Connect with us

Hi, what are you looking for?

LuduNwayOo

ဆောင်းပါး

ဂိမ်းကစားပြီး စစ်အာဏာရှင်ကို တော်လှန်ခြင်း

အငြိမ်းစား သမိုင်းဆရာ တစ်ယောက်ဖြစ်တဲ့ ဦးစိန်လင်းဟာ သူ့ဘဝ တလျှောက်လုံး တစ်ခါမှ ဂိမ်းမကစားခဲ့ဖူးပါဘူး။ ဒါပေမဲ့ လွန်ခဲ့တဲ့ တစ်လလောက်ကစလို့ သူဟာ Facebookကနေ ရှာတွေ့လာတဲ့ War of Heroes – The PDF ဂိမ်းကို စကစားဖြစ်ခဲ့ပါတယ်။ အဲဒီအချိန်ကစပြီး သူဟာ ဒီဂိမ်းကို သဲကြီးမဲကြီး စွဲစွဲမြဲမြဲ ကစားနေပါတော့တယ်။

ဂိမ်းကစားပြီး စစ်အာဏာရှင်ကို တော်လှန်ခြင်း
ဂိမ်းကစားပြီး စစ်အာဏာရှင်ကို တော်လှန်ခြင်း

လက်တွေ့ လောကမှာ လူတွေ ထောင်နဲ့ချီပြီး ရက်ရက်စက်စက် သတ်ဖြတ်ပစ်နေတဲ့ အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီရဲ့ စစ်သားတွေဟာ ဂိမ်းထဲမှာတော့ အသက် ၇၂ နှစ်အရွယ် ဦးစိန်လင်းရဲ့ ချေမှုန်း သုတ်သင်မှုကို ခံနေရပါတယ်။ မတ်လမှာ စတင် ထုတ်ဝေ ဖြန့်ချိလိုက် ကတည်းက War of Heroes ဂိမ်းကို Downloadပြုလုပ် ရယူသူပေါင်း ၃ သိန်း ၉ သောင်းကျော် ရှိလာခဲ့ပါပြီ။ ရရှိလာတဲ့ အကျိုးအမြတ်တွေကို မြန်မာ့ တော်လှန်ရေး အင်အားစုတွေအတွက် ထောက်ပံ့ ပေးအပ်သွားမယ်ဆိုတဲ့ ဂိမ်းဖန်တီးသူရဲ့ ကတိကြောင့် စိတ်ဓာတ် တက်ကြွမိတယ်လို့ ဂိမ်းကစားသူ အများစုက ပြောပါတယ်။

“အပြစ်မဲ့ ပြည်သူတွေကို ရက်ရက်စက်သက် သတ်ဖြတ်နေတဲ့ စစ်သားတွေကို ကျွန်တော်ကတော့ သွားမသတ်နိုင်ဘူးပေါ့။ ဒါပေမဲ့ ဒီကောင်တွေကို ဂိမ်းထဲမှာ လိုက်သတ်ရတာလည်း တော်တော်လေး ကျေနပ်စရာ ကောင်းတယ်”လို့ ဦးစိန်လင်းက ပြောပါတယ်။ “ကျွန်တော် သေတဲ့ အချိန်ထိ ရောက်သွားရင်တောင်မှ ဒီဂိမ်းကို ဆော့ပြီးဖြစ်ဖြစ်၊ ကြော်ငြာ ဝင်ငွေရမယ့် Linkတွေကို Click နှိပ်ပေးပြီးဖြစ်ဖြစ်၊ တော်လှန်ရေးအတွက် အထောက်အပံ့ရအောင် လုပ်ပေးနေဦးမှာပါ”လို့လည်း သူက ဆိုတယ်။

