Connect with us

Hi, what are you looking for?

LuduNwayOo

ဆောင်းပါး

နတ်နေကိုင်း ထိုင်းတော်ဝင်မိသားစုကို စိန်ခေါ်လာတဲ့ ထိုင်းရွေးကောက်ပွဲ ရလဒ်များ

Move Forward ပါတီခေါင်းဆောင် Pita Limjaroenrat (Reuters)

(တော်ဝင်မိသားစုကို အကာအကွယ်ပေးထားတဲ့ ဥပဒေတွေကို ပြင်ဆင်သင့်ကြောင်း မဲဆွယ် စည်းရုံးမှုတွေဟာ မျက်မှောက်ကာလမှာ ပုံမှန် အနေအထားမျိုးထိ ပြောင်းလဲလာနေပါပြီ။ ဒါပေမဲ့ လက်တွေ့ အကောင်အထည် ဖော်ဖို့ကတော့ ခက်ခဲနေဆဲပါပဲ)

လွန်ခဲ့တဲ့ နှစ်နည်းနည်းလောက်ဆီ နောက်ကြောင်းပြန်လှည့်ကြည့်မယ်ဆိုရင် တော်ဝင်မိသားစု ဆိုတာက ထိုင်းနိုင်ငံမှာ နည်းနည်းလေးတောင် အထိပါး မခံနိုင်တဲ့ နတ်နေကိုင်းမျိုး ဖြစ်နေခဲ့တာကို အမှတ်ရကြပါလိမ့်မယ်။ ဒါပေမဲ့ မေလ ၁၄ ရက်နေ့ ညပိုင်းမှာတော့ အခြေအနေတွေက လက်တွေ့ကျကျ ပြောင်းလဲလာနေပြီ ဆိုတာကို ထင်ရှား မြင်သာစေခဲ့ပါတယ်။ ထိုင်းတော်ဝင် မိသားစုကို အကာအကွယ် ပေးထားတဲ့ တင်းကျပ်တဲ့ စည်းမျဉ်းတွေကို ပြင်းပြင်းထန်ထန် ဝေဖန်ရှုတ်ချပြီး ပြင်ဆင်ရေးဆွဲသင့်ကြောင်း မဲဆွယ်ခဲ့တဲ့ ပါတီတစ်ခုဟာ ရွေးကောက်ပွဲမှာ လူထုထောက်ခံမှု အများဆုံးနဲ့ အောင်ပွဲခံခဲ့တာကြောင့်ပါပဲ။ ပါတီနာမည်ကို ရှေ့သို့ချီလို့ ဘာသာပြန်ရမယ့် မုဗ်ဖော်ဝပ် (MFP)ဟာ ရွေးကောက်ပွဲမှာ မဲအများဆုံး၊ ရွေးကောက်ခံ လွှတ်တော်အမတ် နေရာ အများဆုံးနဲ့ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။

ISEAS – Yusof Ishakရဲ့ ဧည့်ပါမောက္ခ တစ်ဦးဖြစ်တဲ့ နာပွန် ဂျာတူဆရီပီတက်က MFPရဲ့ အောင်နိုင်မှုဟာ ထိုင်းနိုင်ငံ သမိုင်းမှာ ထူးခြားလွန်းတဲ့ အခိုက်အတန့် တစ်ခုလို့ မှတ်ချက် ပေးခဲ့ပါတယ်။ “ပြည်သူလူထု အများစုက သူတို့ကို ယုံကြည်မှု အပြည့်နဲ့ တာဝန်အပ်နှင်းပြခဲ့တယ်။ ဒီပါတီကို ပြည်သူ ၁၄ သန်းက မဲပေးခဲ့တယ်။ အဓိပ္ပါယ်ကတော့ ထိုင်းလူ့အဖွဲ့အစည်းထဲမှာ စနစ်ကျတဲ့ ပြုပြင်ပြောင်းလဲရေးတွေကို ပိုမိုချဲ့ထွင် အကောင်အထည် ဖော်စေချင်ပြီး အစဉ်အလာ ဆိုတာတွေကို ဂရုမစိုက်ချင်တော့တဲ့သူတွေ အများကြီး ရှိလာပြီ ဆိုတာကို ညွှန်ပြနေတာပါပဲ”လို့ သူက ပြောပါတယ်။

