Connect with us

Hi, what are you looking for?

ဆောင်းပါး

အိမ်​နောက်​ဖေး​ရောက်လာသည့် လူကုန်ကူးအန္တရာယ်

ယိုင်နဲ့နေသော ဝါးတံတားလေးပေါ်တွင် နှုတ်ခမ်းနီရဲနေအောင်ဆိုးထားပြီးအလှပြင်ထားသည့် ဆယ်ကျော်သက်အရွယ်ကျောင်းသူလေးနှစ်ဦးက အမျိုးသားတဦးအလိုကြ လမ်း လျှောက်ပြနေကြသည်။

ကဖေး/People’s Spring

ယိုင်နဲ့နေသော ဝါးတံတားလေးပေါ်တွင် နှုတ်ခမ်းနီရဲနေအောင်ဆိုးထားပြီးအလှပြင်ထားသည့် ဆယ်ကျော်သက်အရွယ်ကျောင်းသူလေးနှစ်ဦးက အမျိုးသားတဦးအလိုကြ လမ်း လျှောက်ပြနေကြသည်။

တံတားပေါ်မှတဆင့် သူတို့၏ ကျူး ကျော်တဲအိမ်အဝအရောက်တွင် မျက်စိအစာကျွေးသူ အမျိုးသား၏ ချီးကျူးသံစူးရှရှထွက်ပေါ်လာသည်။

” သဘောကျသွားပြီ” ဟု တရုတ်စကားပြန်အမျိုးသမီးက ပြောလိုက်သည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ” သိပ်လှတော့ကြည့်မဝဘူး” ဟု အဆိုပါအမျိုးသားက စကားပြန်မှတစ်ဆင့် ပြောသည်။

အဆိုပါမြင်ကွင်းက ရန်ကုန်တိုင်း၊ ဒလမြို့နယ်ရှိ ကျူးကျော်ရပ်ကွက်တစ်ခုမှ ဖြစ်သည်။

ဖုန်းကင်မရာဖြင့်ရိုက်ကူးနေပြီး သူ့မျက်နှာကိုမူမပြသူကတရုတ်နိုင်ငံသားတဦးဖြစ်သည်။

ကျောင်းသူလေးနှစ်ဦး၏ မိခင်၊ ဆွေမျိုးသားချင်းများနှင့် အိမ်နီးချင်းများအလယ်တွင်စကားပြန်အားကိုးဖြင့် ပွဲခံနေခြင်းဖြစ်သည်။ ကျောင်းသူလေးနှစ်ဦးက မျက်လုံးလေးကလည် ကလည်ဖြင့် ဘုမသိဘမသိဖြစ်နေဟန်ပေါ်သလို တရုတ်နိုင်ငံသား၊ စကားပြန်နှင့် မိခင်ဖြစ်သူအပါအဝင် ဆွေမျိုးအချို့ ​​ပြောသည့်အတိုင်း လိုက်ပါလုပ်ဆောင်နေသည်။

အိမ်နေရင်းဝတ်စုံဖြင့်နေထိုင်စဉ် အဖြူအစိမ်းဝတ်ရခြင်းမှ နှုတ်ခမ်းနီကို ရဲပတောင်းခတ်အောင်ဆိုးခြင်းအထိ တရုတ်နိုင်ငံသား၏ အလိုကျအတိုင်း လုပ်ဆောင်ရခြင်းဖြစ်သည်။

အသက် ၁၅နှစ် အောက်အရွယ်ကျောင်းသူနှစ်ဦးနှင့်မိသားစုဝင်များကို တရုတ်နိုင်ငံသားကမုန့်ဖိုးဟုဆိုကာ ငွေစက္ကူအချို့​​ပေး၍ စကားပြန်မှတတစ်ဆင့် စည်းရုံးနေသည့် အထက်ပါအကြောင်းအရာများပါသော ရုပ်သံဖိုင်သည် ယခုရက်ပိုင်း လူမှုကွန်ရက်၌ပျံ့နှံ့‌ နေသည်။