တပ်မတော်လို့ ကိုယ့်ကိုယ်ကိုယ် နာမည် ခန့်ခန့်ကြီး ပေးထားတဲ့ မြန်မာစစ်တပ်ဟာ နိုင်ငံကို ရာစုနှစ်ဝက် တစ်ခုလောက် ကြာအောင် ကြီးစိုးခဲ့ဖူးပြီး ကိုယ့်ပြည်သူတွေနဲ့ ပြန်ပြီး စစ်ခင်းနေခဲ့ပါတယ်။ ပြီးခဲ့တဲ့ နှစ်မှာတော့ ရွေးကောက်ခံ ပြည်သူ့ အစိုးရကို စစ်တပ်က ဖယ်ရှားပြီး အာဏာသိမ်းလိုက်ပါတယ်။ အဲဒီ အချိန်ကစလို့ အတိုက်အခံ ခေါင်းဆောင်တွေကို လိုက်လံ ဖမ်းဆီးတာ၊ ဆန္ဒပြ ပြည်သူတွေကို ပစ်သတ်တာ၊ တော်လှန်ရေး အင်အားစုတွေ ရှိနေတဲ့ မြို့ရွာတွေကို ဗုံးကြဲတာ၊ ပြည်သူတွေရဲ့ ထောင်နဲ့ချီ များပြားတဲ့ အိုးအိမ်တွေကို မီးရှို့ ဖျက်ဆီးတာတွေကို စစ်တပ်က ဆက်တိုက် ကျူးလွန်လာခဲ့ပါတယ်။

အာဏာရှင် စစ်ကောင်စီကို တော်လှန်ရပ်တည်နေတဲ့ အတိုက်အခံ တော်တော်များများဟာ နယ်စပ်ဒေသတွေဆီ ထွက်ပြေးပြီး တောထဲမှာ ခိုအောင်းနေရင်း ပြည်သူ့ ကာကွယ်ရေး တပ်မတော် (PDF)ကို စတင် ဖွဲ့စည်းလာခဲ့ကြတယ်။ အနယ်နယ် အရပ်ရပ်မှာ ဖြန့်ကျက်ထားပြီး အင်အား ၆ သောင်းကျော်လောက် ရှိမယ်လို့ ခန့်မှန်းရတဲ့ ပြောက်ကျား တော်လှန်ရေး အင်အားစုဟာ ရွေးကောက်ခံ ပြည်သူ့ ကိုယ်စားလှယ်တွေ စုဖွဲ့ထားတဲ့ အမျိုးသား ညီညွတ်ရေး အစိုးရ (NUG)ရဲ့ ဦးဆောင်မှုအောက်မှာ ရှိနေပါတယ်။ တောခိုနေတာမျိုး မဟုတ်ဘဲ မြို့ရွာတွေမှာ အခြေချတဲ့ PDF အင်အားစုကလည်း အလားတူ ပမာဏလောက် ရှိနိုင်ပြီး စစ်တပ်နဲ့ လက်အောက်ခံ အရာရှိတွေကို ပြောက်ကျား စနစ်နဲ့ တိုက်ခိုက်နေကြတယ်။ အဲဒီ အင်အားစုတွေကိုတော့ ဒေသခံ ပြည်သူ့ ကာကွယ်ရေးတပ်တွေ (LDF)တွေလို့ ညွှန်းဆို ခေါ်ဝေါ်လေ့ ရှိပါတယ်။

Public Service Announcement

Public Service Announcement

War of Heroes ဂိမ်းကိုတော့ စစ်တပ် အာဏာသိမ်းလိုက်တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက် မတိုင်ခင် ကတည်းက ပြည်ပကို ထွက်ခွာလာခဲ့တဲ့ မြန်မာနိုင်ငံသား Developer သုံးယောက် စုပေါင်း ရေးဆွဲခဲ့ကြပါတယ်။ စစ်အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာ ကိုယ်တိုင်ဖြစ်စေ၊ မိသားစုဝင်တွေဖြစ်စေ ပါဝင်ခဲ့မိတဲ့ နည်းပညာ နယ်ပယ်က လုပ်ဖော်ကိုင်ဖက်တွေ အဖမ်းခံရတာ၊ ပျောက်ဆုံးသွားတာမျိုး ဖြစ်ရပ်တွေကြောင့် ဒီဂိမ်းကို ဖန်တီးဖို့ စိတ်ဓာတ်ရေးရာ တွန်းအား ဖြစ်လာစေတယ်လို့ Developer တစ်ဦးဖြစ်တဲ့ ကိုတွတ်က ပြောပါတယ်။

