Connect with us

Hi, what are you looking for?

LuduNwayOo

ဆောင်းပါး

စစ်​ကောင်စီရဲ့ လက်နက်ကိုင်ခွင့်​ထောင်​ချောက်

“ပိုပြီးလက်တွေ့ပိုဆန်လာမယ်။မြို့ပြတိုက်ပွဲတွေ က ပိုမြိုင်လာမယ်လို့ပဲ အကြမ်းဖျင်းယူဆပါတယ်။စခ ၊ရခ (စစ်သား၊ရဲ)လက်ထဲကထက်စာရင် အုပ်ကြီး ၊ရာအိမ်မှူးလက်ထဲကသေနတ်က ပိုပြီးယူလို့အဆင်ပြေမယ်လို့ယူဆပါတယ်။တဖက်ကနေတွေးရင်တော့ မစ်ရှင်လုပ်တဲ့အခါ အထိအခိုက်အကျအဆုံးများလာနိုင်ပါတယ်။အရင်လောက် လုပ်ရတာ မလွတ်လပ်တော့ဘူးပေါ့”
— စ​နေ (ရန်ကုန်မြို့ရှိ မြို့ပြ​​​ပြောက်ကျားတပ်ဖွဲ့တစ်ခုဖြစ်​သော MUPDF(Myanmar Underground People Defense Force) အဖွဲ့တာဝန်ခံ)

စစ်​ကောင်စီရဲ့ လက်နက်ကိုင်ခွင့်​ထောင်​ချောက်

လက်နက်အားကိုးဖြင့်တိုင်းပြည်အာဏာကိုလုယူထား​သောစစ်​ကောင်စီက ၎င်းတို့အားခုခံတွန်းလှန်သူများနှင့် ပြည်သူများကို ဖိနှိပ်နိုင်ရန် ယခုနောက်ဆုံး နည်းလမ်းတစ်ခုထုတ်သုံးလာသည်။

စစ်တပ်​ထောက်ခံသူများ ၊ စစ်​ကောင်စီဝန်ထမ်းများ နှင့် ပျူ​စောထီးကဲသို့ အဖွဲ့အစည်းများကိုတရားဝင်လက်နက် ကိုင်​ဆောင်နိုင်ရန် စစ်အုပ်စုက”လက်နက်ခဲယမ်းကိုင်​ဆောင်ခွင့်မူ”ဟုဆိုကာထုတ်လာပြန်ခြင်းဖြစ်သည်။

​ခေတ်အဆက် နိုင်ငံ့ဘဏ္ဍာကိုလိုသ​လိုယူသုံးပြီး စစ်သည်အင်အား သုံး သိန်းနှင့် ငါးသိန်းအကြား ရှိသည်ဟုဆိုကာ အကြွားပိုခဲ့​သော စစ်​တပ်သည် ပြည်သူ့ခုခံတွန်းလှန်စစ် ၂ နှစ်နီးပါးရင်ဆိုင်ရလာ​သောအခါ ၎င်းတို့ကို​​ထောက်ခံ​သောအရပ်သားများကိုပါ ​သေနတ်ကိုင်ခိုင်လာခြင်းဖြစ်သည်။ စစ်တပ်​ထောက်ခံသူများကိုထိုသို့ လက်နက်ကိုင်​ခိုင်းလာ​ခြင်း၏ ​နောက်ကွယ်မှအ​ကြောင်းအရာများမှာ မည်သည့်အရာများဖြစ်ပါမည်လဲ ။

စစ်​ကောင်စီရဲ့ လက်နက်ကိုင်ခွင့်​ထောင်​ချောက်
အာဏာသိမ်း​ခေါင်း​ဆောင် မင်း​အောင်လှိုင်​ကြောင့် စစ်​တပ်သည် ပြည်သူကို ရန်သူလိုသတ်ဖြတ်အကြမ်းဖက်ရာမှ သမိုင်းတစ်​လျှောက် ပြိုလဲရန် အန္တရာယ်အများဆုံးအချိန်ကာလ​ရောက်​နေပြီဖြစ်သည်။ ဓါတ်ပုံ-စစ်​ကောင်စီ

