Connect with us

Hi, what are you looking for?

ဆောင်းပါး

ကမ္ဘာ့ရေကြောင်းလမ်းမကြီးများ၏လျှို့ဝှက်ချက် — စီးပွားဖြစ်တူးမြောင်များနဲ့ အခမဲ့ရေလက်ကြားများ

-ခါကာဘို ရေးသားသည်

ကမ္ဘာ့ကုန်သွယ်ရေးရဲ့ ၈၀ ရာခိုင်နှုန်းကျော်ဟာ ပင်လယ်ရေကြောင်းခရီးကို အားပြုနေရတာဖြစ်လို့ ရေလမ်းကြောင်းတွေဟာ ကမ္ဘာ့စီးပွားရေးရဲ့ အသက်သွေးကြောတွေပဲ ဖြစ်ပါတယ်။

ဒါပေမဲ့ ထူးဆန်းတာတစ်ခုက တချို့ရေလမ်းတွေကို ဖြတ်ရင် ဒေါ်လာသိန်းနဲ့ချီ အခကြေးငွေပေးရပြီး၊ တချို့ အရေးပါတဲ့ရေလမ်းတွေကိုတော့ အလကားဖြတ်သန်းခွင့်ရနေတာပါပဲ။

“ပနားမားနဲ့ စူးအက်တူးမြောင်းတွေက ဖြတ်သန်းခတွေကိုဘီလီယံ နဲ့ချီကောက်ခံနေချိန်မှာကမ္ဘာ့ရေနံအများဆုံး ဖြတ်သန်းရာ ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) ကို အီရန်နဲ့ အိုမန်တို့က ဘာလို့ တရားဝင် အခကြေးငွေ မကောက်ခံနိုင်ရတာလဲ” ဆိုတာ ကမ္ဘာ့ရေကြောင်းဥပဒေနဲ့ ပထဝီနိုင်ငံရေးရဲ့ စိတ်ဝင်စားစရာ အကောင်းဆုံး ပဟေဠိတစ်ခု ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဒီလျှို့ဝှက်ချက်ရဲ့အဓိကအဖြေကတော့”လူလုပ်တူးမြောင်း(Canal)” နဲ့ “သဘာဝရေလက်ကြား (Strait)”တို့ရဲ့ကွာခြားချက်ကြောင့်ပဲဖြစ်ပါတယ်။

လူလုပ်တူးမြောင်းတွေထဲက ကမ္ဘာ့အကျော်ကြားဆုံး “စူးအက်(Suez Canal)” နဲ့ “ပနားမား (Panama Canal)” တူးမြောင်းတွေကတော့ ကုန်သွယ်ရေးခရီးစဉ်တွေကို လပေါင်းများစွာ သက်သာစေခဲ့တဲ့ သမိုင်းဝင် အဆောက်အအုံကြီးတွေပါဘဲ။

အာရှမှ ဥရောပသို့ အာဖရိကတိုက်ကို ပတ်မှ သွားလို့ရမယ့် ခရီးစဉ်ကို အဆုံးသတ်ပေးဖို့ “စူးအက်တူးမြောင်း (Suez Canal)” ကို အီဂျစ်နိုင်ငံမှာ ၁၈၆၉ ခုနှစ်ကတည်းက ဖောက်လုပ် ဖွင့်လှစ်ခဲ့ပါတယ်။စူးအက်တူးမြောင်းကို ပြင်သစ်နဲ့ အီဂျစ်တို့ ပူးပေါင်းတည်ဆောက်ခဲ့ပြီး နောက်ပိုင်းမှာ ဗြိတိန်ကပါ ထိန်းချုပ်ခဲ့ပေမဲ့ ၁၉၅၆ ခုနှစ်မှာ အီဂျစ်သမ္မတ နက်ဆာက နိုင်ငံပိုင်အဖြစ် ပြန်လည်သိမ်းယူခဲ့ပါတယ်။မြေထဲပင်လယ်နဲ့ပင်လယ်နီကိုဆက်သွယ်ထားပြီးဥရောပနဲ့ အာရှအကြားအတိုဆုံးရေလမ်းကြောင်း ဖြစ်ပါတယ်။