Tittok လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် ၎င်း၏သူငယ်ချင်းများကတွေ့ပြီး ရုပ်ရည်ချောမော၍လာကြည့်ခြင်းဖြစ်ပြီး ၊ဓါတ်ပုံရိုက်ချင်၍ဖြစ်​ကြောင်း​ပြောသည်။ သူ့ကိုယုံကြည်ရန်နှင့် သူကလူကောင်းဖြစ်ကြောင်း စကားပြန်မှတစ်ဆင့် တရုတ်နိုင်ငံသားက ပြောဆိုစည်းရုံးနေသည်ကို​ကြားရသည်။

ထိုလုပ်ရပ်သည်အသက်မပြည့်သေးသည့်ကျောင်းသူလေးနှစ်ဦးအား တရုတ်နိုင်ငံသားက ငွေကြေးဖြင့် မက်လုံးပေး၍ တရုတ်မယားအနေဖြင့် လူကုန်ကူးရန်ကြိုးစားနေခြင်းဖြစ်​ကြောင်းအမျိုးသမီးများအရေးဆောင်ရွက်နေသူများက​ရော ၊ ​​လူမှုကွန်ယက်က ဝေဖန်သည်။

“သူက ကလေးတွေကို ပုံစံမျိုးစုံနဲ့ဓာတ်ပုံရိုက်တယ်။ ပြီးရင်သင့်သူငယ်ချင်းတွေကိုပြမယ်။ အဲဒီနောက်မှာဘာမဆိုဖြစ်နိုင်တယ်။မတားဆီးနိုင်ရင် ကလေးတွေအတွက်အန္တရာယ်ကြီးတယ်” ဟု စစ်ကောင်စီအာဏာမသိမ်းခင်က လူကုန်တားရဲတပ်ဖွဲ့၊ လူမှုဝန်ထမ်းဌာနတို့နှင့်အတူ လူကုန်ကူးမှုတားဆီးနှိမ့်နင်း ရေးပူးပေါင်းဆောင်ရွက်ခဲ့သည့် အဆိုပါအမျိုးသမီးကပြောသည်။

တရုတ်နိုင်ငံသားက ဓါတ်ပုံရိုက်ခဲ့​သော ကျောင်းသူနှစ်ဦးရှိသည့် နေရာသည် ဒလမြို့နယ်၊ ကမာရွာဖြစ်သည်ဟု ဒေသခံလူငယ်တဦးကပြောသည်။

” အဲ့တရုတ်ကို မမြင်ချင်အဆုံးဖြစ်နေပြီ။ ခေတ်ကာလမကောင်းတော့ ဘယ်သူမှလည်းဝင်မပြောကြသလို ပြောဖို့ဦးနှောက်လည်းမရှိကြဘူး”ဟု ယင်းလူငယ်ကပြောသည်။

ကျောင်းသူနှစ်ဦး၏မိဘများသည် ဆင်းရဲနွမ်းပါးကြသည်။ အိမ်သည် အလွန်ကျဉ်းပြီး နွေခေါင်ခေါင်၌ပင် ရေဝပ်နေသည့်နေရာ၌ရှိသည်။ အိမ်ထဲသို့ဝင်ရန် လူတက်ိုယ်စာသာ သွား၍ရသည့် ခနော်နီခနော်နဲ့ ဝါးတံတားကိုဖြတ်ရသည်။ အိမ်အမိုးများသည် သွပ်ဖာတိပ်ဖြင့်အထပ်ထက် ဖာထားသည်။ ဖိနပ်ချွတ်သည် ပန်းကန်ဆေးသည့်နေရာဖြစ်သည်။

” ကျူးကျော်ရပ်ကွက်မှာနေတာ”

” သူတို့(ကျောင်းသူ)အဖေက ဆိုက်ကားနင်းတာ”

“ဒီနေ့ဆိုသုံးထောင်ပဲရတယ်” ဟုကျောင်းသူ၏

မိခင်ကလည်း စကားပြန်မှတစ်ဆင့် တရုတ်နိုင်ငံသားအား ပြန်ပြောနေသည်ကို ရုပ်သံ၌တွေ့ရသည်။မိခင်ဖြစ်သူရော ဆွေမျိုးသားချင်းများကပါ သမီးနှစ်ဦး၏ အန္တရာယ်ကို အကဲခတ်နိုင်ပုံမပေါ်ပေ။