▪︎လက်နက်ခဲယမ်းကိုင်ခွင့်မူ ဘာ​ကြောင့်ထုတ်တာလဲ

“(​တော်လှန်​ရေးအင်အားစုများကို)မနိုင်တော့ဘူးဆိုတာဝန်ခံလိုက်ရတာဗျ ။ဘယ်မှာလဲ အင်အားဘယ်နှသိန်းရှိပါတယ်ဆိုတဲ့သူတို့တပ်တွေ ။
ရှိရင်တိုက်လေ ၊သူတို့လစာတွေအခွင့်အရေးတွေယူပြီး ကိုယ့်တာဝန်ကိုယ်မထမ်းနိုင်ရုံမက သူတစ်ပါးကိုပါလိုက်ထမ်းခိုင်းတာ။အမှုတွဲခိုင်းတာ။ဥပမာဗျာ အဘနဲ့တွဲဂေါက်ရိုက်ပေါင်းစားတွေတော့ ဝယ်ချင်ဝယ်မပေါ့ ဒီလိုအတန်းစားတွေက ခေတ်တိုင်းဖျံကျနေကျလေ။ဝယ်ထားပြီးတော်လှန်ရေးအောင်မှ ကျနော်လည်းဒီကောင်တွေကိုခံချဖို့ဝယ်ထားတာဆိုတာမျိုး နှစ်ဖက်လှ လာရောဦးမှာ မြင်ယောင်သေး ။လတ်တလောတော့စစ်သားသစ်စုမရလို့ ကိုယ့်စားရိတ်နဲ့ကိုယ်စစ်မှုလာထမ်းခိုင်းမှာအရင်။စစ်သားသစ်က အရာရှိတွေလုဝယ်ရောင်းနေရတဲ့ဈေးကွက်ပဲ။
လွယ်တယ်ထင်နေသူတွေကိုသတိတော့ပေးချင်တယ်စစ်ကောင်စီ ‘ဟ’ ပေးလိုက်တဲ့လက်နက်ကိုင်ဆောင်ခွင့်ထောင်ချောက်ကအမှုတွဲမှာလို့” ဟု ၈၈ မျိူးဆက်​ကျောင်းသား​ခေါင်း​ဆောင် ဦးမင်းကိုနိုင်က ရဲရဲတင်းတင်းသုံးသပ်၍ သတိ​ပေးသည်။

Public Service Announcement

Public Service Announcement

PDF များနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ​တော်လှန်စစ်ပွဲများ​ကြောင့်နိုင်ငံတစ်ဝန်းတိုက်ပွဲများတွင် ၂ နှစ်တာကာလအတွင်း စစ်သား၊ရဲနှင့်ပျူ​များ​သောင်းနှင့်ချီ၍ ​သေဆုံး ဒဏ်ရာရခြင်း ၊ ပြည်သူနှင့် ပူး​​ပေါင်း၍ CDMပြုလုပ်​သော၊အလင်းဝင်​သောတပ်မ​တော်သား၊ရဲ တပ်ဖွဲ့ဝင်​ပေါင်းအင်အား​ထောင်ချီရှိလာခြင်း ၊စစ်တပ်နှင့်ရဲတပ်ဖွဲ့အတွင်း ခြစားမှုကြီးမားပြီး ယခင်ကတည်းက တပ်ဖွဲ့ဝင်အ​ရေအတွက်များလိမ်လည်ထားခြင်း ၊ စစ်အုပ်စုအာဏာသိမ်းကတည်းက ၂ နှစ်တိုင်မရပ်မနားစစ်တိုက်​နရပြီး စစ်ပမ်းလာခြင်းစသည်တို့​ကြောင့် စစ်​ကောင်စီတပ်မှာအဘက်ဘက်မှ အင်အား​လျော့နည်းလာခြင်းမှာ
စစ်တပ်​ထောက်ခံသူများကိုပါလက်နက်ကိုင်​စေရန် တစ်ဖက်လှည့်ဖြင့် မီးစိမ်းပြလိုက်ခြင်း၏ အဓိကအ​ကြောင်းအရင်းဖြစ်​ကြောင်း​တော်လှန်​ရေးအင်အားစုများကသုံးသပ်သည်။ထို့အပြင် ​တော်လှန်​ရေးအင်အားစုက အာဏာရှင်​ဒေါက်တိုင်များသုတ်သင်ရှင်းလင်းမှုအဖြစ်အုပ်ကြီးများ၊ရာအိမ်မှုများ ၊ပျူများစသည်တို့ကို ​​ရှင်းလင်း​​သောစစ်ဆင်​ရေးများ​ကြောင့် စစ်တပ်က၎င်း​ထောက်ခံသူများ ​ကျေနပ်​စေရန်လက်နက်​​ပေးကိုင်ခြင်းဖြစ်သည်ဟုသုံးသပ်ကြသည်။ထိုအပြင်စစ်​ကောင်စီက အာဏာလက်မလွတ်ရ​ရေးအတွက် ပြည်သူများ၊​တော်လှန်​ရေးအင်အားစုများကို ဖိနှိပ်ရန် အ​ကြောက်တရားဖြင့်အုပ်ချုပ်နိုင်ရန် ​နောက်ဆုံးလက်နက်များထဲမှတစ်ခုထုတ်သုံးခြင်းဖြစ်သည်ဟု ၎င်းတို့က​ပြောသည်။

စစ်​ကောင်စီသည် အာဏာသိမ်းအပြီး လပိုင်းအကြာ လက်နက်ကိုင်ခုခံမှုများ စတင်သည့်အချိန်ကတည်းက စစ်သည်၊ ရဲသားများ၏ ဇနီးမယားများကို စစ်သင်တန်းများပေးခဲ့သည်။ ထို့နောက်တွင် စစ်တပ်ကျောထောက်နောက်ခံပြုပါတီ ပြည်ခိုင်ဖြိုးပါတီဝင်များ၊ဘာသာ​ရေးအစွန်း​ရောက်များကို စစ်သင်တန်းပေးခြင်း၊ ပျူစောထီးလက်နက်ကိုင်အဖွဲ့များကို ဖွဲ့စည်းခြင်းများ လုပ်ခဲ့သည်။ထိုအပြင် စစ်သားအင်အားနည်းလာ​သောအခါ စစ်သား၊ရဲမိသားစုဝင်များကို အသက်မပြည့်​သေးသူများကိုပင်စစ်သင်တန်း​ပေး၍ စစ်ဖက်တာဝန်များဖိအား​ပေးထမ်း​စေခဲ့သည်။ထိုအပြင် စစ်​ကောင်စီက ​ဖောင်ကြီးကဲ့သို့ ဗဟိုဝန်ထမ်းတက္ကသိုလ်များတွင်ပါ သင်တန်းတက်ရာက်​​သောစစ်​ကောင်စီဝန်ထမ်းများကိုစစ်သင်တန်းများ​​ပေးခဲ့သည်။