အတ္တလန္တိတ်သမုဒ္ဒရာနဲ့ပစိဖိတ်သမုဒ္ဒရာကိုဆက်သွယ်ပေးထားတဲ့”ပနားမားတူးမြောင်းတူးမြောင်း”ကတော့ ၁၉၁၄ ခုနှစ်မှာ အမေရိကန်အင်ဂျင်နီယာတွေရဲ့ အစွမ်းနဲ့ ပြီးစီးခဲ့ပါတယ်။တည်ဆောက်နေအချိန်မှာ အပူပိုင်းဒေသ ရောဂါဘယတွေကြောင့် အလုပ်သမား သောင်းနဲ့ချီ အသက်ဆုံးရှုံးခဲ့ရတဲ့ သမိုင်းဆိုးရှိခဲ့ပါတယ်။ ၁၉၉၉ ခုနှစ်ကျမှ အမေရိကန်က ပနားမားနိုင်ငံထံ တူးမြောင်းအုပ်ချုပ်ပိုင်ခွင့်ကို လွှဲပြောင်းပေးခဲ့တာ ဖြစ်ပါတယ်။

ဒီတူးမြောင်းတွေဟာလူသားတွေကိုယ်တိုင် ငွေကြေး၊ အသက်၊ သွေး၊ ချွေးမြောက်အမြား အကုန်အကျခံပြီး ဖောက်လုပ်ထားတဲ့ “လူလုပ်ရေလမ်းကြောင်း (Man-made waterways)” ကြီးတွေပါ။ ပြုပြင်ထိန်းသိမ်းစရိတ် အလွန်ကြီးမားတာကြောင့် နိုင်ငံတကာဥပဒေအရ ဖောက်လုပ်ပိုင်ဆိုင်တဲ့ နိုင်ငံတွေအနေနဲ့ဖြတ်သန်းခ(Tolls) စိတ်ကြိုက် ကောက်ခံပိုင်ခွင့် အပြည့်အဝ ရှိပါတယ်။

၂၀၂၅ ခုနှစ်အတွင်း အီဂျစ်နိုင်ငံပိုင် “စူးအက်တူးမြောင်း”က ဖြတ်သန်းခ ဝင်ငွေ အမေရိကန်ဒေါ်လာ ၃.၆ ဘီလီယံခန့် ရရှိခဲ့ပြီး၊ “ပနားမားနိုင်ငံပိုင် ပနားမားတူးမြောင်” ကတော့ အမေရိကန်ဒေါ်လာ ၅.၇ ဘီလီယံခန့် ဝင်ငွေရရှိခဲ့ပါတယ်။

စူးအက်နဲ့ ပနားမားအပြင် ကမ္ဘာပေါ်မှာ ဖြတ်သန်းခ ကောက်ခံတဲ့ ထင်ရှားတဲ့ တူးမြောင်းတွေ ရှိပါသေးတယ်။

ဂျာမနီနိုင်ငံက “ကီးလ်တူးမြောင်း (Kiel Canal)” ဟာ မြောက်ပင်လယ်နဲ့ ဘောလ်တစ်ပင်လယ်ကို ဆက်သွယ်ထားကာ ဥရောပတွင်းကုန်သွယ်ရေးအတွက်အလွန်အရေးပါတဲ့တူးမြောင်းဖြစ်ပါတယ်။

ဂရိနိုင်ငံက “ကော်ရင့်သ်တူးမြောင်း (Corinth Canal)” ကတော့ ဖောက်လုပ်စဉ် စာရိတ်ကြီးမားခဲ့တဲ့ ကျောက်ဆောင်ကြီးတွေကို ဒေါင်လိုက်ဖြတ်တောက် ဖောက်လုပ်ထားတဲ့ ကျဉ်းမြောင်းလှပသော တူးမြောင်းတစ်ခု ဖြစ်ပါတယ်။

အမေရိကန်နိုင်ငံ၊ တက္ကဆက်ပြည်နယ်မှာလည်း ကမ္ဘာ့အကြီးဆုံး စက်မှုဇုန်တစ်ခုဆီ ကုန်စည်ကို ပို့ဆောင်ပေးတဲ့ “ဟူစတန် သင်္ဘောတူးမြောင်း (Houston Ship Canal)” လည်းရှိပါတယ်။

