Connect with us

Hi, what are you looking for?

LuduNwayOo

ဆောင်းပါး

အလုပ်ခေါ်စာတွေ့တိုင်းလည်း မယုံလိုက်ပါနဲ့

စစ်တပ်ဟာ စစ်သားစုဆောင်းဖို့ အွန်လိုင်းကနေ အလုပ်အကိုင်ခေါ်စာတွေနဲ့ လိမ်လည်ခေါ်ယူတာတွေ အများကြီးရှိနေတယ်လို့ သူကပြောပြတယ်။

အလုပ်ခေါ်စာတွေ့တိုင်းလည်း မယုံလိုက်ပါနဲ့
အလုပ်ခေါ်စာတွေ့တိုင်းလည်း မယုံလိုက်ပါနဲ့

ပြည်တော်ဝင်/People’s Spring

စစ်ကောင်စီအာဏာသိမ်းပြီးနောက်ပိုင်း စီးပွားရေးကျပ်တည်းလာလို့ ပြည်သူ​တွေဟာ ဆိုးရွားတဲ့ အလုပ်အကိုင်တွေရှားပါးမှုတွေ ကြုံနေရတယ်။ ပြည်ပထွက်ဖို့လည်း ငွေကြေးမတက်နိုင်၊ အဆက်အသွယ်လည်းမရှိကြသူတွေကတော့ ရန်ကုန်၊ မန္တလေးလို မြို့ကြီးတွေဆီတက်ပြီး အလုပ်ရှာဖွေကြရတယ်။ ကံဆိုးတာက သူတို့လို အလုပ်လိုအပ်သူတွေကို အသုံးချပြီး လိမ်လည်နေသူတွေ အများအပြား ရှိနေတာပါပဲ ။

မန္တလေးမြို့မှာတော့ အလုပ်လာရှာတဲ့လူငယ်တွေကို ပစ်မှတ်ထား လိမ်လည်နေတဲ့ အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီအတုတွေ အများအပြား ပေါ်ပေါက်လာတယ်လို့ အလုပ်ရှာဖွေနေကြသူတွေက ပြောပါတယ်။

အေဂျင်စီအတုတွေဟာ သားကောင်ကိုဘယ်လိုဖမ်းသလဲဆိုတော့ Facebook အပါအဝင် အင်တာနက်လူမှုကွန်ရက်ကနေ အလုပ်ခေါ်စာအတုတွေ ရေးတင်ပါတယ်။ အလုပ်ရှာဖွေရေး Facebook group တွေထဲမှာ မက်လောက်တဲ့လစာ၊ ရာထူးနဲ့ အလုပ်အကိုင်နေရာအများအပြားကို ရေးသားပြီး ခေါ်ယူကြပါတယ်။

Public Service Announcement

Public Service Announcement

ကိုယ်ကလျှောက်မယ်ဆိုရင် ဖုန်းနဲ့ဆက်သွယ်ပြီး သူတို့ရုံးကိုသွားရပါတယ်။ ရုံးလို့သာအမည်တပ်ထားတာ အမှန်တကယ်တော့ဆိုင်ခန်းကျဥ်းကျဥ်းလေးတွေသာဖြစ်တယ်လို့ လျှောက်ထားဖူးသူတွေက ပြောပြတယ်။

“ရုံးအင်္ဂါရပ်ကို မရှိတာ။ စားပွဲလေးနှစ်လုံးသုံးလုံးနဲ့ လူလေးလေးငါးယောက်နဲ့လုပ်နေတာ။”လို့ အလုပ်လျှောက်ထားဖူးသူ ကိုမြင့်(အမည်လွှဲ)က ပြောပါတယ်။

သူတို့ရုံးရောက်ပြီဆိုတာနဲ့ လျှောက်လွှာဖိုး တစ်သောင်းအရင်သွင်းရပါတယ်။ အလုပ်ကဘယ်ဆီနေမှန်းမသိသေးပေမယ့် ကိုယ့်အိတ်ကပ်ထဲက ငွေတစ်သောင်းအရင် ကုန်ခဲ့ကြပါတယ်။