စကားပြန်ဖြင့် ရောက်ရှိလာသည့် လူစိမ်းတရုတ်နိုင်ငံသားကို ပြုံးပြုံးရယ်ရယ်ဧည့်ခံနေသည်။

အဆိုပါတရုတ်နိုင်ငံသားက ကျောင်းသူနှစ်ဦးအပြင် ဆွေမျိုးသားချင်းများကိုပါ ပိုက်ဆံလိုက်ပေးနေပြီး သစ်သီးများ၊ မုန့်များလည်း ဝယ်ပေးနေသည်ကိုတွေ့ရသည်။

ထို့အပြင် ကျောင်းသူနှစ်ဦးကိုလည်း အဝတ်အစားများ ပြောင်းဝတ်ခိုင်း၍ ဓာတ်ပုံရိုက်နေသည်ကိုလည်း တွေ့မြင်ရသည်။အဆိုပါရုပ်သံဖိုင်များသည် လူမှုကွန်ရက်၌ပျံ့နှံ့နေသည်မှာ ၅ ရက်ရှိလာပြီဖြစ်ပြီး နောက်ဆက်တွဲရုပ်သံဖိုင်များ ဆက်လက်ထွက်ပေါ်နေသည်။

” ဆင်ခြေဖုန်းရပ်ကွက်ထဲထိ ဆင်းပြီး အမျိုးသမီးတွေကို မဝယ်ခင် Product ကို Quality Check လုပ်နေတာ” ဟု လူမှုကွန်ရက်သုံးစွဲသူတစ်ဦးက မှတ်ချက်ပြုသည်။

ထို့အပြင် စစ်ကောင်စီလက်အောက်ခံရဲတပ်ဖွဲ့အပြင် စစ်ကောင်စီဝါဒဖြန့်ချိရေးလူမှုကွန်ရက်စာမျက်နှာများကလည်း အဆိုပါဖြစ်စဉ်ကိုရေငုံနှုတ်ပိတ်လုပ်နေကြောင်း ဝေဖန်မှုများရှိနေသည်။

“လုံးဝကိုတရားဝင်နော်။ သနပ်ခါးလိမ်းရင် ဖမ်းဖို့ချောင်းနေတဲ့ ဟန်ငြိမ်းဦးတောင် ဒီကိစ္စဘာမှမပြောရဲဘူး။ ဒါက အမျိုးသားရေးကိစ္စဆိုတော့ သူလည်း လက်ရှောင်တာပေါ့” ဟု လူမှုကွန်ရက်သုံးစွဲသူတစ်ဦးက ရေးသားထားသည်။

အာဏာလက်မလွတ်ရရေးအတွက် တရုတ်အစိုးရကြိုးဆွဲအရုပ်ဖြစ်လာ​သော စစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်း လူကုန်ကူးမှုများ ဖြစ်ချင်သလိုဖြစ်​နေခြင်းအား မသိကျိုးကျွန်ပြုထားသည်ကို အမျိုးသားရေးကိစ္စဟု သုံးနှုန်းလိုက်ခြင်းဖြစ်သည်။

အထက်ပါဖြစ်ရပ်သည် မြန်မာမိန်းက​လေးငယ်များအတွက် လူကုန်ကူးမှုအန္တရာယ်မည်မျှကြီးမားလား​ကြောင်းကို မီး​မောင်းထိုးပြ​နေသည်။ ယခုဖြစ်ရပ်သည် လူမှုကွန်ယက်တွင် အုတ်​အော်​သောင်တင်းဖြစ်သွား၍သာ စစ်​ကောင်စီက ​နေမရ​တော့ဘဲ ​နောက်ဆုံးတွင် အဆိုပါတရုတ်နိုင်ငံသားနှင့် စကားပြန်များကို စုံစမ်း၍ ဒလမြို့နယ်ရဲစခန်းတွင် အမှုဖွင့်သည်ဟု ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ လူမှုကွန်ယက်တွင် မပျံ့နှံဘဲ လူသိနည်းခဲ့ပါက အ​ခြေအ​နေမှာ ယခုကဲ့သို့ဖြစ်မည်မဟုတ်​ပေ။