ဇွန်လလယ်မှာတော့ ဂိမ်းကို အခကြေးငွေနဲ့ ကစားလို့ရမယ့် Paid Version ထုတ်ပေးလိုက်ပြီး ရက်ပိုင်း အကြာမှာပဲ အမေရိကန်၊ ဩစတြေးလျနဲ့ စင်ကာပူက Apple’s App Storeရဲ့ အရောင်းရဆုံး ထိပ်တန်း ဂိမ်း ၁၀ ခု စာရင်းမှာ ပုံမှန် ပါဝင်လာခဲ့ပါတယ်။ “ကမ္ဘာအနှံ့ကို ရောက်နေတဲ့ မြန်မာ ပြည်သူတွေက ဒီဂိမ်းကို Download လုပ်ကြတယ်လေ”လို့ ကိုတွတ်က ပြောပါတယ်။

ဂိမ်းရဲ့ သဘောတရားအရ ဆော့ကစားသူဟာ စစ်ပွဲထဲ ရောက်ရှိနေပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သားတွေကို သုတ်သင်ရမှာ ဖြစ်ပါတယ်။ အဆင့်တွေ တက်လာလေလေ၊ ကစားရတာ ပိုပြီး ခက်လေလေပါပဲ။ ဂိမ်းရဲ့ အမြင့်ပိုင်း Levelတွေမှာတော့ အရပ်သားတွေနဲ့ ရောနှောနေတဲ့ ဒလန်တွေ၊ စစ်ကောင်စီကို ထောက်ခံနေတဲ့ Celebrityတွေနဲ့ အာဏာသိမ်း စစ်ခေါင်းဆောင်တွေကို ပစ်မှတ်ထားလာနိုင်မှာပါ။

“မကောင်းဆိုးရွား စစ်တပ်ရဲ့ ရန်ကနေ အပြစ်မဲ့ ပြည်သူတွေကို ကာကွယ်ဖို့အတွက် ကျွန်ုပ်တို့ တော်လှန်ရေး အင်အားစုတွေက သင့်ကို အလိုရှိနေပါတယ်”လို့ ဂိမ်းအကြောင်း အတိုချုပ် ရှင်းလင်းချက်မှာ ရေးသားထားပါတယ်။ “သင့်ရဲ့ တာဝန်က PDFကို ချိတ်ဆက်ပြီး အတော်ဆုံး လွတ်လပ်ရေး တိုက်ပွဲဝင် စစ်သည်တစ်ယောက် ဖြစ်လာစေဖို့ပါပဲ”လို့လည်း ဖော်ပြထားပါသေးတယ်။

ဂိမ်းရဲ့ အခမဲ့ Free Versionမှာ ပါဝင် ကစားသူတွေက ကြော်ငြာတွေကို ကြည့်ပေးပြီး ဝင်ငွေ ရရှိအောင် ကူညီနိုင်ပါတယ်။ Paid Versionမှာတော့ Downloadလုပ်တဲ့အခါ၊ ခဲယမ်းမီးကျောက်တွေ ဖြည့်တင်း ဝယ်ယူတဲ့အခါ ငွေကြေး အသုံးပြုရပါတယ်။ ဂိမ်းထဲမှာ ၅၄ ဒေါ်လာဖိုးလောက် ငွေကြေး ရရှိအောင် တစ်နည်းနည်းနဲ့ အကူအညီ ဖြစ်စေခဲ့တဲ့ သူတွေကတော့ အောင်မြင်မှု ဂုဏ်ပြု လက်မှတ်တစ်ခု ချီးမြှင့်ခဲ့ရပါတယ်။ မြန်မာနိုင်ငံက ဆန္ဒပြသူတွေ ရည်ညွှန်းခေါ်ဝေါ်ကြတဲ့ နွေဦး တော်လှန်ရေးဆိုတဲ့ လှုပ်ရှားမှုမှာ ပါဝင် လှူဒါန်းတဲ့အတွက် ရရှိတဲ့ ဂုဏ်ပြု လက်မှတ် ဖြစ်ပါတယ်။