အင်တာဗျူးခေါ်ပေးတဲ့အချိန် ဇာတ်လမ်းစပါပြီ။ သူတို့ကြေညာထားတုန်းက ရေးထားတဲ့လစာတွေ၊ ခံစားခွင့်တွေ ဘာမှမရတဲ့အလုပ်တွေဖြစ်နေတယ်လို့ အလုပ်ရှာသူတွေက ပြောပြတယ်။ ကြေညာတုန်းကလစာသုံးသိန်းခွဲလေးသိန်း၊ တကယ်တမ်းအင်တာဗျူးတော့လစာတစ်သိန်းတောင်မပြည့်တဲ့ အလုပ်တွေ ဖြစ်နေတယ်လို့ အလုပ်ရှာခဲ့သူတွေက ပြောပါတယ်။

“စာအုပ်ချူပ်စက်ရုံအတွက်ဆိုပြီး​ ရေးထားတာက လစာ ၂ သိန်းကျော် ၃သိန်း၊ တကယ်သွားလျှောက်တော့ တစ်သိန်းသုံးသောင်းပဲရမယ်ပြောတာ။”လို့ အလုပ်သွားလျှောက်ခဲ့သူတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် အေဂျင်စီအတုတွေဟာ အမှန်တကယ်မရှိတဲ့ရုံးတွေ၊ ဆိုင်တွေကို ဖန်တီးကာ အလုပ်ခေါ်နေသယောင်လည်း လုပ်တတ်ကြောင်း အလုပ်ရှာသူတွေက ပြောပြတယ်။

“စတိုးဆိုင်အရောင်းဆိုပြီး သူတို့ပြောတဲ့နေရာသွားကြည့်တာ ဆိုင်ကမဖွင့်ထားတဲ့အပြင် ဆိုင်းဘုတ်လဲမရှိပါဘူး။”လို့ လူငယ်တစ်ဦးက အ​တွေ့အကြုံကို ပြောပြပါတယ်။

ဒါ့အပြင် အင်တာဗျုးမခေါ်ပေးတဲ့အေဂျင်စီတွေလည်းအများအပြားရှိတယ်လို့ အလုပ်ရှာဖွေခဲ့သူများက ပြောပါတယ်။

“ပိုက်ဆံတောင်းပြီး အလုပ်ကိုဟိုလွှဲလိုက်ဒီလွှဲလိုက်နဲ့ အေဂျင်စီခတစ်သောင်းလည်း ရှုံးပါတယ်။ အိုးဝေခ( သုံးဘီးဆိုင်ကယ် ငှားခ) တွေ အကုန်ရှုံးပါတယ်။ လစာလည်းပြောသလိုမပါဘူး။ ကိုးသောင်းလောက်ပဲရတာပါ။”လို့ လူငယ်အမျိုးသားတစ်ဦးက ပြောပါတယ်။

“သူတို့ဖောင်ကြေးရရင်ပြီးရော ဟိုရောက်တော့အလုပ်ပိုင်ရှင်ဆီလဲဖုန်းပေးမပြောဘူး။ လစာဘယ်လောက်ရလဲမပြောဘူး။ အလုပ်မရတဲ့အပြင်ပါတဲ့ ပိုက်ဆံကုန်ပြီး ဖုန်းပေါင်လိုက်ရတာပဲအဖက်တင်တယ်။ဒုက္ခရောက်လို့ကောကရိုးတမျှင်လေးရမလားဆိုတဲ့သူတွေကို ပိုဒုက္ခရောက်အောင်လုပ်နေတာပါ။”လို့ နယ်ကနေ မန္တလေးမြို့ပေါ်အလုပ်လာရှာတဲ့ ကိုအောင်(အမည်လွှဲ)က ပြောပါတယ်။

အေဂျင်စီအတုတွေရဲ့ အဓိကရည်ရွယ်ချက်ကို သိသာစေတဲ့အချက်​တွေကို ​ပြောပြပါမယ်။ သူတို့အေဂျင်စီရုံးတွေမှာ ဝင်လုပ်ဖူးသူတွေရဲ့ပြောပြချက်အရ ဝန်ထမ်းတွေကို လစာ၂သိန်း၊ရက်မှန်ကြေး၂​သောင်းပေးမယ်လို့ သိရတယ်။

