Connect with us

Hi, what are you looking for?

LuduNwayOo

ဆောင်းပါး

“ကျည်ဆံ​တွေကြားက ​ကောက်စိုက်​သောလက်များ”

“တကယ်တမ်း ကျွန်တော်တို့ရွာက ရေဦးနဲ့ ၈ မိုင်လောက်ကွာတယ်။ ဒါပေမယ့် ရေဦးက ထွက်တယ်ဆိုရင် အသင့်ပြင်ပြီးတော့ပြေးရတော့တာ။ပျိုးနှုတ်ပြီးသားလည်းပစ်ခဲ့ရတယ်။

(စစ်ကိုင်းတိုင်း၊ခင်ဦးမြို့နယ်တွင်သြဂုတ် ၂၇ရက်က ကောက်စိုက်​နေသူများအားတွေ့ရစဥ်။ ဓာတ်ပုံ-ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး)
(စစ်ကိုင်းတိုင်း၊ခင်ဦးမြို့နယ်တွင်သြဂုတ် ၂၇ရက်က ကောက်စိုက်​နေသူများအားတွေ့ရစဥ်။ ဓာတ်ပုံ-ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး)

ဇော်ဟိတ်/People’s Spring

သြဂုတ်လ နောက်ဆုံးပတ်အတွင်း မိုးကလေးခပ်ဖွဲဖွဲရွာနေချိန် စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာသည်ဟု သတင်းကြား၍ စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်ကတောင်သူလယ်သမားကြီး ဦးဖိုးသာ(အမည်လွှဲ)တစ်ယောက် လယ်လုပ်ငန်းခွင်ကို ပစ်ထားကာ မိသားစုနှင့်အတူ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

ဦးဖိုးသာကဲ့သို့ပင် စစ်ကောင်စီတပ်ကပစ်ခတ်သတ်ဖြတ်နေသည့်ကြားက နေ့စဥ်ဝင်ငွေရရှိဖို့အရေး မိုးစပါး စိုက်ပျိုးချိန် ကောက်စိုက်၊ ပျိုးနှုတ် လုပ်ကြရသည့် ကောက်စိုက်သမလေးများလည်း ထွက်ပြေးဖို့အတွက် ပြင်ဆင်ကြရသည်။ထိုကောက်စိုက်သမလေးများသည် နေအိမ်မီးရှို့ခံထားရသည့် ကျေးရွာများမှ ပြည်သူများလည်း ပါဝင်သည်။ နေအိမ်ဆုံးရှုံးပြီးဖြစ်သော်လည်းကျန်ရှိနေသည့်မိမိတို့အသက်တစ်ချောင်းအတွက် ​ပြေးရပြန်သည်။

စစ်​ကြောင်းထိုးလျှင်စစ်တပ်က လက်နက်ကြီးဖြင့် လှမ်းထုလေ့ရှိ​သဖြင့် စစ်ကြောင်းထိုးသံကြားလျှင် ရွာချင်းဝေးနေသေးသော်လည်း ထွက်ပြေးတိမ်းရှောင်ရကြောင်း ဒေသခံများက ပြောသည်။

“တကယ်တမ်း ကျွန်တော်တို့ရွာက ရေဦးနဲ့ ၈ မိုင်လောက်ကွာတယ်။ ဒါပေမယ့် ရေဦးက ထွက်တယ်ဆိုရင် အသင့်ပြင်ပြီးတော့ပြေးရတော့တာ။ပျိုးနှုတ်ပြီးသားလည်းပစ်ခဲ့ရတယ်။

Public Service Announcement

Public Service Announcement

မနှုတ်သေးတဲ့ဟာလည်းပစ်ပေါ့။ စိုက်ရင်းတန်းလန်းလည်း ပစ်ပေါ့”ဟု ရေဦးနယ်ခံဦးဖိုးသာ(အမည်လွှဲ)ကပြောသည်။