ထိုအပြင် လူမသိ၊ သူမသိ လူကုန်ကူးခံလိုက်ရ​သောဖြစ်ရပ်များမည်မျှပင် များ​နေပြီး အ​ခြေအ​နေဆိုး​နေသည်ကိုမသိနိုင်​ပေ။

မြန်မာနိုင်ငံတွင် စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း တရုတ်မယားအဖြစ် အရောင်းအဝယ်ပြုလုပ်သည့်စျေးကွက်ကြီးမားနေသလို လူကုန်ကူးမှုများလည်းပိုဆိုးလာသည်။ အမေရိကန်အစိုးရက ၂၀၂၄ ခုနှစ်က ထုတ်ပြန်သည့် နိုင်ငံတကာလူကုန်ကူးမှုအစီရင်ခံစာတွင် မြန်မာနိုင်ငံကို အဆိုးဆုံးအဆင့် Tier 3 ၌ဆက်လက် သတ်မှတ်ထားပြီးလူကုန်ကူးမှုများ၌ အစိုးရကိုယ်တိုင် ပါဝင်ပတ်သက်သည့်နိုင်ငံ ၁၃ နိုင်ငံစာရင်း၌ ထည့်သွင်းခဲ့သည်။

အမေရိကန်၏ အဆိုပါအစီရင်ခံစာကို စစ်ကောင်စီက နိုင်ငံရေးနှင့်ယှဉ်၍ တုံ့ပြန်လေ့ရှိသည်။

ဥပမာ စစ်တပ်အာဏာသိမ်းပြီးနောက် ၂၀၂၂ခုနှစ်က လူကုန်ကူးမှု အဆိုးဆုံးအဆင့် Tier 3 သတ်မှတ်ခဲ့သည့် အစီရင်ခံစာကို စစ်ကောင်စီက ၎င်းတို့၏ ဝါဒဖြန့်ချိရေးစာမျက်နှာများမှတစ်ဆင့် ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့သည်။ အမေရိကန်သည် ရေမှုတ်တစ်ဖက် မီးစတစ်ဖက် ဖြင့်ကမ္ဘာ့နိုင်ငံရေး၊ စီးပွားရေးအမြတ်ထုတ်ရန် ကြိုးစားနေသည်ဟု ၂၀၂၂ နိုဝင်ဘာလ ၁၁ရက်တွင် ထုတ်ပြန်ခဲ့သည်။

သို့သော် နိုင်ငံရေးရောစစ်ရေးပါအထိနာနေချိန် ၂၀၂၄ ခုနှစ်တွင်မူ အမေရိကန်အစိုးရ၏ အစီရင်ခံစာပါအကြံပြုချက်များကို လိုက်နာဆောင်ရွက်နေကြောင်း ထုတ်ပြန်ခဲ့ပြန်သည်။

တရုတ်မယားအနေဖြင့် လူကုန်ကူးသည့်ဖြစ်စဉ်များနှင့်ပတ်သက်၌လည်း နိုင်ငံရေးရေချိန်နှင့်ယှဉ်၍သာ တုံ့ပြန်နေသည်ဟု လူအခွင့်အရေးနှင့် လူကုန်ကူးသူများအရေးကူညီဆောင်ရွက်နေသူတချို့ကပြောသည်။

ပြီးခဲ့သည့်၂၀၂၄ အောက်တိုဘာလက မန္တလေးမြို့ကျုံးရှေ့တွင် အမျိုးသမီးတစ်ဦးရိုက်ကူးထားသည့်ဗီဒီယိုဖိုင်တစ်ဖိုင် ထွက်ပေါ်ခဲ့ဖူးသည်။ တရုတ်ဇနီးမယားအနေဖြင့် လုပ်ကိုင်သူသူများ ၎င်းထံဆက်သွယ်ရန် ပြောထားခြင်းဖြစ်သည်။ လူသိများထင်ရှားသည့်နေရာ၌ ပေါ်ပေါ်တင်တင် လူကုန်ကူးရန်ကြေညာခြင်းဖြစ်သည်။

