အောင်ဇေယျ
မိုးမရွာဘဲပူပြင်းနေသောစက်တင်ဘာလ၏ ရက်တစ်ရက်မွန်းလွဲ ၁နာရီဝန်းကျင်။ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းကျေးရွာရှိ ဘုန်းကြီးကျောင်းဝင်းအတွင်း၌ရှိသောကျောင်းလေး၌ ကျောင်းသား၊ကျောင်းသူကလေးငယ်များနှင့် လုပ်အားပေးသင်ကြားပေးမည့်လူငယ်များရောက်ရှိနေကြသည်။
ထိုကျောင်းလေးသည် မူလတန်းနှင့်အလယ်တန်း တွဲဖွင့်ထားသော ကျောင်းလေးသာဖြစ်သည်။ လေးတန်းမှ ရှစ်တန်းအထိ နေ့လယ် ၁၂ နာရီထိုးလျှင် စာစသင်ပါသည်။ ကျန်သည့်ကလေးများအား နေ့လယ်တစ်နာရီထိုးမှ စာသင်သည်။ ထိုနေ့က တစ်နာရီထိုးခါနီးပြီမို့ ကလေးများလည်း စုံစုံညီညီ ရောက်နေကြပြီဖြစ်သည်။
မွန်းလွဲ ၁၂ နာရီ မိနစ် ၅၀ ခန့်တွင် ကျောင်းထဲရှိ သင်ကြားရေးကိစ္စများ ကူညီပေးနေသော ကိုအောင်စောထွေးက ဆရာမ ဒေါ်အေးမာဆွေဆီရောက်လာပြီး”အစ်မရေ ဝေဟင်”ဟု ပြောသည်။
ဆရာမက ကောင်းကင်ကိုမော့ကြည့်တော့ ရဟတ်ယာဥ်သံများလည်း ကြားနေရပြီ။ မြောက်ဘက်ကိုမောင်းပြီး ပြန်ကွေ့လာသည့်ရဟတ်ယာဥ်တစ်စီးကိုလည်းတွေ့လိုက်ရသည်။
ဆရာမကလည်း မူလတန်းကျောင်းဆောင်ဘက်သို့ “ဆရာမတို့ရေ ဝေဟင်”ဟု လှမ်းအော်လိုက်သည်။ မူလတန်းဆောင်ဘက်ရှိ ဆရာမတို့ကလည်း ကျောင်းဆောင်ပြင်ပဆော့နေသော ကလေးများအား အဆောင်ထဲ ခပ်မြန်မြန်ဝင်ခိုင်းကြသည်။
ထိုအချိန် ဘုရားကြားတွင်ဆော့နေသည့် ကလေးတွေလည်း ဆရာတွေခေါ်နေသံကြား၍ အဆောင်ဘက် ပြန်ပြေးလာကြသည်။ ထိုကလေးတွေကို ဆရာမ က သူ့အဆောင်ထဲခေါ်ထားလိုက်သည်။ ကလေးများလည်း ကျောင်းဆောင်ထဲရောက်ချိန် သေနတ်သံများစကြားရပါတော့သည်။
“ခါတိုင်းလည်း ဖြတ်နေကျ(ရဟတ်ယာဥ်ကိုဆိုလိုခြင်းဖြစ်)။ လာနေကျ ဝေဟင်ကနေ။ ကျွန်မတို့ရွာနားကနေ ဖြတ်နေကျ။ ဖြတ်နေကျဆိုတော့ ကျွန်မတို့အပေါ်ကို ဒီလောက်အထိ အငြှိုးကြီးကြီးနဲ့ ရက်ရက်စက်စက် လုပ်လိမ့်မယ်လို့လည်း မထင်ဘူး။ ကျွန်မတို့က သူတို့ကိုလည်း ဘာမှလုပ်နေတဲ့သူတွေ မဟုတ်ဘူးလေ။ ကလေးတွေပဲ ရှိတဲ့ဥစ္စာ။”