အခုဆိုရင် သူတို့ဟာ ဒေါ်လာ ၉ သောင်းလောက်ထိ ထောက်ပံ့ လှူဒါန်းနိုင်ခဲ့ပြီးပြီလို့ Developerတွေက ပြောပါတယ်။ အဲဒီထဲက ၅ ပုံ ၁ ပုံလောက် ပမာဏဟာ နေရပ်စွန့်ခွာ ထွက်ပြေးရတဲ့ စစ်ဘေးရှောင် ပြည်သူတွေဆီ ရောက်ရှိသွားတယ်လို့ ဆိုပါတယ်။ ကျန်တဲ့ ငွေကြေးတွေကိုတော့ LDF အဖွဲ့ပေါင်း ၂ ဒါဇင်လောက်ဆီ ဖြန့်ဝေ လှူဒါန်းခဲ့တာပါ။

မြန်မာနိုင်ငံကနေ ဂိမ်းကစားတဲ့ သူတွေကတော့ အင်တာနက်ပေါ်က ကန့်သတ် ချုပ်ခြယ် ခံရတဲ့ အခြေအနေတွေကို ကျော်လွှားဖို့အတွက် Virtual Private Network (VPN) App တစ်ခုခု လိုအပ်ပါတယ်။ မြို့ထဲ သွားလာရင်း စစ်တပ်နဲ့ လက်အောက်ခံ ရဲတွေက ရှောင်တခင် စစ်ဆေးတဲ့အခါ အဖမ်းခံရမှာ စိုးတာကြောင့် ဂိမ်းကစားသူတွေက အပြင်ထွက်ရင် ဖုန်းထဲက ဂိမ်းကို Unistall လုပ်သွားရပါတယ်။ အိမ်ပြန်ရောက်မှ ဂိမ်းကို နောက်တစ်ခါ Download ပြန်ဆွဲပြီး ဆက်ကစားကြရတာပါ။

ဒီဂိမ်းဟာ မျှော်လင့်မထားတဲ့ ပရိသတ် တချို့ကိုလည်း ဆွဲဆောင်နိုင်ခဲ့ဟန် တူပါတယ်။ အဲဒီထဲမှာ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး တစ်ပါးနဲ့ အကြမ်းဖက် စစ်ကောင်စီ အဖွဲ့ဝင် တပ်သားတစ်ယောက် ကိုယ်တိုင်လည်း အပါအဝင် ဖြစ်ပါတယ်။

မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်း၊ လားရှိုးမြို့က အသက် ၃၂ နှစ်အရွယ် ဘုန်းတော်ကြီး ဦးပညာဝံသဟာ စိတ်အားတက်ကြွ ထက်သန်နေတဲ့ ဂိမ်းကစားသူ တစ်ယောက်ပါ။ ဗုဒ္ဓ ဘုရားရှင် ကိုယ်တိုင်က သူတစ်ပါးရဲ့ အသက်ကို မသတ်ဖြတ်ဖို့ တားမြစ် ဆုံးမထားပေမယ့်လည်း မြန်မာ ပြည်သူတွေဟာ အကြမ်းဖက် စစ်အာဏာရှင်တွေရဲ့ ရန်ကနေ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ လိုအပ်နေပြီလို့ ဘုန်းတော်ကြီးက မိန့်ပါတယ်။ “PDFဂိမ်းတစ်ခုကို ကစားတာက ဗုဒ္ဓရဲ့ ဩဝါဒနဲ့တော့ မလျော်ညီသလို ဖြစ်နေတယ်။ ဒါပေမဲ့ ကျုပ်ကတော့ အပြစ်မကင်းသလို မခံစားရပါဘူး။ ကျုပ်တို့ အနေနဲ့ စစ်အာဏာရှင် ဖိနှိပ်မှုအောက်မှာ ပျံလွန်တော် မမူချင်ဘူးလေ”လို့ ဦးပညာဝံသက ဆိုတယ်။ “ကျုပ်တို့ရဲ့ အသက်တွေကို တစ်ယောက်ယောက်က ခြိမ်းခြောက် ထိပါးလာရင် ကိုယ်က ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ လက်ဦးမှု ယူသင့် ယူရမှာပဲ။ မဟုတ်ရင် သူတို့က ကိုယ့်ကို အချိန်မရွေး သတ်သွားမှာပေါ့”လို့လည်း သူက ထောက်ပြပါသေးတယ်။