လူထုက ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့သော်လည်း စစ်ကောင်စီက ငြိမ်ချက်သားကောင်းခဲ့သည်။ တစ်လခန့်အကြာမှသာ အဆိုပါအမျိုးသမီးအပါအဝင် လူကုန်ကူးသူအချို့အားဖမ်းဆီးထားကြောင်း သတင်းထုတ်ပြန်လာသည်။ အဆိုပါအမှုတွင်လည်း တရုတ်နိုင်ငံသားအချို့ အဓိကနေရာမှ ပါဝင်ခဲ့သည်။

စစ်တပ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံတွင် လူကုန်ကူးမှု၊ ကျားဖြန့်နှင့် မူးယစ်ဆေးဝါးရောင်းဝယ်မှုများတိုးပွားပြီး မြန်မာနိုင်ငံမှနိုင်ငံဖြတ်ကျော်ရာဇဝတ်မှုများက ဒေသတွင်းနိုင်ငံများကိုပါ ခြိမ်းခြောက်နေကြောင်းကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးဦးကျော်မိုးထွန်းက နိုင်ငံတကာသို့ အကြိမ်ကြိမ်သတိ​ပေးပြောကြားထားသည်။

စစ်ကောင်စီလက်ထက်၌ ပိုမိုဆိုးရွားနေသည့် လူကုန်ကူးမှုအခြေအနေများကို ယခုကဲ့သို့ ဆက်ကျော်သက်ကျောင်းသူလေးအား ငွေကြေးဖြင့် စည်းရုံးပြပြီး လူမှုကွန်ရက်‌ပေါ်၌ ပေါ်ပေါ်ထင်ထင်ကျူးလွန်လာခြင်းက အဖြေဖြစ်ကြောင်း အမျိုးသမီးအရေးလှုပ်ရှားသူတစ်ဦးကပြောသည်။

​ငွေ​ဖောင်းပွပြီးကုန်‌ဈေးနှုန်းကြီးမြင့်ခြင်း၊ အလုပ်အကိုင်ရှားပါးခြင်း၊ ပုံမှန်ဝင်ငွေမရှိခြင်း၊ကျန်းမာရေးစရိတ်အပါအဝင် အ​ထွေ​ထွေစာရိတ်ကြီးမားခြင်းတို့သည် မြန်မာမိန်းကလေးငယ်များအတွက် လူကုန်ကူးခံရနိုင်သည့် အန္တရာယ်ချောက်ကမ်းပါးကို တွန်းပို့နေသည်။

“တရုတ်မယားဖြစ်နေတဲ့မြန်မာမိန်းကလေးတွေအများကြီးပဲ။ နိုင်ငံရေးကမကောင်း၊စီးပွားရေးကကျပ်တည်း၊ ပွဲစားတွေကမြူဆွယ်၊ ပိုက်ဆံသိန်းတစ်ရာ နဲ့ တရုတ်မယားဖြစ်။ တစ်သက်စာရောင်းစားခံရတယ်” ဟု အမျိုးသမီးတစ်ဦးက သတိပေးမျှဝေထားသည်။

ဒလမြို့က ဖြစ်စဥ်တွင် ​က​လေးငယ်များ၏ မိခင်ဖြစ်သူကို စစ်​ကောင်စီရဲက ​ခေါ်ယူစစ်​​ဆေးသလို၊ငွေ​ပေး၍ မြူဆွယ်ရန်ကြိုးစားခဲ့​သောတရုတ်နိုင်ငံသားနှင့် စကားပြန်များကို ဒလမြို့နယ် ရဲစခန်းတွင် အမှုဖွင့်ထားသည်ဟုစစ်​ကောင်စီကဆိုသည်။

​တရုတ်နိုင်ငံသားမှာ မစ္စတာ Luo Fei နှင့် အမည်မသိ တရုတ်နိုင်ငံသား တဦးဖြစ်ပြီး စကားပြန်လုပ်​ပေးသူမှာ မသီတာအောင် ဖြစ်သည်ဟုဆိုသည်။