ဘေးနားက ဆရာကလည်း အစ်မရေ ပစ်ပြီ ဟု လှမ်းအော်ပြောသည်။ ဆရာမလည်း တအံ့တသြဖြစ်သွားပြီး ကလေးများကို ကုတင်အောက်ဝင် ကုတင်အောက်ဝင်ဟု အော်ရတော့သည်။ ဆရာမတို့ကျောင်းလေးသည်ရှေးကျောင်းဆောင်ဖြစ်၍ ကုတင်ကြီးများပေါများစွာရှိသည်။ ကုတင်များအောက် ကလေးများရောက်ပြီးချိန် ကုတင်ဘေးအပြင်ဘက်တွင် ဆရာနှင့်ဆရာမ ကျန်နေသည်။ ထိုအချိန် ဆရာ၏ ပေါင် လက်နက်ကြီးထိမှန်ပါတော့သည်။
ဆရာက “အစ်မရေ ကျွန်တော်တော့ထိပြီ။”ဟု အော်ရင်း ပေါင်ကိုလှပ်ကြည့်စဥ် သွေးတွေက ရေအပြင်းပိုက်တစ်ခုမှရေများ ဘေးဘက်ကနေပေါက်ထွက်လာသလို သွေးတွေက ထောင်ပန်းကာ ထွက်လာတော့သည်။
ဆရာ မဖြစ်တော့ဘူး။ ကုတင့်အောက်ရောက်အာင်သွားပါ။ ကလေးတွေကို ကျွန်မတာဝန်ထား။”ဟု ဆရာမကအမြန်ပြောလိုက်သည်။
အနောက်ဘက်ရှိ ကုတင်အောက်တွင်လည်း ကလေးတွေနှင့်ဆရာတချို့ ရှိနေရာ ထိုကုတင်ဘက်က ဆရာကလည်းလှမ်းအော်သည်။ “အစ်မရေ ဖိုးသားလေးတေ့ာထိပြန်ပြီ။”တဲ့။ ထိုဖိုးသားလေးဆိုသူမှာ ရေဦးဆေးရုံ၌ ဆုံးသွားသည့် ကလေးငယ်လေးဖြစ်သည်။ ဆရာမက “များလား”ဟု စိုးရိမ်တကြီးလှမ်းမေးတော့ “များတယ်”ဟု လှမ်းအော်သည်။ “ဒဏ်ရာကိုသွေးတိတ်အောင်စည်းထား။ မများဘဲနဲ့”ဟု ကလေးစိတ်သက်သာရာ ရစေရန်၊ မကြောက်စေရန် ပြန်အော်ပေးလိုက်သည်။
ထို့နောက်တွင်တော့ စစ်ကောင်စီတပ်သည် ဆရာမတို့၏ စာသင်ကျောင်းဆောင်လေးကိုလက်နက်ကြီး၊လက်နက်ငယ်များဖြင့် အငြိုးတကြီးပစ်ခတ်တိုက်ခိုက်လေတော့သည်။ စက်တင်ဘာ ၁၆ ရက်နေ့ခင်းတွင် ဒီပဲယင်းမြို့နယ် လက်ယက်ကုန်းရွာရှိ ဘုန်းကြီးကျောင်းနှင့်တွဲလျက်ဖွင့်ထားသော စာသင်ကျောင်းကို အကြမ်းဖက်စစ်အုပ်စု၏ MI-35 ရဟတ်ယာဥ်တစ်စီးက ဝေဟင်မှ၊ ခြေလျင်တပ်ရင်း ၃၆၈ က မြေပြင်မှ တစ်နာရီကြာ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှုအားကိုယ်တိုင်ကြုံတွေ့ခဲ့သောဆရာမ ဒေါ်အေးမာဆွေက ဆယ်ရက်အကြာတွင်ပြုလုပ်သောသတင်းစာရှင်းလင်းပွဲ၌ ပြန်ပြောပြနေခြင်းဖြစ်သည်။
ကျောင်းထဲရှိ ရေမော်တာကြီးတစ်လုံးလည်း အုန်းခနဲကွဲထွက်သွားသည်။ မီးခိုးတွေလည်း စာသင်ဆောင်ထဲ လုံးထွေးတက်လာသည်။ မူလတန်းကျောင်းဆောင်ဘက် လှမ်းကြည့်လိုက်ရာ ထိုကျောင်းထဲတွင်လည်း ဆရာမ၏ သားသမီး၃ ယောက်ရှိနေသည်။ ဆရာမခမျာ သူ့ကလေး၃ယောက်အတွက်လည်းပူ၊ ကျောင်းသားလေးတွေအတွက်လည်း ပူရလေပြီ။ ကလေးတွေဆီကလည်း ငိုသံတွေထွက်လာပြီ။