အလုပ်တာဝန်ကတော့ Facebook မှာ အလုပ်ကြေညာစာ Post တင်ခိုင်းပြီးလူရှာရတာပါ။ အဲဒီမှာလစာက ဘယ်လိုပေးမလဲဆိုတော့ လူအယောက်ငါးဆယ်အလုပ်လာလျှောက်အောင် ရှာရမယ်တဲ့။ တစ်ယောက်ကိုတစ်သောင်းနှုန်းနဲ့လူအယောက်ငါးဆယ် ငါးသိန်းရအောင်ရှာခိုင်းပြီး ရမှ လစာနှစ်သိန်းပေးမယ့်သဘောလို့ ဝင်လုပ်ဖူးသူတွေက ပြောပြတယ်။

“လိမ်တဲ့အလုပ်မလုပ်ချင်တာကြောင့် ထွက်လိုက်တယ်။ ရုံးတစ်ရက်ထဲတက်ပြီးသိခဲ့ရတာ။အလိမ်အညာအလုပ်အကိုင်ရှာဖွေရေးတွေ။”လို့ ဝင်ရောက်လုပ်ကိုင်ခဲ့ဖူးသူ အမျိုးသားတစ်ဦးက ပြောပြတယ်။

အလုပ်ရှာဖွေသူတွေဟာ အေဂျင်စီအတုတွေရဲ့ အန္တရာယ်တင်မကပါဘူး။ နောက်ထပ်အကြီးမားဆုံးသော အန္တရာယ်ကြီးတစ်ခု ရှိနေပါသေးတယ်။ အဲဒါကတော့ အာဏာသိမ်းစစ်တပ်ရဲ့ အလုပ်ခေါ်စာအတုတွေပါပဲ။

တိုက်ပွဲတိုင်းကျရှုံးမှုတွေများနေတဲ့ စစ်ကောင်စီတပ်ဟာ Facebook လူမှုကွန်ရက်မှာ အလုပ်ခေါ်စာအတုတွေခေါ်ပြီး တပ်ထဲဆွဲသွင်းတာတွေ ရှိနေပါတယ်။

အထင်ရှားဆုံး သက်သေသာဓက ကတော့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ(၉)ရက်နေ့က MDY PDFကို အလင်းဝင်လာခဲ့တဲ့ စစ်ကောင်စီတပ်သားတစ်ဦးဟာ စစ်တပ်ရဲ့ လိမ်လည်အလုပ်ခေါ်စာကြောင့် တပ်ထဲဆွဲသွင်းခံလိုက်ရတဲ့သူတစ်ဦးပါ။

“စုဆောင်းရေးက Facebook ပေါ်မှာ Post တွေတင်တာ အလုပ်ခေါ်စာတို့။ အစိုးရအင်ဂျင်နီယာမှ ဝန်ထမ်းခေါ်ယူခြင်းတို့။ ကျွန်တော်က အပြင်မှာ ယန္တရားမောင်းတာကိုး။ ယန္တရားမောင်းတဲ့လက်မှတ် Certificate လိုချင်တော့ သူတို့က ခြောက်လတက်ရင် Certificate ထုတ်ပေးတယ်ဆိုတော့ သွားတက်လိုက်တာ။ တကယ်တမ်းရောက်သွားတာက ယန္တရားမောင်းသင်တန်းမဟုတ်ဘဲ စစ်အခြေခံသင်တန်းဖြစ်နေတယ်။ အဲဒီမှာတက်ပြီးတော့ စစ်ထဲရောက်သွားတာ ဘုမသိဘမသိနဲ့။”လို့ အဲဒီ တပ်သားက ပြောပါတယ်။

စစ်တပ်ဟာ စစ်သားစုဆောင်းဖို့ အွန်လိုင်းကနေ အလုပ်အကိုင်ခေါ်စာတွေနဲ့ လိမ်လည်ခေါ်ယူတာတွေ အများကြီးရှိနေတယ်လို့ သူကပြောပြတယ်။

“သူတို့က ပိုက်ဆံပိုပေးတဲ့တပ်ကိုရောင်းတာ။ တရားဝင်လူကုန်ကူးတာ။ ဘယ်သူ့မှလည်း တိုင်လို့လည်းမရဘူး။ အလုပ်ခေါ်စာတွေတွေ့တိုင်းလည်း မယုံပါနဲ့လို့။”လို့ အဲဒီတပ်သားက အကြံပြုလိုက်ပါတယ်။ ။

ဆက်စပ်သတင်းများ