စိုက်ရင်းပျိုးရင်း စစ်အုပ်စုပစ်ခတ်၍ ထိခိုက်သေဆုံးမှုများလည်းရှိသည်။

လွန်ခဲ့သည့် ရက်တစ်ပတ်အတွင်းကလည်း ရေဦးနယ်အတွင်းရှိ ကျေးရွာတစ်ရွာက ကောက်စိုက်သမများမှာ လယ်ထဲဆင်းကောက်စိုက်နေစဥ် စစ်ကောင်စီ စစ်ကြောင်းနှင့်တိုး၍ လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခံရကြောင်း ဒေသခံများက ပြောသည်။

ထို့ကြောင့် စစ်ကြောင်းထိုးလာသည်ဟု အသံကြားသည်နှင့် လယ်ကွင်းထဲကနေပြေးတက်ကာ ရှောင်ကြတိမ်းကြရသည်။

“စစ်ကြောင်းထွက်လာပြီဆိုတာနဲ့ ရှောင်ဖို့ပြင်ရတော့တာ။ လယ်ထဲကိုအာရုံမထည့်နိုင်ဘူး”ဟု ရေဦးနယ်ခံ လယ်သမားတစ်ဦးက ဆိုသည်။

စစ်ကောင်စီတပ်သည် ယခင်ကထက်လက်နက်ကြီးပစ်ခတ်မှု ပိုများလာခဲ့ကြောင်း ဒေသခံများက ပြောသည်။

ရေဦးနှင့်ကပ်လျက် ဒီပဲယင်းနှင့် ခင်ဦးနယ်တွင်လည်း ထို့အတူပင်။ မိုးစပါးစိုက်ရင်း ပြေးကြရသူတွေအများအပြားရှိသည်။

“ပြာယီးပြာယာစိုက်ကြရတာပေါ့။ အရင်တုန်းကလို လယ်ကောင်းအောင်တို့ ပျိုးကောင်းအောင်တို့ နေလို့မရဘူး။ ပျိုးပင်ရပြီဆိုရင် ရက်ရရမရရ စိုက်ပြီး ပြီးတာပဲဆိုပြီး လုပ်နေကြရတယ်။”ဟု ဒီပဲယင်းနယ်ခံ အမျိုးသမီးတစ်ဦးက ပြောသည်။

မိုးကရွာ လမ်းတွေက စစ်တပ်ကဖျက်ဆီးထား၍မကောင်း။

သက်ကြီးရွယ်အို ကလေးသူငယ်နှင့်ကိုယ်ဝန်ဆောင်မိခင်တွေလည်း ပါသဖြင့် တောင်သူများ ခြေလျင်ပြေးရသည်မှာ ဒုက္ခများလှသည်။

“လက်နက်ကြီး ငယ်တွေ တရစပ်ရမ်းပစ်နေတော့ လမ်းမကောင်းပါဘူးဆို ကြောက်ကြောက်နဲ့ လွတ်အောင် ပြေးကြရတော့ အဘိုးအို(၁)ယောက်ဆို အမောဖောက် သေဆုံးသွားရရှာတယ်။ လမ်းမကောင်းဘဲ ဆိုင်ကယ်စီးပြေးတော့ ဆိုင်ကယ်လဲပြီး ဒဏ်ရာရသူတွေကရတယ်။”ဟု ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောသည်။

စစ်ပြေးရင်း ဗိုက်ဆာလာ၍ လမ်းဘေးဝယ်စားစရာ မုန့်ဆိုင်ဆိုသည်မှာလည်းမရှိ။ ထမင်းထုပ်ဝေတော့လည်း လူများလွန်း၍ မလောက်မင ဖြစ်ကြရသည်။ ကိုယ်တိုင်က စပါးစိုက်တောင်သူများဖြစ်သော်လည်း ထမင်းတစ်လုပ်ပင် ဝအောင်မစားကြရပေ။

စစ်ကောင်စီတပ်အပြင် သဘာဝဘေးကလည်း ရှိသေးသည်။ ပြီးခဲ့သည့် ဇူလိုင်လ ၁၉ ရက်နှင့် ၂၀ ရက် ဝန်းကျင်ကလည်း မိုးသည်းထန်စွာရွာပြီး ရေတွေကြီး၍ စပါးစိုက်သူများ ဒုက္ခတွေ့ခဲ့ရသည်။ ပျိုးပင်ကိုရေထုတ် ပျိုးထောင်ချိန် မိုးများ၍ ပျိုးပင်တွေပျက်ခဲ့ရခြင်း ဖြစ်သည်။