တူးမြောင်းတွေနဲ့ ဆန့်ကျင်ဘက်ကတော့ “ရေလက်ကြား (Straits)” တွေပါဘဲ။ သဘာဝအတိုင်း ဖြစ်တည်နေတဲ့ ကျဉ်းမြောင်းတဲ့ ရေလမ်းကြောင်းတွေဖြစ်ပြီး ကြီးမားတဲ့ပင်လယ်၊သမုဒ္ဒရာနှစ်ခုကို ဆက်သွယ်ပေးထားကြတာပါ။

နိုင်ငံတကာဥပဒေ(UNCLOS)အရဒီသဘာဝရေလမ်းကြောင်းတွေဖြစ်တဲ့ ရေလက်ကြားတွေကို ဘယ်နိုင်ငံကမှ အပိုင်မစီးနိုင်သလို၊ နိုင်ငံတကာသင်္ဘောတွေအားလုံး လွတ်လပ်စွာ ဖြတ်သန်း သွားလာခွင့် (Right of transit passage) ရှိလို့ ဖြတ်သန်းခ ကောက်ခံခွင့် မရှိပါဘူး။

အိုမန်ပင်လယ်ကွေ့နဲ့ ပါရှန်းပင်လယ်ကွေ့ကို ဆက်သွယ်ပေးထားတဲ့ “ဟော်မုဇ်ရေလက်ကြား (Strait of Hormuz)” ဟာကမ္ဘာ့ရေနံတင်သင်္ဘော အများစု ဖြတ်သန်းရာ အရေးကြီးဆုံး ရေလမ်းကြောင်းတွေထဲက တစ်ခုဖြစ်ပါတယ်။ လက်ရှိမှာတော့ အီရန်ကရေကြောင်းပြ ဝန်ဆောင်မှုခအဖြစ်ငွေကောက်ခံနေပြီး၊ ဒီကိစ္စနဲ့ ပတ်သက်လို့ အမေရိကန်နဲ့ တင်းမာမှုတွေလည်း ဆက်လက်ရှိနေပါတယ်။

ကမ္ဘာမှာ အရေးပါတဲ့ အခြားရေလက်ကြားတွေလည်း ရှိပါသေးတယ်။အရှေ့နဲ့ အနောက်ကမ္ဘာကို ချိတ်ဆက်ပေးတဲ့ အဓိက ရေကြောင်းလမ်းမကြီးတစ်ခု ဖြစ်တဲ့ “မလက္ကာရေလက်ကြား(Strait of Malacca)” ဟာ မလေးရှား၊ အင်ဒိုနီးရှားနဲ့ စင်ကာပူနိုင်ငံတို့ကြားမှာ တည်ရှိပါတယ်။ ကမ္ဘာ့ကုန်သွယ်ရေးရဲ့ သုံးပုံတစ်ပုံလောက်နဲ့ ရေနံတင်ပို့မှုရဲ့ ၈၀ ရာခိုင်နှုန်းကျော်ဟာ ဒီလမ်းကြောင်းကနေ ဖြတ်သန်းနေတာကြောင့် ကမ္ဘာ့စီးပွားရေးတစ်ခုလုံးအတွက်ပါ မဖြစ်မနေ အရေးပါတဲ့ chokepoint တစ်ခုအဖြစ် ရှိနေပါတယ်။

“ဘတ်ဗ်အယ်လ်မန်ဒက် ရေလက်ကြား (Bab el-Mandeb Strait)” ဆိုတာကလည်း ယီမင်၊ဂျီဘူတီ တို့အနီး ပင်လယ်နီရဲ့ အဝင်ဝမှာရှိတဲ့ ဗျူဟာမြောက်နေရာက ရေလက်ကြားတစ်ခုပါ။

မြေထဲပင်လယ်ရဲ့တံခါးဝ ဖြစ်တဲ့ “ဂျီဘရော်လ်တာ ရေလက်ကြား (Strait of Gibraltar)” ကတော့ တောင်ဘက် မော်ရိုကိုနိုင်ငံနဲ့ မြောက်ဘက် စပိန်နိုင်ငံ/ဗြိတိန်ပိုင် ဂျီဘရော်လ်တာတို့ကို ပိုင်းခြားထားပြီး အတ္တလန္တိတ်သမုဒ္ဒရာနဲ့ မြေထဲပင်လယ်ကို ဆက်သွယ်ပေးလျက် ဥရောပနဲ့ အာဖရိကကြားမှာ ရှိပါတယ်။ သမိုင်းကြောင်းများစွာနဲ့ နာမည်ကျာ် ရေလက်ကြားတခုပါပဲ။