လက်ရှိနေရာသည် မလုံခြုံတော့ဟုယူဆလာ၍ ဆရာမနှင့် ကလေးဆယ်ယောက် အရှေ့ဘက်ကုတင်အောက်ကူးကြသည်။ မတ်တပ်မရပ်ဘဲ လေးဘက်ထောက်က သွားသည်။ ထိုအချိန် ကလေးမလေးတစ်ယောက် ကုတ်ပိုးကို ကျည်ဆန်ထိမှန်ပြန်သည်။ ကလေးမလေး၏ ဆံပင်တွေ ပြတ်ထွက်ကုန်သည်။ ကလေးကို ဘာမှမဖြစ်ဖူးဘူးဟုသာ အားပေးနေရသော်လည်း ဆရာမရင်ထဲ ဗလောင်ဆူနေလေပြီ။ ဘုရားစာတွေရွတ်ဆိုရင်း “အောက်မှာ ကလေးတွေပဲ ရှိတာပါ။ လေယာဥ်တွေရပ်ပါတော့။”ဟု စိတ်ထဲကနေ သစ္စာဆိုနေမိသည်။
ထိုအချိန် ကလေးတစ်ဦးဆွဲကာ ဆရာမတစ်ဦး ပြေးဝင်လာသည်။ ထိုဆရာမလေးက “အစ်မရေ ကျွန်မခေါင်းလည်းထိသွားပြီ။”ဟု ထိတ်လန့်တကြီးပြောသည်။ ထိုဆရာမလေး၏ မျက်နှာတွင်လည်း သွေးတွေကရဲနေသည်။ ပါလာသည့်ကလေးမလေးမှာလည်း ရောဂါသည်လေး။ ကြောက်လွန်း၍ သူ့ခန္ဓာကိုယ်တစ်ခုလုံး တုန်နေသည်။ ဆရာမလေး၏ ခေါင်းကိုလည်း လက်သုတ်ဝတ်ကလေးဖြင့် ပတ်ခိုင်းထားသည်။
တစ်နာရီခန့်ပစ်ခတ်ပြီးနောက် စစ်ကောင်စီစစ်သားများ ခြင်းကျားများလွယ်ကာ ရောက်လာသည်။ “ဝင်လာတဲ့အချိန်မှာလည်း သေနတ်တွေပစ်ခတ်ပြီး ဝင်လာတာ။ရိုးရိုးဒီအတိုင်း ဝင်လာတာမဟုတ်ဘူး။”
ထို့နောက် ကျောင်းဆောင်ရှေ့ကနေ စစ်သားတွေက “ထွက်ခဲ့ကြ။ ငါတို့လာရှာလို့မှတွေ့ရင် အကုန်သတ်ပစ်မယ်။ ခုထွက်။”ဟု အော်သည်။ ထို့နောက် ကျောင်းဆောင်ထဲဝင်လာသည်။ ကလေးတွေကော ဆရာမတွေပါမထွက်ရဲသေး။
အရှေ့ဘက် ဘုရားတွေဘက်လည်း ပစ်သည်။ မထွက်လျှင်ပစ်မည်ဟုထပ်ပြောလာတော့ ဆရာမလည်း ကလေးတွေကို မကြောက်ဖို့အားပေးရင်းကလေးတွေနှင့်အတူကုတင်အောက်မှ ထွက်လိုက်ရတော့သည်။မူလတန်းကျောင်းဆောင်ဘက်က ကလေးတွေလည်းထွက်လာသည်။ သူတို့လေးတွေခမျာ ခြေထောက်ထိတဲ့သူထိ၊ မျက်လုံးထိတဲ့သူထိ၊ သွေးတွေလည်းစိုနေကြပြီး ကြောက်ကြောက်လန့်လန့်ဖြင့် ထွက်လာကြသည်။
မိခင်တစ်ဦးလည်းဖြစ်သော ထိုဆရာမသည် သူ့သားသမီး၃ယောက်ကော ဘာဖြစ်သွားလဲဟု ထိတ်ထိတ်ပျာပျာ ရှာမိသည်။သမီးကြီးလေးနှင့် သားငယ်လေးကို ဦးစွာတွေ့သည်။ သမီးလေးကိုယ်မှာလည်း သွေးတွေက တစ်ကိုယ်လုံး ရေလောင်းချထားသလို စိုရွှဲနေသည်။