“မြေပြင်အင်အားမရှိ​သ​လောက်ဖြစ်​နေပြီ ၊ဒီတစ်နည်းပဲရှိ​တော့တာကို ။တရားဝင် ဓါပြတိုက်ခွင့်ပေးလိုက်သလိုပါပဲ” ဟုစစ်​ကောင်စီ ဝန်ထမ်းတစ်ဦးကလည်း People’s Spring သို့​ပြောသည်။

စစ်​ကောင်စီက နိုင်ငံကို နိုင်နင်း​အောင်မအုပ်ချုပ်နိုင်ဆိုသည်ကို အာဏာသိမ်း​ခေါင်း​ဆောင် မင်း​အောင်လှိုင်ကိုယ်တိုင်က ၂၀၂၃ ဇန်နဝါရီ လကုန်ပိုင်းတွင် ဝန်ခံထားသည်။ စစ်တပ်၏ အာဏာသိမ်းမှုကို ပြည်သူများက လက်မခံဘဲ ဆန့်ကျင်တော်လှန်ကြ၍ စစ်အာဏာသိမ်းမှု ၂ နှစ်ပြည့်ချိန်တွင်ပြုလုပ်သော စစ်ကောင်စီ၏ ကာ/လုံအစည်းအဝေး၌ မင်းအောင်လှိုင်က မြို့နယ်ပေါင်း ၃၃၀ ရှိသည့်အနက် ၁၃၂ မြို့နယ်မှာ တည်ငြိမ်မှုမရှိကြောင်း ဝန်ခံခဲ့သည်။ ထို့အပြင် စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာဝန်ထမ်းများ၊ အုပ်ချုပ်ရေးမှူးများအပါအဝင် အရပ်သားပြည်သူ ၅၄၀၀ ကျော် သတ်ဖြတ်ခံရကြောင်း အာဏာသိမ်းခေါင်း​ဆောင်ကဆိုသည်။ထို​ကြောင့် ၃၇ မြို့နယ်ကို စစ်အုပ်ချုပ်​ရေးထပ်တိုးကြောင်း စစ်​ကောင်စီက ​ဖေ​ဖော်လဆန်းတွင် ထပ်မံ​ကြေညာသည်။

​ဖေ​​ဖော်ဝါရီ ၁ ရက်တွင် အ​ရေး​ပေါ်ကာလ ၆ လထပ်တိုးပြီး ရက်ပိုင်းအကြာတွင် စစ်အုပ်ချုပ်​ရေးထပ်တိုးမြို့နယ်များ​ကြေညာပြန်ကာ၊တစ်ဖန် စစ်တပ်​ထောက်ခံသူများကိုလက်နက်ကိုင်​ဆောင်ခွင့် ပြုခြင်းဖြစ်၏ ။ ထိုအ​ခြေအ​နေမှာ စစ်အုပ်စု​ဟန်မ​​ဆောင်နိုင်​အောင် အကြပ်အတည်း​တွေ့​နေခြင်း​ကြောင့်ဖြစ်​ကြောင်းနိုင်ငံ​ရေး ၊စစ်​ရေး​လေ့လာသူများ ၊​တော်လှန်​ရေးအင်အားစုများကတစ်ညီတစ်ညွတ်တည်းသုံးသပ်ကြသည်။

စစ်​ကောင်စီကိုခုခံတွန်းလှန်​နေ​သော မြို့နယ်များနှင့် အရပ်သားသတ်ဖြတ်သေဆုံးသည့်အရေအတွက်များသည် လက်တွေ့၌ အာဏာသိမ်း​ခေါင်း​ဆောင်ပြောဆိုသည့်အရေအတွက်ထက်ပင်များစွာများသည်။

“ဒီနေ့ ဒီအချိန်လောက် မကြုံဖူးတဲ့ စစ်ရေးဗျူဟာအကျပ်အတည်းကို စစ်ကောင်စီက ကြုံနေရတာ။ စစ်ကောင်စီရဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ၊ စစ်ကောင်စီရဲ့ ဌာနဆိုင်ရာ အရာရှိတွေ၊ သူတို့တတွေကိုယ်တိုင် လုံခြုံမှုမပေးနိုင်၊ သတ်ဖြတ်ခံရတာတွေ ရှိနေတယ်။ ဒီအချိန်မှာ လုံခြုံရေးတာ၀န်မယူနိုင်တဲ့အလျှောက် ဒီနေ့ လက်နက်ကိုင်ဆောင်ခွင့်ကို ခွင့်ပြုလိုက်တယ်လို့ နားလည်ပါတယ်” ဟု မြန်မာ့နိုင်ငံရေးသုတေသီ ဦးသန်းစိုးနိုင်က ရှုမြင်သည်။