တူရကီနိုင်ငံက ဘော့စ်ဖရပ်စ် နှင့် ဒါဒါနယ်လ် ရေလက်ကြားတွေ (Bosporus & Dardanelles Straits)ဟာ ပင်လယ်နက်နဲ့ မြေထဲပင်လယ်ကို ဆက်သွယ်ထားပြီး မောင့်ထရိုးသဘောတူညီချက် (Montreux Convention)အရကူးသန်းရောင်းဝယ်ရေး သင်္ဘောများကို အခမဲ့ ဖြတ်သန်းခွင့် ပေးထားရပါတယ်။

နိဂုံးချုပ်အားဖြင့် ပြောရမယ်ဆိုရင် လူလုပ်တူးမြောင်းတွေက စည်းမျဉ်းအခြေပြု ဖြတ်သန်းခတွေ ကောက်ခံနေကြသလို၊ သဘာဝရေလက်ကြားတွေကလည်း နိုင်ငံတကာက အာမခံထားတဲ့ လွတ်လပ်စွာ သွားလာခွင့်အပေါ်မှာ တည်ရှိနေပါတယ်။

ဘယ်ပုံစံပဲဖြစ်ဖြစ် ကမ္ဘာတစ်ဝန်းက လူတွေရဲ့ လူမှုစီးပွားဘဝ လုံခြုံတည်ငြိမ်မှု ရှိနေဖို့အတွက် အရေးအကြီးဆုံးက ဒီရေလမ်းကြောင်းကြီးတွေကို ငြိမ်းငြိမ်းချမ်းချမ်း ပွင့်လင်းအောင် ဘယ်လိုစနစ်တကျ ထိန်းသိမ်းမလဲ၊ ဘယ်လိုလွတ်လပ်မျှတအောင် ဖွင့်ထားမလဲဆိုတဲ့ ဆုံးဖြတ်ချက်တွေအပေါ်မှာ အများကြီး မူတည်နေပါတယ်။ အဲဒီလိုမှသာ ကမ္ဘာ့ကုန်သွယ်ရေးရဲ့ သွေးလည်ပတ်မှုကလည်း မရပ်တန့်ဘဲ ပုံမှန်ဆက်လက်လှုပ်ရှားနိုင်မယ်ဆိုတာကို မမေ့သင့်ကြပါဘူး။ ။

ကိုးကာ-DW

ဆက်စပ်သတင်းများ

သတင်း

မန္တလေး PDF သိမ်းပိုက်ထိန်းချုပ်ထားသော စဥ့်ကူးမြို့ကို စစ်ကောင်စီက ရေကြောင်းမှ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်နေ၍ ဒေသခံ ပြည်သူများထွက်ပြေးတိမ်းရှောင်နေရသည်။

သတင်း

စကခ(၁၅)စခန်းသိမ်းတိုက်ပွဲ၌ လက်နက်ချခဲ့သည့် ဒုတပ်မမှူးဦး‌ဆောင်သည့် စစ်​ကောင်စီတပ်ဖွဲ့ဝင်များခဲတွင် စစ်ကောင်စီက ပြည်သူ့စစ်အနေဖြင့် ခေါ်ယူထားသည့် မွတ်ဆလင်လူငယ်အများအပြားကိုပါ AA က ဖမ်းမိထားသည်။

သတင်း

စစ်သုံးပစ္စည်းများ သယ်ဆောင်ရာတွင် အရပ်သားပြည်သူများအားအသုံးပြုရန် စီစဉ်ခြင်းမှာ လူသားဒိုင်းအဖြစ် အသုံးပြုစေခိုင်းခြင်းသာဖြစ်ကြောင်း ၊ စစ်ကောင်စီတပ်သည် ပြည်သူပိုင် စက်လှေများကိုလည်း ချောဆွဲအသုံးပြုလျက်ရှိကြောင်း သတင်းရင်းမြစ်က ပြောသည်။

သတင်း

စစ်ကောင်စီရေယာဉ်နှစ်စီးသည် ယနေ့ နံနက် ၁၀နာရီခန့်တွင် ကျောက်မှော်ကျေးရွာသို့ရောက်ရှိနေပြီဖြစ်ကြောင်း ပြည်‌ထောင်စုလွတ်မြောက်ရေးတပ်ဦး(ULF)ကလည်း ထုတ်ပြန်ထားသည်။