုင်လမှ ၂၀၂၂ ဖေဖော်ဝါရီလ ၁၀ ရက်အထိ့ ခုနှစ်လ​ကျော် ပြုစုထား​သော စာရင်းများအရ စစ်ကိုင်းတိုင်းအတွင်း မြို့နယ် ၁၆ခုတွင် အရပ်သားအသတ်ခံမှု ၁၄၀ကျော်ရှိသည်။ ထိုထဲတွင် အစုအလိုက်အပြုံလိုက် အသတ်ခံရသည့် ဖြစ်စဉ်များလည်းပါဝင်သည်။ UNOCHA ၏အချက်အလက်များအရ စစ်ကိုင်းတိုင်းအတွင်း စစ်တပ်အာဏာသိမ်းထားသည့် တစ်နှစ်အတွင်း လူနေအိမ်အနည်းဆုံး ၁၄၀၀ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရသည်။ တချို့နေရာများတွင် ရွာလုံးကျွတ်မီးရှို့ခဲ့ခြင်းဖြစ်သည်။

စစ်ကိုင်းတိုင်းပုလဲမြို့နယ်သည် မီးရှို့ခံရမှု အများဆုံးဖြစ်ပြီး အိမ်ခြေ ၁၁၀၀ကျော်မီးရှိုးခံခဲ့ရသည်။ ယ​နေ့( ​ဖေ​ဖော်ဝါရီ ၁၈)မှာပင် ပုလဲ မြို့နယ်ရှိ ​ချောင်းဦးရွာကို အကြမ်းဖက်စစ်တပ်ကမီးတင်ရှို့ခဲ့သည်။ မီးရှို့​သောစစ်​တပ်နှင့်ပျူ​စောထီးများကို ​PDFအဖွဲ့များက ည​နေပိုင်းတွင် တုံ့ပြန်တိုက်ခိုက်၍ စစ်​ကောင်စီတပ်နှင့်ပျူများထွက်​ပြေးကြရပြန်သည်။

“ရွာကိုပဲမီးရှို့လို့ရမယ်၊ စိတ်ဓာတ်နဲ့မြေကို မီးရှို့မရဘူး”ဟု​ကြွေး​ကြော်၍ မီး​ကျွမ်းလောင်ပြီးကျန်ခဲ့​သောအကြွင်းအကျန်များအား ကိုင်​ဆောင်ဆန္ဒပြ​သော ပုလဲမြို့နယ်မှပြည်သူများ၏ ကြွေးကြော်သံသည် တနိုင်ငံလုံးသို့ ပဲ့တင်ထပ်ပြီး ကြက်သီး​မွှေးညှင်းများပင်ထခဲ့ရသည်။

ထို့အပြင် ခုခံ​တော်လှန်စစ်ကို ယခုထက်ပို၍ အရှိန်မြှင့်​စေချင်​သော​ဒေသခံများလည်းရှိသည်။

“ချမယ်ဆိုရင်လည်း အပီအပြင်ချစေချင်တယ်။ ရွာပျက်ရုံ၊ လူတွေထွက်ပြေးရရုံနဲ့တော့ မဖြစ်စေချင်ဘူး။” ဟု ဒေသခံတစ်ဦးဖြစ်သည့် အသက် ၆၀အရွယ် ဦးတင်ဝင်း(အမည်လွှဲ)ကပြောသည်။

၎င်းတို့အိမ်တွင် ဆွေမျိုးနီးစပ်တော်စပ်သည့် စစ်ဘေးရှောင်မိသားစု ၇ ယောက်ကို ခေါ်ယူကာကွယ်​စောင့်​ရှောက်ထား​ပေးသည်။ ထို့အပြင် ဦးတင်ဝင်း၏ သားနှစ်ဦးမှာလည်း ဒေသခံPDFတပ်ဖွဲ့တွင် အရာရှိတာဝန်များကို ထမ်းဆောင်နေသည်။ ကျန် သားတစ်ယောက်မှာလည်း CDMဝန်ထမ်းတစ်ဦးဖြစ်သည်။

ပြည်သူများ၏ သတ္တိနှင့် ရဲရင့်မှုတို့အတွက် ​မေးခွန်းထုတ်စရာမရှိ​သော်လည်း လိုအပ်ချက်​တစ်ခု​တော့ရှိ​နေဆဲဖြစ်သည်။လက်နက်လိုအပ်ချက်ဖြစ်သည်။

“စစ်တပ်က တင်ကားတွေလေယာဉ်တွေနဲ့လာပစ်ရင် ဒီဘက်ထွက်ပြေးရတယ်။ ဒါမျိုးဆို ကျွန်မတို့က သိပ်အားမရဘူး။ လက်နက်ချင်းတူရင်တော့ သူသေကိုယ်သေချချင်တာ”ဟု ဝက်လက်မြို့မှ အသက် ၂၆ နှစ်အရွယ် မခိုင်ခိုင်(အမည်လွှဲ)က လည်း သူ၏ ဆန္ဒကိုယ်ဖွင့်ဟသည်။