ထို​ကြောင့်ပင် ၂၀၂၂ ဒီဇင်ဘာလအတွင်း စစ်ကောင်စီ၏ အစိုးရအဖွဲ့အစည်းအဝေးမှ အတည်ပြုလိုက်သော ‘လက်နက်ခဲယမ်းကိုင်ဆောင်ခွင့်မူ’ကို ထုတ်ပြန်လာခြင်း ဖြစ်သည်။

အဆိုပါ ‘မူ’ မှာ စစ်အာဏာရှင် နေဝင်း၏ လမ်းစဥ်ပါတီလက်ထက် ၁၉၇၇ က ထုတ်ပြန်ခဲ့သော ‘လက်နက်ကိုင်ဆောင်ရေးမူ’ ကို ပြန်လည်စိစစ်ကာ လိုအပ်သည့် ပြင်ဆင်မှု၊ ဖြည့်စွက်မှုများနှင့် ထပ်မံထုတ်ပြန်ရခြင်းဖြစ်သည်ဟု စစ်ကောင်စီ၏ ပြည်ထဲရေးဝန်ကြီးဌာနက ဆိုထားသော်လည်း ယခု ထုတ်ပြန်လိုက်သည့် ‘မူ’က အကြမ်းဖက်စစ်ကောင်စီကို လိုလားသူ၊ ထောက်ခံသူများအတွက်သာ စားသုံးခွင့် တနည်းအားဖြင့် အကျိုးခံစားခွင့် ရရှိမည်ဟု စောင့်ကြည့်လေ့လာ သူများက သုံးသပ်သည်။

‘လက်နက်ခဲယမ်းကိုင်ဆောင်ခွင့်မူ’ ထွက်ပေါ်လာရေးအတွက်လည်း တိုင်းပြည်အတွင်း လက်နက်ကိုင် ခုခံတွန်းလှန်မှုများစတင်ချိန်မှာပင် တပ်တွင်းနှင့် စစ်ဗိုလ်ချုပ်ဟောင်းများ ဦးဆောင်သည့် ပြည်ခိုင်ဖြိုးပါတီ ထိပ်ပိုင်းခေါင်းဆောင်များက တိုက်တွန်းလောဆော်ခဲ့ကြကြောင်း နေပြည်တော် သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

“ဒီမူထွက်မလာခင်ကတည်းက စစ်ကောင်စီထောက်ခံတဲ့ အမာခံအုပ်စုအချို့က သူတို့ကို လက်နက်ကိုင်ဆောင်ခွင့်ပြုဖို့၊ လက်နက်တပ်ဆင်ပေးဖို့ အကြိမ်ကြိမ်တောင်းဆိုလာတာ၊ စကားဦးသန်းလာတာ တွေ တွေ့မြင်ခဲ့တာ အချိန်တစ်ခုရှိခဲ့ပါပြီ” ဟု CDM စစ်သည် ကိုနောင်ရိုးက မှတ်ချက်ပြုသည်။

စစ်ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ဇော်မင်းထွန်းကလည်း လက်ရှိအချိန်တွင် ‘လက်နက်ခဲယမ်းကိုင်ဆောင်ခွင့်မူ’ ထုတ်ပြန်လာခြင်းနှင့်ပတ်သက်၍ ပြည်သူလူထုက တောင်းဆိုလာခြင်းမျိုးရှိ၍ ပြည်သူလူထုအတွက် ဆောင်ရွက်ခြင်းဖြစ်သည်ဟု BBC သတင်းဌာနကို ဖြေကြားထားသည်။

စစ်​ကောင်စီရဲ့ လက်နက်ကိုင်ခွင့်​ထောင်​ချောက်
သင်္ကန်းဝတ်လက်နက်ကိုင် ဦးဝါသ​ဝနှင့်ပျူ​စောထီးများ။ ဓါတ်ပုံ-စစ်​ကောင်စီ

▪︎လက်နက်ခဲယမ်းကိုင်​ဆောင်ခွင့်မူထဲ ဘာ​တွေပါသလဲ

စစ်ကောင်စီ ပြည်ထဲရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ပြည်သူ့ဝန်ထမ်းမဟုတ်သူများ၊ ပြည်သူ့ဝန်ထမ်းများ၊ တပ်မတော်သားများအနေဖြင့် လိုင်စင်ဖြင့်ဖြစ်စေ၊ ပါမစ်ဖြင့် ဖြစ်စေ လက်နက်ခဲယမ်းမျာကို ကိုင်ဆောင်ခွင့်ရှိပြီး ကိုင်ဆောင်ခွင့်ပြုသောလက်နက်များမှာ ဒသမ ၃၈ လက်မ နှင့် ၎င်းထက် ပြောင်းဝငယ်သော ဆုံလည်သေနတ်၊ ၉ မီလီ မီတာပစ္စတိုသေနတ်၊၁၂ ဘိုး ပြောင်ချောသေနတ်၊ ဒသမ ၂၂ လက်မ နှင့် ၎င်းထက်ပြောင်းဝကျယ်သော အမဲလိုက်သေနတ် နှင့် လေသေနတ် တို့ ဖြစ်သည်။

