Connect with us

Hi, what are you looking for?

အတွေးအမြင်

“ကျွန်တော့်နိုင်ငံကို ပြန်ရချင်တယ်” ရောဘတ်ဒီနီရိုရဲ့ စကားနဲ့ အဝေးရောက်မြန်မာတွေရဲ့ ရင်ထဲက အသံ

-ခါကာဘို ရေးသားသည်။

“ကျွန်တော် ဒီနိုင်ငံကို နောက်တစ်ကြိမ် ပြန်ချစ်နိုင်ချင်တယ်။ ကျွန်တော့်နိုင်ငံကို ပြန်ရချင်တယ်။”

ဒီစကားဟာ အမေရိကန် နာမည်ကျော်သရုပ်ဆောင် ရောဘတ်ဒီနီရို (Rbert De Niro) က နယူးယောက်မြို့မှာ ကျင်းပခဲ့တဲ့ “Rise Up, Sing Out” ဆန္ဒပြဂီတဖျော်ဖြေပွဲမှာ သမ္မတ ဒေါ်နယ်ထမ့် (Donald Trump) ရဲ့ ဦးဆောင်မှုအောက်က အမေရိကန်နိုင်ငံရေးအပေါ် သူ့ရဲ့ စိတ်ပျက်မှုကိုဖော်ပြတာဖြစ်ပါတယ်။

သူကထရမ့်လက်ထက်လက်ရှိအမေရိကန်နိုင်ငံဟာ မိမိချစ်ခဲ့ဖူးတဲ့ အမေရိကန်နိုင်ငံနဲ့ မတူတော့ဘူးလို့ ပြောပါတယ်။ လူမျိုးရေးနဲ့ ဘာသာရေးအပေါ် အခြေခံတဲ့ ခွဲခြားဆက်ဆံမှုတွေ၊ အမျိုးသမီးတွေကိုအထင်သေးတဲ့ သဘောထားတွေ၊ နိုင်ငံခြားသားတွေအပေါ် မုန်းတီးမှုတွေ ပိုမိုကြီးထွား လာနေတာကိုလည်း လက်မခံနိုင်ဘူးလို့ သူကဆိုခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

“ပွင့်ပွင့်လင်းလင်းပဲ ပြောပါရစေ။ ဒေါ်နယ်ထရမ့်ဦးဆောင်နေတဲ့နိုင်ငံကိုကျွန်တော်မချစ်နိုင်ပါဘူး။ သူ့ကိုသာ အလိုက်အထိုက် ထောက်ခံနေတဲ့ လွှတ်တော်ကိုလည်း ကျွန်တော် လက်မခံနိုင်ပါဘူး။

ဒါပေမယ့် ဒီလိုအခြေအနေတွေ မရောက်ခင်ကတော့ကျွန်တော့်ဘဝရဲ့အချိန်အများစုမှာဒီနိုင်ငံကိုကျွန်တော်အလွန်ချစ်မြတ်နိုးခဲ့ပါတယ်။

အမေရိကန်နိုင်ငံက ကျွန်တော့်ရဲ့ ရွှေ့ပြောင်းအခြေချဘိုးဘေးဘီဘင်တွေကိုလက်ခံကြိုဆိုခဲ့တယ်။ ကျွန်တော်နဲ့ ကျွန်တော့်မိသားစု၊ ကျွန်တော့်လို နိုင်ငံသားတွေအားလုံးကို အခွင့်အလမ်းကောင်းတွေ၊ ထူးခြားတဲ့လွတ်လပ်ခွင့်တွေ ပေးခဲ့တယ်။”

သူ့စကားထဲက လူအများကို အနက်ရှိုင်းဆုံး ထိရှသွားစေတဲ့ အချက်ကနောက်ဆုံးစကားပါ။

“ကျွန်တော့်နိုင်ငံကို ပြန်ရချင်တယ်။”