လက်လုပ်​သေနတ်များဖြင့်အဓိက​တော်လှန်​နေ​သောစစ်ကိုင်းတိုင်းအတွင်းအကြမ်းဖက် စစ်ကောင်စီတပ်က လေကြောင်းမှ အရပ်သားများကိုပင်မ​ရှောင် တိုက်ခိုက်မှုမှာ ၂၀၂၂ ဖေဖော်ဝါရီ ၁၀ ရက်နေ့အထိ အနည်းဆုံးအကြိမ်​ပေါင်း ၂၀ ​ကျော်ရှိခဲ့သည်။

အချိန်မ​ရွေး​ပေါ်​ပေါက်လာနိုင်​သောတိုက်ပွဲနှင့် အကြမ်းဖက်စစ်တပ်​ကြောင့် မြို့နယ်အများစုတွင် ပြည်သူအများစုသည် စစ်ဘေးရှောင်ရန် အဆင့်သင့်အနေအထားဖြင့်ရှိနေရသည်။ တိုက်ပွဲများ​ကြောင့် အနည်းဆုံးစစ်ကိုင်းတိုင်းတွင် လူဦးရေ တစ်သိန်းကျော် နေရပ်စွန့်ခွာထွက်ပြေးနေရသည်။
အဖိုးတန်ပိုင်ဆိုင်မူများကိုလည်း အချိန်မရွှေးသယ်ယူသွားနိုင်အောင် ထုတ်ပိုးထားရသည်ဟု ယင်းမာပင်မြို့နယ်မှ ကိုဆန်းလင်းကပြောသည်။

“အိမ်ဆိုတာ မီးရှို့ခံရရင်တော့ဖြင့် စိတ်နဲ့ပဲ ယူနိုင်တာယူ၊ ရွှေ့နိုင်တာ ရွှေ့ထားကြရပါတယ်၊ ညဘက်လဲ ဘယ်စိတ်ချလက်ချအိပ်နိုင်ပါ့မလဲ။ မနက်မိုးလင်းရင် နိုးတော့မှ မနေ့က ငါမသေပါလားလို့မှတ်ရတယ်” ဟု ကိုဆန်းလင်းကဖွင့်ဟသည်။

စစ်ကိုင်းတိုင်းအတွင်း ထိန်းချုပ်နိုင်မှုနှင့်ပတ်သတ်ပြီး ဒေသခံကာကွယ်ရေးကာကွယ်ရေးတပ်များကလိုချင်သည့် အခြေအနေရောက်ရန် ဆက်လက်ကြိုးစားနေဆဲဟု PDFအဖွဲ့တစ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက​ပြောသည်။

“ကာကွယ်ရေးတွေအနေနဲ့ ဒေသထိန်းချုပ်နိုင်မှုအတိုင်းအတာ အခြေအနေကောင်းတစ်ခုထိရောက်နေပေမယ့် လိုချင်တဲ့အခြေအနေထိတော့မရောက်သေးပါဘူး။ အဲဒီအတွက်ဆက်ကြိုးစားနေဆဲပါ” ဟု မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့(CDSOM)၊ ပြန်ကြားရေးတာဝန်ခံက​ပြောသည်။

စစ်ကိုင်းတိုင်းအတွင်းရှိ မြို့နယ်တချို့တွင် ဒေသခံကာကွယ်ရေးတပ်များက စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းများကို နှုတ်ထွက်ရန် ဖိအားပေးနေသည်။ စစ်ကောင်စီသည် ၎င်း၏ ဝန်ထမ်းများကို လုံခြုံရေးပေးနိုင်သည့် အခြေအနေမရှိပေ။အကြမ်းဖက်စစ်ကောင်စီသည် မြို့ပြများကို အခိုင်အမာ ခံစစ်ပြင်ထားပြီး စစ်ကိုင်းတိုင်းကို အဆုံးစွန်အထိ ဖျက်ဆီးရန် စီစဉ်ထားပုံရသည်။ ရဲစခန်းများကို ဒေသခံကာကွယ်ရေးတပ်များလာတိုက်၍ စွန့်လွှတ်ခဲ့ရပါက မိုင်းထောင်ခဲ့ရန်ပင် ညွန့်ကြားထားသည်။

“လက်ရှိစစ်ကောင်စီရဲ့လုပ်ဆောင်နိုင်စွမ်းကတော့ သိက္ခာအမဲ့ဆုံး လုပ်ရပ်တွေကြောင့် ရှက်စရာအကောင်းဆုံး အနေအထားပါပဲ။ သံပုံးထဲက ပုဇွန်လုံးတွေလို ဘယ်လောက်တက်တက် အပေါ်ရောက်မှာမဟုတ်တော့ပါဘူး” ဟု CDSOM ပြန်ကြားရေးတာဝန်ခံကမှတ်ချက်ပြုသည်။