လက်နက်ခဲယမ်းကို ပုဂ္ဂိုလ်တစ်ဦးချင်းအနေဖြင့်လည်းကောင်း၊ အဖွဲ့အစည်းအနေဖြင့်လည်းကောင်း ကိုင်ဆောင်ခွင့်ပြုသော အရေအတွက်ဖြင့် ကိုင်ဆောင်နိုင်သည်ဟုဆိုသည်။

အဖွဲ့အစည်းအနေဖြင့် ကိုင်ဆောင်ခွင့်ပြုသော သေနတ်အရေအတွက်ကို အတိအကျ ထည့်သွင်းဖော်ပြထားခြင်းမရှိဘဲ စစ်​ကောင်စီပြည်ထဲရေးဝန်ကြီးဌာနမှ သော်လည်းကောင်း၊ တာ၀န်ပေးအပ်ခြင်းခံရသော အဖွဲ့မှ သော်လည်းကောင်း သင့်လျော်သလို သတ်မှတ်ပေးသည့်အရေအတွက် အတိုင်း ကိုင်ဆောင်ခွင့်ပြုမည်ဟု ဆိုထားသည်။

ထို့အပြင် သေနတ်အမျိုးအစားအလိုက် ကိုင်ဆောင်နိုင်သည့် ခဲယမ်းအရေအတွက်ကို ကန့်သတ်ထားသော်လည်း အများဆုံးထားရှိခွင့်ပြုသည့် အရေအတွက်ထက် ပိုမိုကိုင်ဆောင်လိုပါက ပြည်ထဲရေးဝန်ကြီးဌာန၏ ကြိုတင်သဘောတူညီချက် ရယူနိုင်ကြောင်း ဖော်ပြသည်။ ဆိုလိုသည်မှာ စစ်ကောင်စီ၏ ပြည်ထဲရေးဝန်ကြီးဌာနက ခွင့်ပြုလျှင် လက်နက်နှင့် ခဲယမ်း ကန့်သတ်ချက်မရှိဘဲ စိတ်ကြိုက် ကိုင်ဆောင်နိုင်သည့်သ​ဘောဖြစ်၏ ။

လက်နက်ခဲယမ်းကိုင်ဆောင်ခွင့်မူဖြင့် လိုင်စင်ဖြင့် ဖြစ်စေ၊ ပါမစ်ဖြင့် ဖြစ်စေ ကိုင်ဆောင်ခွင့်ပြုရာ၌ ပါမစ်နှင့်ကိုင်ဆောင်ခွင့်ပြုသော ခေါင်းစဥ်အောက်ရှိ ရိုင်ဖယ်သေနတ်များနှင့် စက်သေနတ်ကလေးအုပ်စုဝင် သေနတ်များမှာ ပုဂ္ဂိုလ်တစ်ဦးချင်းက ကိုင်ဆောင်ခွင့်ရမည်မဟုတ်ဘဲ အဖွဲ့အစည်းများကိုသာ ကိုင်ဆောင်ခွင့်ပြုမည်ဟု စစ်ကောင်စီပြည်ထဲရေးဝန်ကြီးဌာနက သတ်မှတ်ထားသည်။ ဤနေရာတွင်လည်း ‘အထူးကိစ္စရပ်အနေဖြင့်’ဟုဆိုကာ စစ်ကောင်စီက ၎င်းတို့ ခွင့်ပြုလိုသူများကို ခွင့်ပြုနိုင်သည့် သတ်မှတ်ချက်ကို တစ်ပါတည်းထည့်သွင်းထားသည်။

စာမျက်နှာ ၁၅ မျက်နှာပါ ‘လက်နက်ခဲယမ်းကိုင်ဆောင်ခွင့်မူ’ နှင့် လမ်းစဥ်ပါတီလက်ထက် စာမျက်နှာ ၁၄ မျက်နှာပါ ‘လက်နက်ကိုင်ဆောင်ရေးမူ’ တို့မှာ ထူးထူး ခြားခြား ကွာခြားချက် မတွေ့ရပေ။ သို့သော် စစ်ကောင်စီက တိုင်းရင်းသားမျိုးနွယ်စုများ၏ ဓလေ့ထုံးစံအရ အမဲလိုက်ရန် ကိုင်ဆောင်အသုံးပြုသည့် တစ်လုံးထိုး ပြောင်းချော တူမီးသေနတ်များကို သက်ဆိုင်ရာ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ခွင့်ပြုချက်ဖြင့် ကိုင်ဆောင်ရန်၊ ခြောက်လတစ်ကြိမ်အစစ်ဆေးခံယူရန်၊ လက်နက်ကိုပြသရန် ဆင့်ဆိုနိုင်ခွင့် စသည့်အချက်များကို ထည့်သွင်းထားသည်။