သို့သော် တောင်သူများလက်မလျှော့ကြပေ။ကုန်းသီးနှံလည်းမရှိ လယ်တစ်မျိုးသာရှိသည့်အတွက် ရွေးချယ်ခွင့်လည်း မရကြပေ။

“ပြေးလိုက်၊ လက်နက်ကြီးနဲ့ လှမ်းထုလိုက်၊ စစ်ကြောင်းက ထွက်လာပြီဆိုရင် နည်းနည်းဝေးတဲ့ရွာလေးပြေးလိုက်၊ ပြီးရင် ပြန်ဝင်သွားရင် ငြိမ်ပြန် ပြန်စိုက်လိုက်ပေါ့။”ဟု လယ်သမားတစ်ဦးကပြောသည်။

ရွှေဘိုခရိုင်အတွင်းရှိ စပါးခင်းများမှာ ဆည်ရေသောက်များဖြစ်သော်လည်း အာဏာသိမ်းပြီးကတည်းက စစ်ကောင်စီက ရေပေးဝေခြင်းလည်းမပြုလုပ်နိုင်တော့ပေ။

သို့သော်တောင်သူလယ်သမားများက လက်မ​လျှော့ကြပါ။ တောင်သူလယ်သမားအချင်းချင်း အထက်မှအောက်သို့ချိတ်ဆက်၍ ရေပေးဝေကာ စိုက်ပျိုးခဲ့ကြကြောင်း ​ဒေသခံ​တောင်သူအချို့ကပြောသည်။

မြန်မာနိုင်ငံတွင် စားနပ်ရိက္ခါအတွက် ဆန်စပါးစိုက်ပျိုးပေးသော တောင်သူလယ်သမားများအား​ရှေးအစဥ်အဆက်ကတည်းက ကျေးဇူးရှင်ကြီးများဟုပင် သက်မှတ်ခဲ့ကြသည်။ သို့သော် လက်တွေ့တွင်တော့ ထိုကျေးဇူးရှင်များမှာ ထွက်ပြေးတိမ်းရှောင်နေရသည်။ ကျဥ်းထဲကြပ်ထဲကြား၊ ဗုံးသံသေနတ်သံများကြားမှ စပါးစိုက်နေကြသည်။

အာဏာလုစစ်​ကောင်စီက လက်နက်ခဲယမ်းနှင့်​လေယာဥ်ဖြင့် ဗုံးကြဲနိုင်ရန် ​​လေယာဥ်ဆီများဝယ်ယူ​ရေး ​ဒေါ်လာမှာအသက်တမျှအ​ရေးကြီး၍ ​ဒေါ်လာများများရရန် ပြည်ပသို့ ဆန်တင်ပို့မှုကို ဝယ်သူရှိသ​လောက်တိုးပို့ပြီး​ဒေါ်လာရှာ​​နေသည်။စစ်ကောင်စီနှင့် ဆန်စပါးအသင်းချုပ်တို့က ၂၀၂၂-၂၃ ဘဏ္ဍာနှစ်တွင် ပြည်ပကို ဆန်တန်ချိန် ၂သန်း​ကျော်တင်ပို့ပြီး ဒေါ်လာ သန်း ၈၅၀ရရှိခဲ့သည်။ ယခုဘဏ္ဍာနှစ် ၂၀၂၃-၂၄ တွင်လည်း ဆန်တန်ချိန် ၂သန်းခွဲတင်ပို့ကာ ဒေါ်လာ တစ်ဘီလီယံရရှိရန် ဆိုကာ ပြည်ပသို့ ဆန်များတိုးပို့နေသည်။