ဆရာမက သမီးဘာဖြစ်တာလဲ သမီးခိုက်မိတာလားဟု မေးတော့ “မေမေ သမီး ဘာမှမခိုက်မိဘူး။ သမီးသူငယ်ချင်းရဲ့ညီမလေး ဗိုက်ကြီးပွင့်ပြီးတော့ သေနေတယ်မေမေ။ သမီးရဲ့သူငယ်ချင်းကလည်း လက်တွေခြေတွေပြတ်ပြီးတော့ ကြည့်လို့မရတော့ဘူးမေမေ။ နောက်တစ်ယောက်ကော သမီးမြင်ခဲ့တယ်။”တဲ့။ ဆရာမ ကလေးတွေအတွက် စိတ်ပူသွားမိသည်။ နောက်ပြီးကျန်နေသေးသည့် သားငယ်လေးကော ဘယ်ရောက်နေပြီလဲ။ ထိုအချိန်ကလေးတစ်ယောက်ကဆရာမသားလေးနောက်နားမှာရှိတယ်ဟုလာပြောသည်။ လှမ်းရှာကြည့်တော့ သားလေးကို တွေ့လိုက်ရသည်။
ဆရာမက သားလေးကို သူ့အနားရောက်အောင်စစ်သားတွေမသိအောင်တဖြည်းဖြည်းတိုးလာခိုင်းသည်။ကလေးက ဆရာမအနားလည်းရောက်ရောနှုတ်က “မောင်ဘုန်း မောင်ဘုန်း”ဟု တတွတ်တွတ်ပြောရင်း ငိုတော့သည်။ သားငယ်လေးပြောသည့် မောင်ဘုန်းဆိုသည်မှာ ဆရာမ၏ တူတော်သည့် မောင်ဘုန်းတေဇဖြစ်သည်။ သားငယ်လေး၏ ညီဝမ်းကွဲပင်။ ဆရာမက သားလေးကိုမကြောက်ဖို့ပြောရင်း အားပေးတော့ သားကဆက်ပြောသည်။
“မေမေ မောင်ဘုန်းက သွေးအိုင်ထဲမှာပက်လက်ကလေး မေမေ။ သားကိုလှမ်းခေါ်တယ်။ ကိုကို သားကိုကယ်ပါလို့ လှမ်းအော်နေတယ်။ သားသွားမယ်လုပ်တော့ ဆရာမက သွားလို့မဖြစ်ဘူးလို့ဆိုလို့ သားမသွားရဘူး။ သားညီလေး သွေးအိုင်ထဲမှာလူးနေတယ်။”ဟုပြောရင်း သားထိတ်လန့်နေသည်။
ထိုအချိန် ဘုန်းတေဇ၏ မိခင်ဖြစ်သူမှာ ပစ်နေခတ်နေသည့်ကြားထဲမှ သားဇောဖြင့် ကျောင်းထဲထိရောက်လာခဲ့လေသည်။
စစ်သားတွေကလည်းစက်တွေနှင့်လှမ်းပြောသံကြားရသည်။
သူတို့ရောက်ပြီရပ်လိုက်တော့ဟု။ ထိုကျမှရဟတ်ယာဥ်ပေါ်ကအပစ်ရပ်ပြီး ရဟတ်ယာဥ်တွေပျောက်ထွက်သွားသည်။
မောင်ဘုန်းအမေကို စစ်သားတွေက “ဘာလို့ဝင်လာတာလဲ။ ပစ်သတ်လိုက်ရမလား။”ဟု မေးသည်။ မောင်ဘုန်းအမေက “ကျုပ်သားလေး ရှာချင်လို့ပါတော် ဒီထဲမှာ ကျူပ်သားလေးရှိပါတယ်။ ကျုပ်သားလေးက ခုနနှစ်ရှိပါသေးတယ်။ ရှာခွင့်ပြုပါတော်။”ဟု တောင်းပန်သည်။ စစ်သားတွေက ရှာခွင့်မပေး။ “ခင်ဗျား သေချင်သလား။”ဟုပြောပြီး ဆရာမတို့နားထိုင်ခိုင်းသည်။ “ခေါင်းငုံ့ထား”ဟု စစ်သားတစ်ဦးက ထပ်ပြောသည်။