ထူးခြားသည်မှာ ဘာမှမလုပ်ရဲတာမရှိဟု ​ကြွေး​ကြော်ထား​သောအာဏာသိမ်း​ခေါင်း​ဆောင်သည် ယခုမူကိုထုတ်ပြန်​​သောအခါ စစ်​ကောင်စီဝါဒဖြန့်သတင်းစာများတွင် မ​ဖော်ပြ​​ပေ ။ရုံးစာပုံစံဖြင့် စစ်အုပ်စု​ထောက်ခံသူများမှတစ်ဆင့် လူမှုကွန်ယက်တွင်ဖြန့်​ဝေခဲ့ခြင်းပင် ။ အရပ်သားများကို လက်နက်ကိုင်ခိုင်းခြင်းအားနိုင်ငံတကာက ပိုမိုသိရှိသွားမည် ၊သက်​သေခံဖြစ်လာမည်ကို စိုးရိမ်၍ စစ်​ကောင်စီက သတင်းစာတွင်မထည့်ခြင်းဖြစ်နိုင်​ကြောင်း​လေ့လာသူအချို့က​ပြောသည်။

“ပြည်သူ့လုံခြုံရေးနဲ့ ကာကွယ်ရေးကို အကြောင်းပြပြီး စစ်ကောင်စီက သူ့ကို ထောက်ခံနေတဲ့ အဖွဲ့အစည်း ပြီးတော့ သူ့ရဲ့ စစ်ကောင်စီ အုပ်ချုပ်ရေးယန္တရား လည်ပတ်နိုင်အောင် ပံ့ပိုးနေတဲ့ ဝန်ထမ်းတွေကို သူတို့တွေရဲ့ လုံခြုံရေးကို မယူနိုင်တော့လို့ ကိုယ့်ဟာကိုယ် တာဝန်ယူကြပါလို့ မဖြစ်မနေ ဒီလက်နက်ကို ထုတ်ပေးတာပဲ ဖြစ်ပါတယ်။”ဟုချင်းအမျိုးသားတပ်ဦး/ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီကမှတ်ချက်​ပြုသည်။

စစ်​ကောင်စီရဲ့ လက်နက်ကိုင်ခွင့်​ထောင်​ချောက်
PDF များက ​ဖေ​ဖော်ဝါရီ ဒုတိယပါတ်တွင် ရှင်းလင်းခဲ့​သော ပျူ​စောထီးတစ်ဦး

▪︎​သေနတ်ကိုင်ခိုင်းပြီး​နောက်ကွယ်မှ ​ထောင်​ချောက်

လက်နက်ခဲယမ်းကိုင်ဆောင်သူများအနေဖြင့် ဒေသဆိုင်ရာ လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး နှင့် စည်းကမ်း သေ ဝပ်တည်ငြိမ်ရေး ထိန်းသိမ်းစောင့်ရှောက်ရန် အလို့ငှာ ဒေသ ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်း တစ်ရပ်ရပ်က ဖြစ်စေ၊ ဝန်ထမ်းအဖွဲ့အစည်းတစ်ရပ်ရပ်ကဖြစ်စေ ပါဝင်ဆောင်ရွက်ရန် ညွှန်ကြားသည့်အခါတွင် လိုက်နာဆောင်ရွက်ရန် တာဝန်ရှိကြောင်း စစ်ကောင်စီကဆို​လေသည်။

အလားတူ ပြစ်မှုဆိုင်ရာ မူခင်းများ နှင့် ဒုစရိုက်လုပ်ငန်းများကို တားဆီးနှိမ်နှင်းရေးအတွက် မိမိ နှင့်သက်ဆိုင်သော ဒေသ ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းတစ်ရပ်ရပ်ကဖြစ်စေ ဝန်ထမ်းအဖွဲ့အစည်း တစ်ရပ်ရပ်က ဖြစ်စေ အကူအညီတောင်းခံသည့်အခါ ပါဝင်ကူညီဆောင်ရွက်ရန် တာဝန်ရှိသည်ဟု ဆိုပြန်သည်။

​သေနတ်ကိုင်ပြီးပါက စစ်​ကောင်စီကခိုင်းလာလျင်လုပ်​ပေးရမည့်တာဝန်ရှိသည်ဟု ယခုမူထုတ်ပြန်ခြင်း၏ အဓိကရည်ရွယ်ချက်ကို စကားလုံးများတန်ဆာဆင်၍ အာဏာလုအုပ်စုကထည့်သွင်းထားသည်။

“ဝမ်းနည်းစရာကောင်းတာက သူ့အပြင် သူ့ကို ထောက်ခံနေတဲ့ သူ့ရဲ့ဝန်ထမ်းတွေ Non CDM တွေကို တစ်ဖက်လှည့်နဲ့ လက်နက်ကိုင်ခိုင်းတာပဲ။ နောက်ဆုံး စစ်ကောင်စီရဲ့ ထိပ်သီးခေါင်းဆောင်တွေရဲ့ လုံခြုံရေးကအစ သူတို့ကို တာဝန်ပေးထားတာ တနည်းအားဖြင့် အဲဒီလိုပြောလို့ရပါတယ်။ အဲဒါ အင်မတန်မှ ယုတ်မာတဲ့ လုပ်ရပ်ဖြစ်ပါတယ်။ ဘယ်လိုပဲ သူလုပ်နေလုပ်နေ အဲဒါ ဘယ်လိုမှ လက်တွေ့မကျပါဘူး။ ဘာလို့လဲဆို လက်နက်ကိုင်တယ်ဆိုတာ စစ်သင်တန်းတက်ရတယ်။ ဒါပေမဲ့ အရပ်သားပြည်သူတွေရဲ့ အားကို၊ အသက်ကို အဲဒီလို အလွဲသုံးစားလုပ်ပြီးတော့ အဲဒီလို လုပ်နေတာက အင်မတန်မှ စက်ဆုပ်ရွံရှာဖွယ်ကောင်းတဲ့ လုပ်ရပ်ဖြစ်ပါတယ်”ဟု ဆလိုင်းထက်နီက​ပြောသည်