ထိုင်းရဲ့ ဖွဲ့စည်းပုံ ဥပဒေမှာတော့ ဘုရင်နဲ့ တော်ဝင် မိသားစုဆိုတာ အထွဋ်အမြတ်ထား လေးစားရမယ့် နတ်နေကိုင်းတွေလိုမျိုးကို သတ်မှတ်ပေးထားပါတယ်။ ပြီးတော့ ထိုင်းတော်ဝင် မိသားစုဟာ ဝေဖန်သူတွေ၊ ဆန့်ကျင်သူတွေရဲ့ ရန်ကနေ ကမ္ဘာပေါ်မှာ အတင်းကျပ်ဆုံးဆိုတဲ့ ဥပဒေမျိုးနဲ့ အကာအကွယ်ပေးခြင်း ခံထားရပါတယ်။ ဘုရင်ကို ဝေဖန်တဲ့၊ ထိုးနှက်တဲ့ သဘောမျိုး မှတ်ချက်ပေးမိရင်၊ အနည်းဆုံး ရွှတ်နောက်နောက် သဘောမျိုး လှောင်ပြောင်မိရင်တောင်မှ အမြင့်ဆုံး ၁၅ နှစ်ထိ သတ်မှတ်ထားတဲ့ ထောင်ဒဏ်မျိုးနဲ့ တည့်တည့်ကြီး တိုးသွားနိုင်ပါတယ်။

Public Service Announcement

Public Service Announcement

ဒါပေမဲ့ အခုနှစ် ရွေးကောက်ပွဲကြို ကာလတွေမှာတော့ ပထမဆုံး အကြိမ်အဖြစ် အဲဒီလို တော်ဝင်မိသားစုကို လွန်လွန်ကဲကဲ ကာကွယ်ပေးထားတဲ့ ဥပဒေနဲ့ ပတ်သက်လို့ နိုင်ငံရေး ပါတီတွေကြားမှာ ငြင်းခုံ ဆွေးနွေးမှုတွေ ရှိလာပါတယ်။ ဒါပေမဲ့ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ MFP တစ်ခုတည်းကသာ တော်ဝင်မိသားစုကို အလွန်အကျွံ အခွင့်ထူးခံခွင့် ပေးထားတဲ့ ဥပဒေတွေကို ပြန်လည်ပြင်ဆင်ဖို့ တိတိကျကျ စိတ်ပိုင်းဖြတ်ထားတဲ့ အင်အားစု အနေနဲ့ ထွက်ပေါ်လာပါတယ်။ တစ်နည်းအားဖြင့် ကျန်တဲ့ ပါတီတွေဟာ MFPနဲ့ တူညီတဲ့ သဘောထားမျိုး ရှိခဲ့မယ် ဆိုရင်တောင်မှ နတ်နေကိုင်းကိုတော့ ပေါ်ပေါ်ထင်ထင် မထိပါးရဲခဲ့ပါဘူး။

MPFရဲ့ ရပ်တည်ချက်တွေ လူကြိုက်များလာခြင်းဟာ ၂၀၂၀ ပြည့်နှစ်က ထင်မှတ်မထားလောက်တဲ့ ထိုင်းလူငယ် လှုပ်ရှားမှုတွေကို အခြေခံတယ်လို့ ဆိုနိုင်ပါတယ်။ အဲဒီတုန်းက ထိုင်းလူငယ် အများအပြားဟာ လမ်းမတွေပေါ် ထွက်လာပြီး ဘုရင်စနစ်ကို ကာကွယ်ပေးထားတဲ့ ဥပဒေနဲ့ ပတ်သက်လို့ အတိအလင်း စိန်ခေါ် မေးခွန်းထုတ်ခဲ့ကြတယ်။ ပြီးတော့ တော်ဝင် မိသားစုရဲ့ အသုံးစရိတ်ကို ကန့်သတ်ဖို့၊ နိုင်ငံရေးမှာ ပါဝင် စွက်ဖက် လွှမ်းမိုးပိုင်ခွင့်ကို လျှော့ချပေးဖို့ တောင်းဆိုခဲ့ကြတယ်။ အဲဒီအချိန်ကစလို့ လူပေါင်း ၂၄၀ ကျော်ဟာ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ တော်ဝင်မိသားစု မထိပါးရေး ဥပဒေအောက်မှာ တရားစွဲဆို ခံခဲ့ရပါတယ်။ အဲဒီထဲမှာ နိုင်ငံရေး ဟောပြောမှုတွေ လုပ်ခဲ့သူတွေကစလို့ တော်ဝင်မိသားစုကို လှောင်ပြောင်တဲ့သဘော ဝတ်ဆင်ပြခဲ့သူတွေ၊ Facebookပေါ်မှာ ရေးမိတဲ့ ပို့စ်ကြောင့် အဖမ်းခံရသူတွေထိ မျိုးစုံ ပါဝင်ခဲ့ပါတယ်။