War of Heroesဟာ သူကစားဖူးသမျှ ပထမဆုံး စစ်ပွဲဂိမ်းပါလို့လည်း ဦးပညာဝံသက ပြောပါတယ်။ ဂိမ်းရဲ့ Developerတွေက အကျိုးအမြတ်တွေကို PDF တပ်ဖွဲ့တွေနဲ့ စစ်ဘေးရှောင် ဒုက္ခသည်တွေဆီ လှူဒါန်းပေးမယ်လို့ ကြေညာထားတာကြောင့် သူဟာ ဒီဂိမ်းရဲ့ အမာခံ ပရိသတ် ဖြစ်လာတယ်လို့လည်း ဘုန်းတော်ကြီးက ရှင်းပြပါတယ်။

“တကယ့် ဗုဒ္ဓဘာသာဝင် စစ်စစ်တွေက ဘုန်းတော်ကြီးတွေကို ရိုသေကြပါတယ်။ ဒါပေမဲ့ ဒီစစ်တပ်ကတော့ ဘုန်းကြီးတွေပါမချန် သတ်ဖြတ်နေတာ။ ဒီတော့ သူတို့ကို တူသောအကျိုး ပေးစေမယ့် ဂိမ်းတစ်ခုကို ကစားတာက တရားပါတယ်”လို့လည်း ဦးပညာဝံသ သူ့သဘောထားကို မိန့်ခဲ့ပါသေးတယ်။

ဂိမ်းက တော်တော်လေး နာမည်ကြီးလာတဲ့အခါ အကြမ်းဖက် စစ်ကောင်စီ တပ်သားတချို့ပါ Download လုပ်ပြီး ကစားလာကြတယ်လို့ ဆိုပါတယ်။ အာဏာသိမ်းလိုက်တဲ့ ကိစ္စနောက်ပိုင်း တပ်ထဲကနေ ထွက်ပြေးပြီး ပြည်သူ့ရင်ခွင်ကို ဘက်ပြောင်း ခိုလှုံလာသူ အရေအတွက်က တရိပ်ရိပ် တိုးလာနေပါတယ်။ အကြောင်း အမျိုးမျိုးကြောင့် တပ်ထဲမှာ ဆက်နေဖြစ်ပေမယ့် စိတ်ထားနဲ့ ခံယူချက်က စစ်အာဏာရှင်တွေကို ဆန့်ကျင်နေတဲ့ စစ်သည်တွေကို ဖရဲသီးတွေလို့ ခေါ်ကြပါတယ်။ အပြင်ခွံက စိမ်းနေပေမယ့် အတွင်းထဲမှာ နီနေတဲ့ သဘောသဘာဝကို အစွဲပြုထားတာပါ။ အနီရောင်ဟာ ဒီမိုကရေစီရေး လှုပ်ရှားမှုရဲ့ သရုပ်သကန်ကို ရည်ညွှန်းပါတယ်။

လုံခြုံရေးအရ နာမည် မဖော်ပြနိုင်တဲ့ မြန်မာ စစ်သား တစ်ယောက်က သူဟာ တပ်ကနေ ထွက်ပြေးပြီး တော်လှန်ရေး အင်အားစုတွေဆီ သွားရောက် ပူးပေါင်း ခိုလှုံချင်ပေမယ့် မိသားစုကို အငြှိုးထား လက်စားချေ ခံရမှာ သိလို့ မလှုပ်သာကြောင်း ပြောပါတယ်။ ဒီတော့ တော်လှန်ရေးကိုပဲ ရတဲ့နည်းနဲ့ ထောက်ပံ့မယ်လို့ ဆုံးဖြတ်ပြီး အတွင်းသတင်းတွေကို တော်လှန်ရေး အဖွဲ့တွေဆီ လျှို့ဝှက် နည်းလမ်းတွေနဲ့ ပေးပို့နေကြောင်း အဲဒီ ဖရဲသီး စစ်သည်က ဆိုပါတယ်။ သူက War of Heroes ဂိမ်းကိုလည်း ကစားပါသေးတယ်။