​မိန်းက​လေးငယ်များကိုရိုက်ကူးခဲ့​သောရုပ်သံမှတ်တမ်းများမှာ တရုတ်နိုင်ငံ၌ လူသုံးများ​သောတစ်​တော့လူမှုကွန်ယက်သို့ချက်ချင်း​​ရောက်ခဲ့သည်။ ​မြန်မာ​ကျောင်းသူငယ်က​လေးများကို သက်မဲ့ပစ္စည်းကဲ့သို့ မည်မျှ​ဈေး​ပေးနိုင်​ကြောင်း ၊မည်သို့​စေခိုင်းရ​ကြောင်း ရိုင်းစိုင်း​သောအသုံးအနှုံးများဖြင့်မှတ်ချက်များ​ရေးသား​ပြောဆို​နေကြသည်မှာ လွန်စွာအကျီးတန်လှ​ကြောင်း တရုတ်စာတက်​သော မြန်မာတစ်ဦးက​​​ဘာသာပြန်၍ဖတ်ပြ

သည်။ ထိုမှတ်ချက်များကိုသာမိန်းက​လေးငယ်တို့၏မိသားစုဝင်များ ဖတ်ကြည့်ခွင့်ရ ၊အဓိပ္ပါယ်နားလည်သွားပါက သမိးငယ်များအတွက် မည်မျှအန္တရာယ်များ​လှကြောင်း ​ကောင်းစွာသ​ဘော​ပေါက်သွားနိုင်ဖွယ်ရှိပါသည်။

စစ်တပ်အာဏာသိမ်းမှု​ကြောင့် နိုင်ငံမှာ ဆင်းရဲကျပ်တည်းလာကာ ၊ဘက်​ပေါင်းစုံ နိမ့်ကျသွားပြီး​နောက်တွင် လူကုန်ကူးမှု အန္တရာယ်၊တရုတ်မယားအဖြစ်​ရောင်းစားခံရမှု အန္တရာယ် မှာမြန်မာမိန်းက​လေးငယ်များ၏ ရပ်ကွက်ထဲ၊ အိမ်​နောက်​ဖေးအထိ​ရောက်လာ​နေသည်ကိုပြသ​နေ​သောဖြစ်ရပ်တစ်ခုပင်ဖြစ်​လေ​တော့သည်။ ။

ဆက်စပ်သတင်းများ

သတင်း

တရုတ်အစိုးရက တရုတ်နိုင်ငဲသားများနေရပ်ပြန်ခေါ်ယူမှုကို ရက်နားထားရာမှ မတ် ၆ တွင်ပြန်စပြီး သုံးရက်အတွင်း ၁,၄၀၀ကျော်ခေါ်မည်ဟုဆို

ဘာသာပြန်ဆောင်းပါး

ဒေသတွင်းမှာ ကျားဖြန့်လို့ ခေါ်ဝေါ်လေ့ရှိတဲ့ အွန်လိုင်း ငွေကြေး လိမ်လည်တဲ့ ဂိုဏ်းတွေဟာ အရှေ့တောင်အာရှ ဒေသတွင်းက ထိုင်းနဲ့ မြန်မာနိုင်ငံကြား နယ်စပ်မှာ အခြေစိုက် လည်ပတ်နေခဲ့တာ နှစ်တွေ အတော်ကြီး ကြာမြင့်ခဲ့ပြီးပါပြီ။

သတင်း

ကရင်ပြည်နယ်၊ မြဝတီဒေသရှိ ကျားဖြန့်လုပ်ငန်းများအား ဝင်ရောက်စီးနင်းပြီးနောက် တရားခံများနှင့် လူကုန်ကူးခံရသူများအား ဖမ်းဆီးကယ်ဆယ်ထားသော နိုင်ငံခြားသား ၇,၀၀၀ကျော်အား သက်ဆိုင်ရာနိုင်ငံများက အမြန်ဆုံးလာရောက်ခေါ်ဆောင်ကြရန် ကရင်နယ်ခြားစောင့်တပ်(BGF)က မတ်လ ၁ရက်တွင် ထုတ်ပြန်သည်။

ဆောင်းပါး

ကရင်ပြည်နယ် ၊မြဝတီ ​ဒေသမှာ ကျားဖြန့် နှိမ်နင်း​ရေးအ​ကြောင်းပြပြီး စစ်​ကောင်စီက အင်အားတိုးနယ်​မြေစိုးမိုးမှု ပြန်ရဖို့ ကြိုးစား​နေတဲ့အ​ကြောင်း ဒီတစ်ပါတ်မှာ ​ပြောပြပါမယ် ။