▪︎ဘယ်လိုအကျိုးဆက်​တွေဖြစ်လာနိုင်လဲ

“လက်နက်ကိုင်ဆောင်ခွင့်က စကစ လိုလားတဲ့သူတွေကို အမြောက်အမြား ခွင့်ပြုလိုက်တာနဲ့ တပြိုင်နက် ပြည်သူလူထုတွင်းမှာ လုယက်မှု၊ အကြမ်းဖက်မှုတွေက တိုးမြှင့်လာတာတော့မယ်ဆိုတာ သဘောပေါက်ပါတယ်။ အရင်တုန်းက ကြံ့ဖွံ့အဖွဲ့ဝင်တွေ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေဆိုတာ လက်နက်ကိုင်ဆောင်ခွင့်မရဘူးလေ၊ လက်နက်ကိုင်ဆောင်ခွင့်မရတဲ့အခြေအနေကနေ လက်နက်ကိုင်ဆောင်လာပြီဆိုတော့ ကျွန်တော်တို့ တိုင်းပြည်မှာ လက်နက်ကိုင်ဆောင်ခွင့်ရတဲ့အင်အားစုတွေများလာလေ၊ တိုင်းပြည်မှာ အသေအပျောက် တွေနဲ့ ဒဏ်ရာရတာတွေ၊ အမှုအခင်းတွေ ပိုပိုပြီးတော့ များလာစရာရှိတဲ့ အခြေအနေရှိပါတယ်။ ဒါကတော့ အတော်မကောင်းတဲ့အခြေအနေလို့ အကဲဖြတ်ပါတယ်” ဟု ဦးသန်းစိုးနိုင်က သုံးသပ်သည်။

ယခုမူ​ကြောင့် စစ်​ကောင်စီ​ထောက်ခံသူများကိုရာဇဝတ်မှုများပိုမိုပြုလုပ်နိုင်ရန် ခွင့်ပြု​ပေးလိုက်သလိုဖြစ်​ကြောင်း PDF-South Monywa တာဝန်ခံ ဒေါင်းကာရန်ကလည်း​ပြောသည်။

“စစ်တပ်ထောက်ခံသူတွေနဲ့ ၊စစ်ကောင်စီဝန်ထမ်းတွေကို လက်နက်ကိုင်ဆောင်ခွင့်လိုင်စင်ထုတ်ပေးတယ်လို့သာပြောတာပါ အာဏာသိမ်းပြီးကတည်းက တော်တော်များများလက်နက်ကိုင်ဆောင်နေကြတာပါ ဒီအထဲမှာ စစ်ကောင်စီကိုထောက်ခံသူတွေတော့အခွင့်ထူးခံပေါ့ ပြည်သူ့စစ်အမည်ခံပျူစောထီးတွေဖွဲ့ပြီး အပြစ်မဲ့ပြည်သူတွေကို လက်နက်အားကိုးနဲ့ဓားပြတိုက်၊ လူသတ်၊ မဒိမ်းကျင့် လုပ်ချင်သလိုကိုလုပ်နေခဲ့ကြတာပါ စစ်ကောင်စီကလည်းသူတို့ကိုအားပေးထောက်ခံနေလေတော့ ဘာမှအရေးမယူ လုပ်ချင်တာလုပ်ခွင့်ပေးထားတယ်လေ အခုလို စစ်တပ်ထောက်ခံသူတွေကို လက်နက်ကိုင်ဆောင်ခွင့်ထုတ်ပေးမယ်ဆိုပြီးကြေညာတာကလည်း ရာဇဝတ်မှုတွေလုပ်ချင်တာလုပ်လို့ရတယ်ဆိုပြီးကြေညာတဲ့သဘောပါ” ဟု​ဒေါင်းကာရန်ကသုံးသပ်သည်။

စစ်အုပ်စုလုပ်သမျှတိုင်းသည် ပြည်သူ​ကောင်းကျိုးတစ်ခုမျှ မရည်ရွယ်ဘဲ ၎င်းတို့အာဏာတည်မြဲ​ရေးအတွက်ထင်တိုင်းကျဲနေခြင်းဖြစ်၍ မအံသြ​တော့​ကြောင်း မန္တ​လေးမြို့မှ ပြည်သူတစ်ဦးက​ပြောသည်။

ရန်ကုန်မြို့နေ ပြည်သူတစ်ဦးက လည်း“ထူးပြီး မစိုးရိမ်တော့ဘူး။ တရားဝင်နဲ့ တရားမဝင်ပဲကွာတာ အစကတည်းက ကိုင်နေကြတာ။ အပြင်ထွက်ပြီး အိမ်ပြန်လာတဲ့အချိန် မသေသေးတာပဲ ဝမ်းသာတယ်” ဟု လက်ရှိ ပြည်သူ့ဘဝလုံခြုံမှု မရှိမှု အ​ခြေအ​နေနှင့် စစ်​ကောင်စီ၏ ယခုလုပ်ရပ်အ​ပေါ်မှတ်ချက်ပြုသည်။