ဒါပေမဲ့ အဲဒီလို အဖမ်းခံရတဲ့ လူငယ် ဆန္ဒပြသူ အများအပြားကို အာမခံနဲ့ လွတ်မြောက်အောင် MFPရဲ့ နိုင်ငံရေးသမားတွေက အစွမ်းကုန် ကူညီပေးနိုင်ခဲ့တယ်။ အဲဒီလို အဖမ်းခံရဖူးတဲ့ လူငယ်တချို့ဟာ ပါတီရဲ့ ကိုယ်စားလှယ်လောင်းတွေတောင် ဖြစ်လာပြီး ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ကြပါတယ်။

ဘုရင်စနစ်ကို ဝေဖန်ထောက်ပြလေ့ရှိတဲ့ ပရော်ဖက်ဆာ တစ်ဦးဖြစ်ပြီး လောလောဆယ် ပြည်ပမှာ တိမ်းရှောင်နေရတဲ့ ပါဗင် ချာချာဗယ်လ်ပေါင်ပွန်က အခု ရွေးကောက်ပွဲရဲ့ ရလဒ်ဟာ ထိုင်းနိုင်ငံရေး သွင်ပြင်လက္ခဏာကို ဖွင့်ဆိုရာမှာ ကြီးမားတဲ့ အလှည့်အပြောင်းကြီး တစ်ခုလို့ မှတ်ချက် ပေးခဲ့ပါတယ်။ “အရင်က မပြောသင့် မပြောအပ်ဘူးလို့ စံသတ်မှတ်ထားတဲ့ ကိစ္စတစ်ခုက အခုတော့ လူတိုင်း ဆွေးနွေး ငြင်းခုံတဲ့ အခြေအနေထိ ရောက်လာတယ်လေ”လို့ သူက ဆိုတယ်။ တော်ဝင် မိသားစုကို အကာအကွယ် ပေးထားတဲ့ ဥပဒေတွေကို လက်တွေ့ ပြင်ဆင်ဖို့ ဆိုတာက အခက်အခဲတွေ အများကြီး ရှိနိုင်ပါတယ်။ နောက်ပြီး MFP အနေနဲ့ အစိုးရ ဖွဲ့နိုင်ဖို့အတွက် လုံလောက်တဲ့ သောင်ပြိုကမ်းပြို မဲရလဒ်မျိုးနဲ့တော့ အနိုင်ရခဲ့တာ မဟုတ်ပြန်ဘူး။