ထိုအချိန် စစ်သားတွေကလည်း ရွာထဲမွှေနှောက်ရှာနေပြီး ရွာသူရွာသားတွေကိုလည်း ကျောင်းထဲဖမ်းဆီးခေါ်ဆောင်လာသည်။ ကျောင်းထဲရှိ ဘုန်းကြီးများကိုလည်း ကြိုးဖြင့်တုပ်ကာ “မင်းတို့က ဘုန်းကြီးအတုတွေ”ဟု ပြောကာ ခေါ်လာသည်။ ဘုရားစာရွတ်ခိုင်းတော့ သံဃာတော်တွေက ရွတ်ပြသည်။ “အဲဒါဆို ဘုန်းကြီး စစ်တယ်။”ဟု ပြောသော်လည်း သံဃာတော်တွေကို ရိုက်လေသည်။
လူတွေကိုလည်း ရိုက်ပြီး “ခေါင်းဆောင်ရှိလားပြော။ မပြောရင်အကုန်လုံးကို သတ်မှာ။”ဟု ခြိမ်းခြောက်သည်။ ထိုအချိန်ရွာထဲရှိအမူးသမားတစ်ယောက်က ဘာမသိညာမသိဖြင့်ကိုအောင်စောထွေးကို ခေါင်းဆောင်ဟုလက်ညှိုးထိုးလိုက်တော့သည်။
စစ်သားတွေကကိုအောင်စောထွေးကိုခေါ်ကာရိုက်နှက်တော့သည်။ ထို့အပြင်ဆယ်တန်းအောင်ပြီး စာလာပြပေးနေသည့် ဆရာလေးတစ်ဦးကိုပါရိုက်နှက်နှိပ်စက်သည်။ ထို့နောက်လည်ပင်းကို ဓားဖြင့်ထောက်ကာ ကလေးတွေရှေ့ခေါ်လာပြီး “ဒီမယ် မင်းတို့စာသင်လို့ ကလေးတွေဒုက္ခရောက်တာ။ နောက်သင်ရဲသင်ကြည့်။”ဟု ပြောလေသည်။
ကလေးတွေလည်း ဒဏ်ရာတွေရထားကြတော့ ဆရာမက စစ်ကောင်စီတပ်သားတွေကိုအရဲစွန့်ပြီး တောင်းပန်ရသည်။ ကလေးတွေကိုဆေးကုခွင့်ပေးဖို့။ ဒဏ်ရာဖြစ်တဲ့ကလေးတွေပြောဟု စစ်သားတွေကပြောတော့ ကလေးအကုန်လုံးမှာ ဒဏ်ရာတွေနှင့်။ တချို့ကလေးတွေ ခြေထောက်တွေဖွာလန်ကြဲ။ ဒဏ်ရာတွေသာရထားတာမငိုရဲကြ။ ပြီးတော့ပြောလည်းမပြောရဲကြ။ သူတို့ကိုဖမ်းမှာရိုက်မှာကြောက်နေကြသည်။
ဆရာမလည်း မောင်ဘုန်းလေးဆီ ပြေးသွားခဲ့သည်။ မောင်ဘုန်းလေး၏ လက်မှာ တံမြတ်စည်းအနုတချောင်းကဲ့သို့ ဖွာလန်ကြဲနေပြီး ရစရာကိုမရှိတော့။ နောက်ပြီး ယောကျာ်းလေးအင်္ဂါမှာလည်း လုံးဝမရှိတော့။ပေါင်မှာလည်း စုတ်ပြတ်သတ်နေပြီး ခြေဖဝါးလေးတွေလည်း ပေါက်ပြဲနေသည်။ ထိုအချိန် မောင်ဘုန်းအမေလည်း မာင်ဘုန်းနားရောက်နေလေပြီ။ မောင်ဘုန်းလေးကို မိခင်ကပွေ့ချီထားသည်။
မောင်ဘုန်းလေးက သူ့အမေကို “မေမေ သားနာလှပါပြီ။ သားကိုသတ်ပစ်လိုက်ပါတော့။”ဟု ခဏခဏပြောသည်။ မောင်ဘုန်းလေးမိခင်ကတော့ “သားလေး မေမေတို့နဲ့ အကြာကြီးနေရအောင် အားတင်းထားနော်။”ဟု သားလေးကိုပြန်ပြောသည်။
ထိုအချိန် ဆရာမသည် ကုတင်အောက်၌ ဒဏ်ရာတွေနှင့် ကျန်ခဲ့သည့် ဖိုးသားလေးကို သတိရသွားသည်။ ကလေးတစ်ယောက်ရှိနေသေးကြောင်း စစ်သားတွေကိုပြောတော့ စစ်သားတွေက အဆောင်ထဲဝင်သွားကာ ထွက်ခဲ့ဟု အော်သည်။ ဆရာမက ကလေးမှာဒဏ်ရာရထား၍ မထွက်နိုင်ကြောင်းပြောတာကိုမရ။ နောက်ဆုံး ဒဏ်ရာရထားသောကလေးငယ်ကိုတိရိစ္ဆာန်တစ်ကောင်ကိုဆွဲထုတ်ကြသည်။