သို့​သော် မြန်မာနိုင်ငံ၏ ဒုတိယစပါးကျီ စစ်ကိုင်းတိုင်းတွင်မူ ​တောင်သူလယ်သမားများ၏ စပါးဂို​ဒေါင်များကိုပင် စစ်တပ်ကဖျက်ဆီးပြီး စစ်​ကြောင်းထိုးလျှင် စပါးစိုက်သူပင်မ​ရှောင် ဖမ်းဆီး ပစ်ခတ်အကြမ်းဖက်​နေခြင်းဖြစ်သည်။ စစ်တပ်စစ်​ကြောင်းများ​ကြောင့် စပါးမစိုက်ရ​သော လယ်ယာ​​မြေ များစွာရှိ​ကြောင်းလည်း ​ဒီပဲယင်းနယ်မှ ​ဒေသခံအချို့က​ပြောသည်။

“ကျွန်တော်တို့ ဒီဘက်ဒေသတွေကတော့ တောင်သူပဲ လုပ်စရာရှိတာဆိုတော့ စားဝတ်နေရေးအဆင်ပြေဖို့အတွက်က ဒါမလုပ်ရင်လည်း အဆင်မပြေဘူးလေ။”ဟုတောင်သူတစ်ဦးက ပြောသည်။

သို့သော် ကိုယ့်လယ်အလုပ်ဖြောင့်ဖြောင့်မလုပ်ကြ၍ စိုက်သာစိုက်နေရသော်လည်း မည်သူမျှ စိတ်မပါကြ။

“မဖြစ်လို့သာလုပ်နေကြရတာစိတ်ကတော့မပါကြဘူး။ ကိုယ်လုပ်ထားတာလေးတွေ သေချာပါ့မလားပေါ့။”ဟု တောင်သူတစ်ဦးက ရင်ဖွင့်သည်။

သည်လောက် တအုန်းအုန်းတဒိုင်းဒိုင်းတွေကြားမှ စပါးကိုမဖြစ်ဖြစ်အောင် စိုက်နေကြ၍ ၎င်းတို့နယ်တွင်စပါးအထွက်နှုန်း သိသိသာသာကျသွားခြင်းမျိုးမရှိဟု ရွှေဘိုခရိုင်မှ တောင်သူလယ်သမားအချို့က ဆိုသည်။

“စပါးအထွက်နှုန်းက သိပ်တော့မကျဘူးဗျ။ ပြေးလိုက် ပြန်လုပ်လိုက်ပေါ့ဗျာ။ မြေဆီကြဲချိန် လာကြဲလိုက်၊ ဆိုးဆိုးရွားရွားကြီးတော့ ဖြစ်မသွားဘူးဗျ။”ဟု တောင်သူလယ်သမားကြီး ဦးဖိုးသာ(အမည်လွှဲ)က ပြောသည်။

သို့သော် စိုက်ပြီးပျိုးပြီးလည်း စိတ်မချရသေးပါ။ စစ်ကောင်စီတပ်က နေအိမ်များအပြင် စပါးကျီများကိုပါ ရည်ရွယ်ချက်ရှိရှိ မီးတင်ရှို့နေ၍ ဖြစ်သည်။

“ခုဟာက စပါးကျီတွေလည်း မီးနဲ့ပိတ်ရှို့တာဆိုတော့ ကျွန်တော်တို့နားပတ်ဝန်းကျင်ဆို တော်တော်များတယ်”ဟု တောင်သူလယ်သမားတစ်ဦးက ပြောသည်။

ဇူလိုင်လကုန်တွင် နွေစပါးပေါ်သည်။ ထားနိုင်လေ စျေးကောင်းရသည်။ သို့သော်မည်သူမျှ ကြာကြာမထားရဲကြ။

“နွေစပါးတွေလည်း အကုန်ရောင်းရတယ်။ ပေါ်ပေါ်ခြင်း၊ သိပ်မထားရဲကြတဲ့အခါကျတော့ သုံးပုံတစ်ပုံ၊ လေးပုံတစ်ပုံ ဒီလောက်ပဲ ကျန်ကြတော့တာ။ တောင်သူတွေ လက်ထဲလေ။”ဟု ဒေသခံတောင်သူလယ်သမားတစ်ဦးက ပြောသည်။