“အာဏာသိမ်းလိုက်တဲ့ အချိန်ကစလို့ စစ်အာဏာရှင် ဗိုလ်ချုပ်တွေကိုရော၊ ပြည်သူကို ရန်သူလို့ သဘောထားတဲ့ စစ်သားတွေကိုပါ ကျွန်တော်ကိုယ်တိုင် သတ်ပစ်ချင်နေတာ”လို့ သူက ဆိုတယ်။ “ဒါပေမဲ့ဗျာ၊ လက်တွေ့မှာတော့ ကျွန်တော့် အနေအထားလောက်နဲ့ သူတို့ကို သတ်ပစ်လို့ မရပါဘူး။ တကယ်ပြောတာပါ။ အခြေအနေ ပေးလို့ကတော့ ကျွန်တော်က လုပ်ပစ်မှာ”လို့လည်း သူက မချိတင်ကဲ ဖွင့်ဟခဲ့ပါသေးတယ်။

မျိုသိပ်ထားရတဲ့ သူ့ဒေါသတွေကို ဖွင့်ချဖို့အတွက် ဒီဂိမ်းက အသင့်တော်ဆုံး နေရာတစ်ခုပါပဲ။ “ဂိမ်းထဲမှာ မြန်မာ စစ်သားတွေကို လိုက်သတ်ရတော့ အတော်လေး နေသာထိုင်သာ ရှိသွားတယ်။ အနည်းဆုံးတော့ ကျွန်တော်က စစ်သားတွေကိုလည်း သတ်ရ၊ တော်လှန်ရေးအတွက်လည်း ငွေလှူပြီးသားဖြစ်ဆိုတော့ အဆင်ပြေတာပေါ့”လို့လည်း အဲဒီ ဖရဲသီး စစ်သည်က ပြောပါသေးတယ်။

ဂိမ်းရဲ့ နောက်ထပ် ပရိသတ် တစ်ယောက်ကတော့ အသက် ၂၈ နှစ်အရွယ် သူနာပြု မမြတ်နိုးအေး ဖြစ်ပါတယ်။ သူဟာ စစ်ကောင်စီ လက်အောက်မှာ အလုပ်မလုပ်နိုင်ဘူးလို့ ဆုံးဖြတ်ပြီး မန္တလေးမြို့၊ ဆေးရုံတစ်ခုကနေ CDM လုပ်ပြီး ထွက်ခွာလာခဲ့သူ တစ်ယောက်ပါ။ အခုတော့ မမြတ်နိုးအေးဟာ ကချင်ပြည်နယ်က ဒေသခံ တိုင်းရင်းသား တော်လှန်ရေး တပ်ဖွဲ့တွေ ထိန်းချုပ်ထားရာ နယ်မြေထဲက လိုင်ဇာမြို့ကို ရောက်ရှိနေပြီး PDFတွေအတွက် ဆေးတပ်သား တစ်ယောက်အဖြစ် စေတနာ့ဝန်ထမ်း တာဝန်ယူထားပါတယ်။

မေလမှာ အကြမ်းဖက် စစ်ကောင်စီ တပ်သားတွေဟာ စစ်ကိုင်းမြို့မှာရှိတဲ့ သူ့ရဲ့ မွေးဇာတိ နေပူကုန်းရွာကို စီးနင်းတိုက်ခိုက်ပြီး မီးတင်ရှို့ခဲ့ကြပါတယ်။ မမြတ်နိုးအေးရဲ့ ဆွေမျိုးတွေ အပါအဝင် ဒေသခံ ၅၀၀၀ လောက်ဟာ ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်ခဲ့ရပါတယ်။ “ကျွန်မက အလုပ်အကိုင် ဆုံးရှုံးခဲ့တယ်။ မိသားစုက လယ်ယာတွေနဲ့ အိမ်ကို ဆုံးရှုံးခဲ့ရတယ်။ အခုဆိုရင် တစ်မိသားစုလုံးက ဆွေမျိုးတွေအပေါ် မှီခိုနေရပါပြီ။ ကျွန်မတို့လို အဖြစ်မျိုး ကြုံရတဲ့ မိသားစုတွေ အများကြီး ရှိပါသေးတယ်။ ဒီတော့ တော်လှန်ရေးမှာ ကျွန်မတို့ နိုင်မှ ဖြစ်မယ်။ မဟုတ်ရင် ဆိုးယုတ်လှတဲ့ စစ်ကောင်စီ လက်အောက်မှာ ကျွန်မတို့အားလုံး သေမှာပဲ”လို့ မမြတ်နိုးအေးက ပြောတယ်။