နိုင်ငံတော်ဘဏ္ဍာငွေ အရင်းအမြစ်ဖြင့် နှစ်ပေါင်းများစွာ စိတ်တိုင်းကျ တည်ဆောက်ထားသည့် စစ်တပ်သည် ပြည်သူလူထုကို ရန်သူလိုသဘောထား အကြမ်းဖက်​နေဆဲဖြစ်သည်။ သို့​သော် စစ်ကိုင်းတိုင်းမှပြည်သူများကလည်း ဖိ​လေ​ကြွ​လေ ဆိုသကဲ့သို့ ​ခေါင်းစဥ်မျိုးစုံဖြင့်လာ​သောစစ်ဆင်​ရေးမှန်သမျှကို​နောက်မတွန့်ဘဲ အ​ကောင်းဆုံးခုခံတိုက်ခိုက်​နေသည်။

ထို​ကြောင့် အ​နော်ရထာစစ်ဆင်​ရေး ၊အ​လောင်းဘုရားစစ်ဆင်​ရေး စသဖြင့်အမည်များဖြင့် သာလွန်လက်နက် အင်အားဖြင့် ထိုးစစ်ဆင်​သော်လည်း ​နောက်ဆုံးတွင် မင်း​အောင်လှိုင်စစ်တပ်အတွက်”စစ်​ခွေးသင်ချိုင်းစစ်ကိုင်းတိုင်း”ဟု​ဒေသခံများ ​ပြောသကဲ့သို့ အကြမ်းဖက်စစ်​ကောင်စီတပ်သားတို့အတွက် မရဏ နယ်​မြေလည်းဖြစ်​နေသည်။ ထို​ကြောင့် စစ်ကိုင်းတိုင်တွင်း စစ်တိုင်းမှူးများ ရာထူးချခံရသည်မှာ နှစ်ဦးရှိပြီး ယခုအခါ သုံးဦး​မြောက်အလှည့်​​ရောက်ပြီဖြစ်သည်။

​တော်လှန်​ရေးအ​ပေါ်အမြင်နှင့် ပတ်သပ်၍ ကသာ​ဒေသခံ ​ဒေါ်စိန်လှက “မခံချင်စိတ်နဲ့လုပ်ကြတာပဲ၊။ တော်လှန်ရေးက မလွယ်ဘူး။ ပေးဆပ်ရတာဈေးကြီးတယ် ။ .. . ။ဒါပေ့မယ့်လည်း အမေကတော့ မသေခင် သူတို့တွေ (စစ်သားတွေ)မရှုမလှသေတာကို ကြည့်ချင်သေးတယ်။”ဟုသူဆန္ဒကိုထုတ်ပြောသည်။

စစ်ကိုင်းတိုင်းအတွင်း​ပြေးဆွဲ​သောခရီးသည်တင်ယာဥ်လိုင်းတစ်ခုမှ ယာဥ်​မောင်းတစ်ဦးကလည်းအကြမ်းဖက်စစ်​ကောင်စီ တပ်သားများအ​ပေါ်လူထုက မုန်းတီးရွံ​ကြောက်
သ​လောက် PDF များကိုတန်ဖိုးထား​လေးစား​ကြောင်း ​ပြောသည်။

“သူတို့(PDF)ကို ပိုပြီးအား​ကောင်းလာ​စေချင်တယ်။ဒါမှ စစ်တပ်က​မ​သောင်းကြမ်းနိုင်မှာ” ဟုအဆိုပါယာဥ်​မောင်းကသူ၏ဆန္ဒကိုလည်းပြောပါသည်။

ဆက်စပ်သတင်းများ

သတင်း

မိုင်းဆွဲတိုက်ခိုက်မှုတွင် စစ်ဗိုလ် ၂ ဦး​သေဆုံး​ကြောင်း​​စစ်​ရေးသတင်းရင်းမြစ်အချို့က ​​ပြော​သော်လည်း​ဒေသခံ အချို့က ၁ ဦး​သေ​ကြောင်း​ပြောသည်။

သတင်း

ဒီပဲယင်းနှင့် ပုလဲနယ်စစ်ဆင်ရေးများနှင့် ပတ်သက်၍ ဒေသတွင်းPDFအဖွဲ့များထံ ဆက်သွယ်မေးမြန်းထားပြီး လက်တလောပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

သတင်း

ပုလဲမြို့နယ်တွင် ကာလရှည်စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီစစ်ကြောင်းသည် ယနေ့နံနက်တွင် နောက်‌​ကြောင်းပြန်ခေါက်လာပြီး မုံရွာမြို့ရှိ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ)သို့ ဦးတည်နေကြောင်း သိရသည်။

သတင်း

ကသာမြို့နယ်တွင် ယမန်နေ့(နိုဝင်ဘာ၂ရက်)က ဧရာဝတီမြစ်ကြောင်းအတိုင်း ထီးချိုင့်မြို့မှ တက်လာသည့် စစ်ကောင်စီရေယာဉ်ကို တိုက်ခိုက်ရာ ပြန်မပစ်ဘဲ မောင်းနှင်ထွက်ပြေးသွားသည်ဟု ကသာမြို့မှ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။