သို့သော် မည်သို့ပင်ဖြစ်စေ သူတို့၏အသက်မွေးဝမ်းကျောင်း စပါးစိုက်တောင်သူလယ်သမားဘဝတွေကိုတော့ စွန့်ခွာမသွားကြပေ။ တစ်သက်လုံးလုပ်လာသည့်ထွန်ကိုချကာ မြို့ပေါ်တက်အလုပ်လုပ်ဖို့ဆိုသည်မှာလည်း မလွယ်တော့ပေ။

“တောင်သူရိုးရာက မွေးကတည်းကလုပ်လာတာဆိုတော့ ဘယ်လိုပဲဖြစ်ဖြစ် ဒါလေးပဲ အသက်မွေးဝမ်းကျောင်းပြုပြီး ဒီအတိုင်းပဲနေမယ်လို့ စိတ်ကူးတယ်။ မြို့ပေါ်တက်ဖို့ဆိုတာကလည်း ကျွန်တော်တို့တောသူတောင်သားတွေအနေနဲ့ လက်လှမ်းမမီဘူးဗျ။ ဒါကြီးတော့ ပြီးသွားစေချင်တာပေါ့ဗျာ။ ကိုယ့်လုပ်ငန်းလေးကို အေးအေးဆေးဆေးလေး ဖြောင့်ဖြောင့်တန်းတန်းလေး လုပ်စားရရင်တော့ ပိုပြီးတော့ အဆင်ပြေတာ​ပေါ့ဗျာ။”ဟု ဦးဖိုးသာက ပြောသည်။

ယခုတော့ ဦးဖိုးသာတို့ တောင်သူလယ်သမားများပြေးရင်းလွှားရင်းနှင့် မိုးစပါးများ စိုက်ပျိုးပြီးစီးခဲ့လေပြီ။

“ပြေးရင်းလွှားရင်းနဲ့ ပြီးသလောက်တော့ဖြစ်နေပါပြီ။ ကြောက်ကြောက်လန့်လန့်ပေါ့ဗျာ”ဟု ဦးဖိုးသာက ဆိုလေသည်။ ။

ဆက်စပ်သတင်းများ

ဆောင်းပါး

စစ်အုပ်စုဟာနိုင်ငံတစ်ဝန်းခုခံ​တော်လှန်မှု​တွေကို တိုက်ခိုက်နိုင်ဖို့ စစ်တပ်ရဲ့ အဓိကအားသာချက်ဖြစ်တဲ့ ​လေ​ကြောင်းက​နေတိုက်ခိုက်ဖို့ ​လေယာဥ်ဆီ၊ လက်နက်ခဲယမ်း ၊​ခေတ်မီ စစ်အသုံးအ​ဆောင်​တွေဝယ်ယူနိုင်ဖို့အတွက် ​ဒေါ်လာနဲ့ နိုင်ငံခြား​ငွေ အမြဲလိုအပ်​နေတာဖြစ်ပါတယ် ။

သတင်း

ပြည်တွင်း၌ ဆန်​ဈေးတက်ပြီး ပြည်သူအများစုစားဝတ်​နေ​ရေး ခက်ခဲ​နေချိန်တွင် စစ်ကောင်စီက နိုင်ငံခြားငွေရရှိရန် ဆန် ပြည်ပတင်ပို့မှုကို တိုး၍ တင်ပို့နေသည်။

သတင်း

စစ်ကြောင်းအသီးသီးမှ တွေ့ရှိခဲ့သော အချက်အလက်များအရ စစ်အုပ်စုဝင် ၁၀ ဦးခန့်သေဆုံးပြီး ၁၅ ဦးခန့် ဒဏ်ရာရရှိကြောင်း PLA ခန့်မှန်းထားသည်။

သတင်း

ကျဆုံးရဲဘော် နှစ်ဦးမှာ ရဲဘော်ချစ်တိုးနှင့် ရဲဘော်မှတ်ကြီးတို့ဖြစ်ပြီး သတ်ဖြတ်ခံရသည့် ပြည်သူ နှစ်ဦးမှာ ကိုမောင်မောင်နှင့် မယဉ်အေးတို့ဖြစ်ကြောင်း ဒီပဲယင်းမြို့နယ်ညီနောင်များအဖွဲ့က ပြောသည်။