MFPက ညွန့်ပေါင်း အစိုးရတစ်ရပ် ပေါ်ပေါက်လာရေးအတွက် စတင်လုပ်ဆောင်နေကြောင်း ပြောပေမယ့် လွှတ်တော်ထဲမှာ အခန့်သား ကြိုတင် နေရာယူထားတဲ့ မိုးကျရွှေကိုယ် အထက်လွှတ်တော် အမတ်တစ်အုပ်ကို ကျော်နိုင်ပါ့မလား ဆိုတာကတော့ လောလောဆယ် မသေချာသေးပါဘူး။ ထိုင်းမှာ အထက်နဲ့ အောက်လွှတ်တော် နှစ်ရပ်ပေါင်း အမတ် ၇၅၀ က ဝန်ကြီးချုပ်သစ်ကို မဲပေး ရွေးချယ်ရပါတယ်။ အဲဒီထဲက ၂၅၀ တိတိဟာ ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်စရာ မလိုဘဲ အထက်လွှတ်တော်ထဲမှာ အပိုင်စား နေရာယူထားတာပါ။ အထက်လွှတ်တော် အမတ် ၂၅၀ စလုံးကိုတော့ ထိုင်းဘုရင်စနစ်ကို အစွမ်းကုန် ကာကွယ်မယ်လို့ သံန္နိဋ္ဌာန် ချထားတဲ့ အဖွဲ့အစည်းဖြစ်တဲ့ ထိုင်းစစ်တပ်က ခန့်အပ်ထားတာဖြစ်ပြီး တရားသူကြီးတွေ၊ ချမ်းသာကြွယ်ဝသူတွေ၊ တော်ဝင်မိသားစုနဲ့ ဆက်နွှယ်တဲ့ ကွန်ဆာဗေးတစ်တွေချည်း စုစည်းထားတာပါ။

MFPရဲ့ မူလအခြေခံ အဖွဲ့အစည်းဟောင်းဖြစ်တဲ့ ဖူးချားဖော်ဝပ် (FFP)ဟာ ၂၀၂၀ ပြည့်နှစ်မှာ အခြေခံ ဥပဒေ ခုံရုံးရဲ့ အမိန့်နဲ့ ဖျက်သိမ်းခဲ့ရပါတယ်။ FFPကို ထောက်ခံသူတွေ ကိုယ်တိုင်ကလည်း ဥပဒေကြောင်းအရ တရားစွဲဆိုမှုတွေဟာ သူတို့ကို ခြိမ်းခြောက်မယ့် လက်နက်တွေ ဖြစ်လာမှာကို လက်တွေ့ကျကျ စိုးရိမ် ပူပန်ခဲ့ရပါတယ်။

ဆိုင်နမ်လို့သာ နာမည်အတိုကောက် ထုတ်ပြောတဲ့ တက်ကြွ လှုပ်ရှားသူ တစ်ဦးက ရွေးကောက်ပွဲမှာ MFP ရရှိခဲ့တဲ့ ကိန်းဂဏန်းတွေက အားရစရာ ကောင်းလွန်းပေမယ့် သူတို့ရဲ့ ပြိုင်ဘက်တွေတော့ အဲဒီ ရလဒ်တွေကို မှေးမှိန်သွားစေမယ့် နည်းလမ်းတွေ ရှာဖွေကြလိမ့်ဦးမယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။ “ဒီမိုကရေစီပဲ အနိုင်ရပါစေလို့ ကျွန်တော် ဆုတောင်းပါတယ်။ ဒါပေမဲ့ ဘာမဆို ဖြစ်သွားနိုင်တာကို သဘောပေါက်ထားဖို့ လိုတယ်။ ရွေးကောက်ပွဲ ကော်မရှင်က ဘာမဆို လုပ်လို့ရတဲ့သဘော ဖြစ်နေတယ်။ လွှတ်တော်ထဲမှာ အသားလွတ်ကြီး ငုတ်တုပ် ဝင်ထိုင်နေတဲ့ အမတ် ၂၅၀ ကလည်း ရှိနေသေးတယ်။ ပြောရမယ်ဆိုရင် ဒီနိုင်ငံမှာတော့ ဘာမဆို ဖြစ်သွားနိုင်တယ်။ ဘာမဆို လုပ်ချင်တာ လုပ်လို့ရတယ်”လို့ ဆိုင်နမ်က MFPရဲ့ ရွေးကောက်ပွဲ ရလဒ်တွေကို ပါတီ ဌာနချုပ်ရှေ့မှာ သွားရောက် စောင့်ကြည့်နေရင်း မှတ်ချက် ပေးခဲ့ပါတယ်။