“ကျွန်တော် ဒီနိုင်ငံကို နောက်တစ်ကြိမ် ပြန်ချစ်နိုင်ချင်တယ်” ဆိုတဲ့ မျော်လင့်ချက်နဲ့ နိုင်ငံအပေါ် ချစ်မြတ်နိုးမှုကို ထင်ဟပ်စေတဲ့ စကားပါပဲ။

သူဆိုလိုတာကအမေရိကန်နိုင်ငံကိုမချစ်တော့ဘူးဆိုတဲ့ အဓိပ္ပါယ်မဟုတ်ပါဘူး။သူတောင့်တနေတာက တစ်ချိန်က သူ ချစ်မြတ်နိုးခဲ့တဲ့၊ လွတ်လပ်မှုနဲ့ အခွင့်အလမ်းတွေကို ကိုယ်စားပြုခဲ့တဲ့ အမေရိကန်နိုင်ငံရဲ့ မူလပုံရိပ်ကို ပြန်မြင်ချင်တာ ဖြစ်ပါတယ်။

တစ်နည်းအားဖြင့် “ကျွန်တော်တို့ ချစ်တဲ့ အမေရိကန်နိုင်ငံရဲ့ ပုံစံအမှန်ကို ပြန်ရချင်တယ်” ဆိုလိုတာပါ။

ဒီစကားဟာအမေရိကန်နိုင်ငံသားတွေအတွက်သာ မဟုတ်ပါဘူး။ ကမ္ဘာတစ်ဝန်းမှာ ပြန့်ကျဲရောက်ရှိနေတဲ့ သန်းနဲ့ချီတဲ့ မြန်မာနိုင်ငံသားတွေရဲ့ ရင်ထဲက ခံစားချက်တွေနဲ့လည်း တစ်ထပ်တည်းကျသွားစေခဲ့ပါတယ်။

ထိုင်းနိုင်ငံက ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုမှာအလုပ်လုပ်နေတဲ့မြန်မာအလုပ်သမားတစ်ယောက်၊ မလေးရှားက စက်ရုံတစ်ခုမှာ ညဆိုင်းဆင်းနေတဲ့ အမျိုးသမီးတစ်ယောက်၊ ဂျပန်၊ ကိုရီးယား၊ စင်ကာပူ၊ သြစတြေးလျ၊ အရှေ့အလယ်ပိုင်းနိုင်ငံတွေ၊ ဥရောပနဲ့ အမေရိကန်နိုင်ငံတွေမှာ ဘဝသစ် တည်ဆောက်နေတဲ့ မြန်မာလူငယ်တွေ သူတို့အားလုံးရဲ့ရင်ထဲမှာမြန်မာနိုင်ငံဆိုတဲ့ စကားလုံးက အမြဲလွမ်းဆွတ် ရှင်သန်နေတာပါ။

စစ်အာဏာသိမ်းမှုရဲ့နောက်ဆက်တွဲ အန္တရာယ်တွေဖြစ်တဲ့ လုံခြုံရေးစိုးရိမ်ရမှုတွေ၊ နိုင်ငံရေး အကျပ်အတည်းတွေ၊ စီးပွားရေးအခက်အခဲတွေကြောင့်သာ လူသန်းပေါင်းများစွာ နေရပ်ကို စွန့်ခွာခဲ့ကြရတာပါ။

ဒီလူငယ်တွေ ထွက်သွားတာ နိုင်ငံကို မချစ်လို့ မဟုတ်ဘူး။

မိဘတွေကို ထားခဲ့ရတယ်။

မွေးရပ်မြေကို ထားခဲ့ရတယ်။

ငယ်ဘဝအမှတ်တရတွေကို ထားခဲ့ရတယ်။

ဒါပေမယ့် တကယ်က သူတို့ရဲ့ နှလုံးသားတွေထဲမှာတော့ မြန်မာနိုင်ငံကိုတော့ မထားခဲ့နိုင် ခဲ့ပါဘူး။