အခုတော့ သူ့ရဲ့ အသက် ၅၆ နှစ်အရွယ် မိခင်ကလည်း လိုင်ဇာမှာရှိတဲ့ သူ့ဆီကို လိုက်လာပြီး PDFတွေအတွက် ထမင်းချက်အဖြစ် ကူညီ လုပ်ကိုင်ပေးနေတယ်လို့ မမြတ်နိုးအေးက ဆိုတယ်။ သူက မိခင်ကိုလည်း War of Heroes ဂိမ်းနဲ့ မိတ်ဆက်ပေးလိုက်ပြီး အမျိုးသမီးကြီးကလည်း ညတိုင်းညတိုင်း မအိပ်ခင်မှာ မပျက်မကွက် ဂိမ်းကစားပေးနေပြီ ဖြစ်ပါတယ်။

“အမေ့ကို ကျွန်မက ပြောပြတယ်လေ။ စစ်တပ်ကို အရမ်းမုန်းနေတယ်ဆိုရင် ဒီဂိမ်းကို ကစားတဲ့အခါ စိတ်ဖြေရာလည်း ရောက်တယ်၊ တော်လှန်ရေးကိုလည်း အထောက်အပံ့ ဖြစ်စေတယ် ဆိုတာကိုပါ။ ကျွန်မ ဂိမ်းကစားရင်လည်း ဒီလိုပဲ ခံစားရတယ်။ တော်လှန်ရေးဟာ အဆုံးသတ်တိုက်ပွဲ ဖြစ်ရမယ်”လို့ သူက ပြောသွားခဲ့ပါသေးတယ်။

(New York Times သတင်းဌာန၏ Fighting a Brutal Regime With the Help of a Video Game ဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်)

ဆက်စပ်သတင်းများ

သတင်း

RPG တစ်လက်နှင့် RPG ဗုံးသီး ငါးခုကို ကျပ် သိန်း ၆၀ခန့်သာ ကုန်ကျခဲ့ကြောင်း၊ လိုအပ်ချက် အနည်းအငယ်ရှိသော်လည်း စစ်မြေပြင်၌ အဆင်ပြေစွာ အသုံးပြုနေကြောင်း ADPRA၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

သတင်း

ဇန်နဝါရီ ၃၀ ရက်ကလည်း လောင်းလုံး PDF နှင့် ပူးပေါင်းအဖွဲ့များမှ မောင်းမကန်ရဲစခန်းအား ၄၀ မမ ခြောက်လုံး၊ ၇၉ ဗုံးသီး ၄၂ လုံးအသုံးပြုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ နှစ်ဦးပြင်းထန်ဒဏ်ရာ ရရှိခဲ့သေးသည်။

သတင်း

စစ်အာဏာရှင်စနစ်အမြစ်ပြတ်ချုပ်ငြိမ်းရေးအတွက် မြန်မာပြည်သူလူထုတစ်ရပ်လုံးနှင့်အတူ ခိုင်ကျည်သောစိတ်ဓာတ်ဖြင့် မဆုတ်မနစ်ဆက်လက်တိုက်ပွဲဝင်ရန် လေးလေးနက်နက်ကတိကဝတ်ပြုလိုက်ကြောင်း ဖော်ပြသည်။

သတင်း

စစ်ကောင်စီက ဆီဆိုင်မြို့ပေါ်သို့ လေယာဉ်နှစ်ကြိမ်ပျံဝဲခဲ့ပြီး ဒေသခံများအားလုံး မြို့မှ တိမ်းရှောင်ထွက်ပြေးခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။