သူကိုယ်တိုင်ကလည်း ကျောကုန်းမှာ “ငါ့အဖေနာမည် ဗဂျီရာလောင်ကွန်း မဟုတ်ဘူးကွ”ဆိုတဲ့ စာတန်းပါတဲ့ Crop Top စွပ်ကျယ်ကို ဝတ်ပြီး ဆန္ဒပြခဲ့တာကြောင့် တော်ဝင်မိသားစု ကာကွယ်ရေး ဥပဒေနဲ့ တရားစွဲ ခံခဲ့ရဖူးသူပါ။ ထိုင်းမှာတော့ ဘုရင်ကို ဖခင်လို့ တင်စားသုံးနှုန်းလေ့ ရှိတာကို ရည်ညွှန်းပြီး သူက အခုလို ဆန့်ကျင်ခဲ့တာ ဖြစ်ပါတယ်။ Crop Topကို ရွေးဝတ်ရတာကတော့ လက်ရှိ ထိုင်းဘုရင် မဟာ ဗဂျီရာလောင်ကွန်းက ဥရောပမှာ ရှိနေချိန် Crop Topဝတ်ပြီး လျှပ်ပေါ်လော်လီ နေထိုင်ပုံတွေက အွန်လိုင်းနဲ့ ဥရောပက အညှီအဟောက် မီဒီယာတွေမှာ ထွက်ပေါ်လာတာကို လှောင်ပြောင်ထားတာပါ။ အဲဒီလို ဆန္ဒပြတုန်းက ဆိုင်နမ်ရဲ့ အသက် ၁၆ နှစ်ပဲ ရှိသေးတယ်။ အမှုက ခုထိ မပြီးပြတ်သေးဘဲ စီရင်ချက်ကို စောင့်နေရဆဲလို့ သူက ဆိုပါတယ်။

MFPကို စတင်ထူထောင် လည်ပတ်တာ ၃ နှစ်သာ ရှိသေးပေမယ့် ရွေးကောက်ပွဲမှာ အံ့မခန်း စွမ်းဆောင်မှုတွေ ပြသခဲ့တာကြောင့် ထိုင်းနိုင်ငံရေး လေ့လာသူ အများစုကို အံ့ဩ မင်သက်စေခဲ့ပါတယ်။ ISEAS – Yusof Ishakရဲ့ ဧည့်ပါမောက္ခ နာပွန်က MFPဘာကြောင့် အခုလောက် အောင်မြင်သွားခဲ့သလဲ ဆိုတာကို သရုပ်ခွဲဖို့ ခက်လွန်းတယ်လို့ မှတ်ချက် ပေးပါတယ်။ ပြည်သူ အများအပြားက MFPကို ဝိုင်းပြီး မဲပေးကြတယ် ဆိုတာက ဘုရင်စနစ်နဲ့ ပတ်သက်တဲ့ ဥပဒေတွေကို ပြင်ဆင်စေချင်လို့လား၊ ဒါမှမဟုတ် ပိုပြီး ကျယ်ပြန့်တဲ့ ပြောင်းလဲမှုတွေကို လိုချင်လို့လား ဆိုတာက တိတိကျကျ ဆန်းစစ်ဖို့ ခက်လွန်းတယ်လို့ နာပွန်က ပြောပါတယ်။ နောက်ပြီး MFP မဲတွေ တနင့်ကြီး ရသွားစေတဲ့ နောက်ထပ် ညွှန်ကိန်းတွေလည်း ရှိနိုင်ပါသေးတယ်။ ၂၀၁၄ မှာ အာဏာသိမ်းခဲ့တဲ့ စစ်တပ် ခေါင်းဆောင်ဟောင်း လက်ရှိ ဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာကို ရာထူး ဆက်မမြဲစေချင်ပေမယ့် အဓိက အတိုက်အခံပါတီဖြစ်တဲ့ ဖျူထိုင်း (PTP)ကိုလည်း မဲမပေးချင်သူတွေက MFPကို ထောက်ခံကုန်ကြတာမျိုးတွေလည်း မြင်ခဲ့ရပါတယ်။ ဖျူထိုင်းဟာ အငြင်းပွားစရာ အခြေအနေတွေ အများကြီး ရှိနေပြီး လောလောဆယ် ပြည်ပမှာ တိမ်းရှောင်နေရတဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှီနာဝပ်ထရာရဲ့ လောင်းရိပ်အောက်က အင်အားစုအဖြစ် ရှုမြင် ခံထားရတာကြောင့်ပါ။