ခန္ဓာကိုယ်က အဝေးရောက်သွားပေမယ့်စိတ်ကတော့နိုင်ငံနဲ့ အိမ်ပြန်ဖို့လမ်းကိုအမြဲ ကြည့်နေတုန်းပါပဲ။အဝေးရောက်မြန်မာတွေပြန်လိုချင်တာ မြေကြီးတစ်စိတ်တစ်ပိုင်း မဟုတ်ဘူး။

ရာထူးရာခံနဲ့ ဥစ္စာဓနမဟုတ်ဘူး။

သူတို့ ပြန်လိုချင်တာက မှန်ကန်တဲ့ ခေါင်းဆောင်မှုအောက်မှာ ရှင်သန်နေတဲ့ မြန်မာနိုင်ငံပါ။

ဥပဒေက လူတိုင်းအပေါ် တန်းတူသက်ရောက်ပြီး အာဏာထက် တရားမျှတမှုက ပိုကြီးမားတဲ့ နိုင်ငံမျိုး။

အချုပ်အချာအာဏာဟာ လူတစ်စုရဲ့ လက်ထဲမှာ မဟုတ်ဘဲ ပြည်သူတွေရဲ့ လက်ထဲမှာ အမှန်တကယ် ရှိနေတဲ့ နိုင်ငံမျိုး။

လူငယ်တွေ အနာဂတ်ကို မျှော်လင့်နိုင်တဲ့ နိုင်ငံ။ကြိုးစားရင် အောင်မြင်နိုင်ပြီး မွေးဖွားလာတဲ့ ကျောထောက်နောက်ခံက လူတစ်ယောက်ရဲ့ အနာဂတ်ကို မဆုံးဖြတ်ပေးတဲ့ နိုင်ငံမျိုး။

ပညာရှင်တွေ၊ စီးပွားရေးသမားတွေ၊ အလုပ်သမားတွေ၊ တောင်သူလယ်သမားတွေဟာ ကိုယ့်အရည်အချင်းနဲ့ ကိုယ့်အိပ်မက်ကိုကိုယ့်မြေမှာအကောင်အထည်ဖော်နိုင်တဲ့နိုင်ငံမျိုး။

ကမ္ဘာပေါ်က ဘယ်နေရာရောက်ရောက် “ကျွန်တော် မြန်မာနိုင်ငံသားပါ” လို့ ဂုဏ်ယူစွာ ပြောနိုင်တဲ့ နိုင်ငံမျိုး။

အဲဒီလိုနိုင်ငံမျိုးပါ။

လူတစ်မျိုးရဲ့မွေးရပ်မြေအပေါ်ထားရှိတဲ့ချစ်ခြင်းမေတ္တာဆိုတာနိုင်ငံရေးစနစ်တွေ၊အစိုးရတွေ၊ခေါင်းဆောင်တွေဘယ်လိုပြောင်းလဲနေပါစေ ပျောက်ကွယ်မသွားတဲ့ ခံစားချက်တစ်ခုပါ။

ဒါကြောင့်ရောဘတ်ဒီနီရိုပြောခဲ့တဲ့ ‘ကျွန်တော့်နိုင်ငံကို ပြန်ရချင်တယ်’ ဆိုတဲ့ စကားက သူတစ်ယောက်တည်းရဲ့တမ်းတမှုမဟုတ်ပါဘူး။

မြန်မာအပါအဝင်ကမ္ဘာတစ်ဝန်းကစစ်ပွဲတွေ၊ နိုင်ငံရေးအခြေအနေတွေနဲ့ အခက်အခဲအမျိုးမျိုးကြောင့် မိမိနိုင်ငံကနေ ခွဲခွာခဲ့ရသူတွေရဲ့ ရင်ထဲမှာအလေးအနက်ထိန်းသိမ်းထားတဲ့ မျှော်လင့်ချက်တွေကိုကိုယ်စားပြုနေပါတယ်။ ။

ကိုးကား-C-SPAN

ဆက်စပ်သတင်းများ