ဖိုးသားလေးကို သူ့အစ်မနှင့် ဆရာမတို့ ပြုစုကြသည်။ ကလေးက သတိလစ်လစ်သွားသည်။ ကလေးက မျက်ရည်တွေလည်း ကျနေသည်။ မောင်ဘုန်းလေးကိုလည်း ကိုဗစ်ကာလတုန်းကကျန်သည့် အောက်ဆီဂျင်ကိုတပ်ပေးထားသည်။ ဒဏ်ရာပြင်းထန်လွန်းသည့် မောင်ဘုန်းလေးသည့် သူ့မိခင်လက်ပေါ်မှာတင် ကွယ်လွန်သွားခဲ့လေသည်။
စစ်ကောင်စီတပ်သားတွေကရွာသူရွာသားများကိုကားမောင်းတတ်သူရှိလားမေးသည်။ ကလေးတွေသေရေးရှင်ရေးမို့ ကားမောင်းတတ်သည့်ရွာသားနှစ်ယောက်ကအရဲစွန့်၍ ဖြေလိုက်ရသည်။ ထိုနောက်စစ်ကောင်စီတပ်သားတွေက ရွာသူရွာသားများကို စစ်သားများရှိရာနှင့်ဆန်ကျင်ဘက်သို့အကုန်လှည့်ခိုင်းသည်။ပြီးတော့သေဆုံးကလေးတွေရဲ့ရုပ်အလောင်းကို ပီနံအိတ်ထဲထိုးထည့်သည်။
“ကျွန်မကလေးတွေကို ပီနံအိတ်ထဲ ထုပ်ထည့်သွားတယ်။ အလောင်းကပီမှာမဟုတ်ဘူး။ ပီနံအိတ်ထဲကို စုထုတ်ထည့်သွားတာ။”ဟု ဆရာမ ဒေါ်အေးမာဆွေကဖွင့်ဟသည်။
ထို့နောက်လူနာတွေကိုပါ ကားပေါ်တင်သည်။ စစ်ကောင်စီတပ်သားတွေက မောင်ဘုန်းလေးအလောင်းကိုပါ ယူသွားဖို့လုပ်သည်။ မောင်ဘုန်းမိခင်က သူ့သားလေးအလောင်း သူ့ကိုပေးခဲ့ဖို့ ရှိခိုးပြီးကို တောင်းသည်။ “ကျွန်မသားလေးကို ကျွန်မလက်နဲ့ သင်္ဂြိုလ်ခွင့်ပြုပါ ဆရာတို့ရယ်။”ဟု မျက်ရည်စက်လက်ဖြင့် တောင်းပန်သည်။ စစ်သားများကတော့ “သူတို့အထက်အမိန့်ကိုမလွန်ဆန်နိုင်ပါ။ ရေဦးရောက်မှတောင်းပါ။” ဟုသာ ပြန်ပြောသည်။
ထို့နောက် ဖမ်းထားသည့်ပြည်သူများအား ခြင်းကျားကြီးများထမ်းခိုင်းပြီး လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။ ကလေးတွေကိုကော တခြားပြည်သူတွေကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားသည်။
လမ်းရောက်သောအခါ စစ်ကောင်စီတပ်များသည် လက်ယက်ကုန်းကျေးရွာစာသင်ကြားရေးကူညီလုပ်ကိုင်ပေးနေသည့် ကိုအောင်စောထွေးအား ခေါင်းကိုသေနတ်ဖြင့်အနီးကပ်ပစ်သတ်ခဲ့လေသည်။