သေချာတာကတော့ ရွေးကောက်ပွဲ ရလဒ်တွေဟာ သူ့ကိုယ်သူ ထိုင်းရဲ့ ရှေးရိုးစွဲ ကွန်ဆာဗေးတစ် စံနှုန်းတွေကို ကာကွယ်စောင့်ရှောက်သူလို့ အထင်ရောက်နေတဲ့ ဝန်ကြီးချုပ် ပရာယွတ်အတွက် ချက်ကောင်းအထိုး ခံလိုက်ရတယ် ဆိုတာပါပဲ။ သူကိုယ်စားပြုပြီး ရွေးကောက်ပွဲ ယှဉ်ပြိုင်ခဲ့တဲ့ ယူနိုက်တက် ထိုင်းအမျိုးသား ပါတီ (UTNP)ရဲ့ ခေါင်းဆောင် ပီရာပန် ဆာလီရာသာဗစ်ဟာဂါဆိုရင် ရွေးကောက်ပွဲ မဲဆွယ်မှု အစီအစဉ် တစ်ခုမှာ “ထိုင်းဟာ မျိုးချစ်တွေရဲ့ နိုင်ငံဖြစ်တယ်။ ဘုရင်ကတော့ နိုင်ငံရဲ့ မဏ္ဍိုင်ဖြစ်တယ်”လို့ ကြွေးကြော်ပြီး အစဉ်အလာတွေကို ဆန့်ကျင် မုန်းတီးသူတွေကို ခက်ခက်ထန်ထန် တုံ့ပြန်ရမယ်လို့ ပြောကြားခဲ့ဖူးပါတယ်။

ရှက်ဖို့ကောင်းတာက ရွေးကောက်ပွဲမှာတော့ သူတို့ရဲ့ ပါတီက တော်တော်ကို ဆိုးဆိုးရွားရွား စုတ်စုတ်ပြတ်ပြတ် ရလဒ်မျိုးနဲ့ နှစ်ပါးသွားခဲ့ရပြီး MFPရော၊ TPTရောရဲ့နောက်မှာ မဟားဒယား ပြတ်ကျန်နေခဲ့တာပဲ ဖြစ်ပါတယ်။

(Guardian သတင်းစာတွင် ဖော်ပြထားသည့် Thai election may be turning point as taboo over monarchy fades ဆောင်းပါးကို ဘာသာပြန်ဆိုသည်)

ဆက်စပ်သတင်းများ

သတင်း

မြ၀တီ၌ နောက်ဆုံးကျန်နေသည့် ခမရ(၂၇၅)ကိုကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) မှဦးဆောင်ပြီး ကရင်အမျိုးသားကာကွယ်ရေး တပ်ဖွဲ့ (K.N.D.O)၊ နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ (PDF)တို့မှ ယနေ့မနက်အစော၌ အပြီး သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

နိုင်ငံတကာ

မြန်မာနိုင်ငံက စည်းလုံးတဲ့၊ ငြိမ်းချမ်းတဲ့၊ သာယာဝပြောတဲ့ အခြေအနေမျိုး ရပ်တည်နိုင်ရင် အကျိုးအမြတ် အရရှိဆုံးက ထိုင်းနိုင်ငံ ဖြစ်လာမယ်လို့လည်း ဆရက်သာက ပြောကြားသွားပါတယ်။

သတင်း

စက်ရုံအလုပ်ရှင်က လုပ်သားနစ်နာကြေးအပြည့်အဝဖြေရှင်းမပေး၍ စက်ရုံလုပ်သားများက စုဝေးဆောင်းဆိုမှု ယမန်နေ့ညက ပြုလုပ်ခဲ့ကြသည်။

နိုင်ငံတကာ

ရှေ့နေဖြစ်သူက စွပ်စွဲထားရာမှာ Kasikornဘဏ်ရဲ့ ငွေစာရင်း တစ်ခုကို အသုံးပြုပြီး လာဘ်ငွေ ပေးချေခဲ့တယ်လို့ ပါရှိပေမယ့် TJAက အဲဒီဘဏ်မှာ ဘယ်တုန်းကမှ ငွေစာရင်း ဖွင့်မထားဘူးလို့ ဆိုပါတယ်။