Public Service Announcement
Public Service Announcement

အမျိုးသားညီညွတ်ရေးအစိုးရ NUG ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်ကလည်း စစ်ကောင်စီအနေဖြင့် ပြည်သူများ လက်နက်ကိုင်ဆောင်ခွင့်ရရှိအောင် လုပ်ဆောင်ခြင်းမဟုတ် အကြမ်းဖက်စစ်အုပ်စုက ၎င်းတို့ကို ထောက်ခံသူများကိုသာ ကိုင်ဆောင်ခွင့်ပေးမည်ဟု သုံးသပ်သည်။

“လက်နက်ကိုင်ဆောင်တယ်ဆိုတာ ဒီဥပဒေရှိမှ မဟုတ်ဘူး။ ပြည်သူတွေလည်း သူ့နည်းသူ့ဟန်နဲ့ စစ်အုပ်စုရဲ့ ဘေးအန္တရယ်ကနေ ကာကွယ်ဖို့ လက်နက်ကိုင်ဆောင်ထားပြီးသား အနေအထားးတစ်ခုကို ရောက်နေပြီဖြစ်လို့ လက်နက်ကိုင်ဆောင်ခြင်း၊ မကိုင်ဆောင်ခြင်း ဆိုတဲ့ကိစ္စကို ကျော်လွန်ပြီးတော့ အဲဒီလက်နက်နဲ့ ဘာလုပ်သလဲပေါ့ဗျာ။ ဒါတွေကတော့ ဥပဒေနဲ့ အညီ ဆုံးဖြတ်သွားရမှာ ဖြစ်ပါတယ်။ ဘယ်လိုနည်းနဲ့ပဲ လက်နက်ကိုင်ကိုင် ကိုယ်ကိုင်ထားတဲ့ လက်နက်နဲ့ တရားသောစစ်ပွဲကို ဆင်နွှဲတာလား၊ အဲဒီလိုမဟုတ်ဘဲ အပြစ်မဲ့ပြည်သူတွေကို သတ်ဖြတ်တာလား။ နောက်ပြီးတော့ မတရားတဲ့ဘက်က ရပ်ပြီးတော့ ပြည်သူလူထုတစ်ရပ်လုံးကို ဖိစီးနှိပ်စက်ဖို့ လက်နက်ကိုင်ဆောင်တာလား စသဖြင့် ဘာကြောင့်ကိုင်ဆောင်လဲဆိုတဲ့ ရည်ရွယ်ချက်ရယ်၊ ကိုင်ဆောင်ပြီး ဘာတွေလုပ်သလဲဆိုတဲ့ လုပ်ရပ်တွေအပေါ်မှာ မူတည်ပြီးတော့ အနာဂတ်တချိန်ချိန်ကျရင်တော့ အဲဒါတွေ အကုန်လုံးက ဥပဒေနဲ့ အညီ စီစဥ်ဆောင်ရွက်သွားရမှာဖြစ်ပါတယ်” ဟု မှတ်ချက်ပြုသည်

စစ်​ကောင်စီအတွင်းသတင်းများကို ​တော်လှန်​ရေးအင်အားစုများကို​ပေးပို့၍ ကူညီ​နေ​သော စစ်​ကောင်စီဝန်ထမ်းတစ်ဦး(ဖရဲသီး) ကမူ “ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေလက်နက်ပေးတာမြို့တွင်း စစ်တွေဖြစ်တော့မယ့်သဘောလို့တပ်ထဲ​ပြော​နေကြတယ်။ပြည်သူအချင်းချင်းပဲ ရန်ဖြစ်ခိုင်းမှာ ရွေးကောက်ပွဲ ဘယ်လိုမှ မဖြစ်နိုင်တာ့ဘူး”ဟု ​ပြောသည်။

ရန်ကုန်မြို့ရှိ မြို့ပြ​​​ပြောက်ကျားတပ်ဖွဲ့တစ်ခုဖြစ်​သော MUPDF(Myanmar Underground People Defense Force) အဖွဲ့တာဝန်ခံ စ​နေက​​လည်း “မထူးပါဘူးဗျ။ပိုပြီးလက်တွေ့ပိုဆန်လာမယ်။မြို့ပြတိုက်ပွဲတွေ က ပိုမြိုင်လာမယ်လို့ပဲ အကြမ်းဖျင်းယူဆပါတယ်။စခ ၊ရခ လက်ထဲကထက်စာရင် အုပ်ကြီး ၊ရာအိမ်မှူးလက်ထဲကသေနတ်က ပိုပြီးယူလို့အဆင်ပြေမယ်လို့ယူဆပါတယ်။တဖက်ကနေတွေးရင်တော့ မစ်ရှင်လုပ်တဲ့အခါ အထိအခိုက်အကျအဆုံးများလာနိုင်ပါတယ်။အရင်လောက် လုပ်ရတာ မလွတ်လပ်တော့ဘူးပေါ့” ဟု​မှတ်ချက်ပြုသည်။

ဆက်စပ်သတင်းများ

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။