အာဏာသိမ်းစစ်တပ်၏ ရဟတ်ယာဥ်များဖြင့်ကျောင်းကိုစီးနင်းပစ်ခတ်သတ်ဖြတ်ကာ၊ရွာအတွင်းလှည့်လည်အကြမ်းဖက်မှုကြောင့် ကလေးငယ် ၈ ဦးအပါအဝင် ရွာသူရွာသား ၁၃ ဦးသေဆုံးခဲ့သည်။ ဒဏ်ရာရရှိပြီး ဖမ်းဆီးခေါ်ဆောင်သွားသောကလေးငယ်အနည်းဆုံး ၇ ဦးအပါအဝင် ဆရာ၊ဆရာမ ၊ရွာသူရွာသား ပေါင်း ၁၅ ဦးဒဏ်ရာရရှိခဲ့သည်။ဒဏ်ရာရရှိသူများထဲမှ မည်သူတွေထပ်မံသေဆုံးသည်ဆိုသည်ကို မိဘများရော ၊ရွာသူရွာသားများပါထပ်မံမသိရသေးပေ။ ဒဏ်ရာရသူများအပါအဝင် ၂၁ ဦးကိုဖမ်းဆီးခေါင်ဆောင်သွားခဲ့သည်။
လက်ရှိအချိန်အထိ မျက်လုံးဒဏ်ရာရရှိသည့် အသက် ၇ နှစ်အရွယ် မောင်ဘုန်းပြည့်စုံကျော်ကိုပြန်လွှတ်ပေးသည်မှလွဲ၍ ကျန်ဖမ်းဆီးခံရသူအားလုံးကို မည်သည့်နေရာတွင် ထိန်းသိမ်းခံရသည်မသိဘဲ ဆက်လက်ထိန်းသိမ်းခံထားရဆဲဖြစ်ကြောင်း NUG နှင့် မျက်မြင်သက်သေတို့ကပြောသည်။
ကြုံခဲ့ရသောအဖြစ်ဆိုးကြီးကို ဒေါ်အေးမာဆွေ တစ်ယောက်အံသြတုန့်လှုပ်နေဆဲ ။ စစ်ကောင်စီတပ်က ရွာအနီး KIAနှင့်PDF များလက်နက်သယ်ယူမည်ဟုသတင်းရထားပြီး ရွာတွင်PDFများရှိသဖြင့်စီးနင်းတိုက်ခိုက်ခြင်းဖြစ်သည်ဟု ဝါဒဖြန့်ချီထားပြီး ကျောင်းသားငယ်များအပါအဝင်ပြည်သူများသေဆုံးခြင်းမှာ KIA နှင့် PDF တို့က ပြည်သူများကို လူသားတံတိုင်းပြုလုပ်ထား၍ဟုစစ်ကောင်စီ၏ ဝါဒဖြန့်မီဒီယာများမှတစ်ဆင့် ဝါဒဖြန့်ထားသည်။ ဖြစ်ရပ်အစအဆုံးကြုံခဲ့သောဆရာမက”ကျွန်မတို့ရွာမှာ ဘာPDFမှမရှိဘူး။ ဘာKIAမှလည်း မရှိဘူး။ ကလေးတွေ ပညာသင်နောက်ကျမှာစိုးလို့ ကိုယ်ထူကိုယ်ထသင်ပေးနေတဲ့ ကျောင်းလေးပါ။ ကျွန်မတို့ကျောင်းလေးကို ဘယ်သူကမှလည်း အသိအမှတ်ပြုထားတဲ့ကျောင်း မဟုတ်ပါဘူး။ အဲဒါကိုဘာလို့သူတို့ဒီလောက်အထိ ပစ်ကြတာလဲ။ ကျွန်မတို့စဥ်းစားလို့လည်း မရဘူး။”ဟုတုန့်ပြန်သည်။
ဆရာမ ဒေါ်အေးမာဆွေက လက်ယက်ကုန်းကျေးရွာဖြစ်စဥ်အတွက် အလိုချင်ဆုံးအရာမှာတရားမျှတမှု နှင့် မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ် အမြန်ဆုံးချုပ်ငြိမ်းရေး သာဖြစ်ကြောင်း ပူဆွေးသောကများကြားမှပင် ပြတ်ပြတ်သားသားပြောသည်။
“ကမ္ဘာကြီးက ကျွန်မတို့ မြန်မာနိုင်ငံကို မေ့မထားကြပါနဲ့လို့ ကျွန်မပြောချင်တယ်။ တရားမျှတမှု မြန်မြန်ရအောင် ဆောင်ရွက်ပေးကြပါလို့ ကျွန်မတိုက်တွန်းချင်ပါတယ်”