ဟာနာဆန်/People’s Spring
တပေါင်းလပြည့်ကျော်ရက်တွေမှာတော့ အညာဟာ နွေစစ်စစ်နဲ့ စတင်တိုးပါပြီ။ အာဏာသိမ်းစစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ စစ်ကြောင်းထိုးသတ်ဖြတ်မှုတွေနဲ့အတူ ပြည်သူတွေဟာ ပူလောင်အိုက်စက်တဲ့ နွေရာသီကို ငါးကြိမ်မြောက် ဖြတ်သန်းရတော့မှာပါ။ ဒီနှစ်နွေရာသီမှာလည်း အညာကလူထုဟာ ကျောဗလာနဲ့ ရင်ဆိုင်ကြဖို့ အဆင်သင့်ဖြစ်နေပါပြီ။
မီးရှို့ခံထားရလို့မည်းညစ်နေတဲ့အိမ်တိုင်ဆွေးဆွေးတွေ၊ ခြောက်သယောင်းနေတဲ့မီးကျွမ်းထားတဲ့သစ်ပင်အိုတွေ၊ လေတိုက်တိုင်း တအိအိလှုပ်နေတဲ့ လက်ကျန်သွပ်ချပ်လေးတွေကြားမှာထန်းလက်တဲအိုလေးတွေဟာငုတ်တုပ်ထိုင်နေကြတယ်။ ဝေ့ဝဲတိုက်ခိုက်လာတဲ့လေဟာ လေပူကြီးပါ။ အဲဒီပူကြွပ်ကြွပ်တဲအိမ်လေးတွေထဲမှာ စစ်ဘေးသင့်ပြည်သူတွေ နေထိုင်ကြပါတယ်။
“အိမ်တွေပြန်နေလို့မရတဲ့သူတွေသူတွေမနည်းဘူး။ စစ်ရှောင်စခန်းတွေမှာ နေရတယ်။ ဘုန်းကြီးကျောင်းတွေနေရတယ်။ လူကြီးတွေဆို ပိုဆိုးတာပေါ့ဗျာ။ အခုလို ရာသီနဲ့ကတော့။”လို့ ဆားလင်းကြီးမြို့နယ်က စစ်ဘေးရှောင်တွေကို ကူညီနေတဲ့ အမျိုးသားတဦးက ပြောတယ်။

Public Service Announcement
အညာမှာ စစ်ရှောင်ပြည်သူက အမျိုးမျိုးကွဲပါတယ်။ စစ်ကောင်စီစစ်ကြောင်းထိုးတုန်းယာယီစစ်ရှောင်ရသူတွေရှိတယ်။ ဘုန်းကြီးကျောင်းတွေဘုရားတွေနဲ့ ဘေးလွတ်မယ်ထင်တဲ့နေရာတွေမှာ နေကြတယ်။ ယာယီစစ်ရှောင်ပေါ့။
နောက်တမျိုးကတော့ အမြဲတမ်းစစ်ရှောင်ပါ။ စစ်ကြောင်းက နေအိမ်တွေ မီးရှို့သွားတယ်။ ပြန်နေလို့လည်းမရတော့ သင့်ရာနေရမှာတဲထိုးနေကြတယ်။ တချို့ကတော့ မီးလောင်ပြင်မှာပြန်နေပြီး တဲထိုးနေတယ်။ တချို့ကတော့ ရွာပြင်မနီးမဝေးပေါ့။ ဘယ်စစ်ရှောင်ဖြစ်ဖြစ် ဆိုးရွားတဲ့ အညာနွရောသီကို ရင်ဆိုင်ကြရပါတယ်။
“နေအိမ်တွေမီးရှို့ခံရတာလည်း ဆောက်ထားတဲ့နေရာတွေကလည်း ပြင်တွေဆိုတော့လေ ပူတာလောင်တာရယ် ထန်းပလက်တဲ သေးသေးလေးတွေ ထိုးပြီးနေရတယ်။”လို့ စစ်ရှောင်ကူညီသူ အမျိုးသားက ပြောတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းကနေ၂၀၂၅ ဇန်နဝါရီလအထိ့ နိုင်ငံတစ်ဝန်းစစ်ကောင်စီရဲ့လက်နက်ကိုင်အဖွဲ့တွေမီးရှို့ဖျက်ဆီးခဲ့တဲ့နေအိမ်ပေါင်း တစ်သိန်းတစ်သောင်းကျော်ရှိပါတယ်။ဒီအထဲမှာ စစ်ကိုင်းတိုင်းတစ်ခုတည်းနေအိမ်ပေါင်း ခုနှစ်သောင်းလောက်မီးရှို့ဖျက်ဆီးခံထားရတာပါ။
ဒီနှစ်မှာလည်းနွေဦးအစမှာတင်အညာနွေကကျိုက်ကျိုက်ဆူပွက်နေတဲ့ ရေနွေးအိုးကြီးတအိုးထဲ နေနေရသလို ခံစားနေရပါပြီ။ ဒီနှစ်နွေမှာလည်း မနှစ်ကလို လူကြီးနဲ့ ကလေးသူငယ်တွေအပူဒဏ်ကြောင့် ကျန်းမာရေးထိခိုက်မှာကို စိုးရိမ်တယ်လို့ စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်မှာ စစ်ရှောင်တွေကို ကူညီပေးနေတဲ့ S&C မီးဘေးစစ်ဘေးပညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့ တည်ထောင်သူ ကိုစိုးမိုးအောင်က ပြောပါတယ်။
“မနှစ်ကဆို လူကြီးတွေ သွေးတိုးတာတွေဖြစ်တယ်။ ရာသီဥတုက တအားပူပြင်းတော့။ တချို့လူကြီးတွေဆို အမောဒဏ်မခံနိုင်ဘူး။အမောဖောက်တာတို့၊ ကလေးငယ်တွေဆို နှာခေါင်းသွေးယိုတာတို့ ဖြစ်တယ်။”လို့ကိုစိုးမိုးအောင်က ပြောတယ်။
မနှစ် ၂၀၂၄ ခုနှစ် နွရောသီမှာ ဒီပဲယင်းမြို့နယ်အတွင်း heatstoke (အပူရှပ်) နဲ့ လူကြီး ၃ ယောက်ထက်မနည်း ဆုံးပါးခဲ့တယ်လို့ ကိုစိုးမိုးအောင်က ပြောပြပါတယ်။
ဒါကြောင့် ဒီနှစ်မှာတော့ စစ်ရှောင်တွေ လေဝင်လေထွက်ကောင်းကောင်းနဲ့ ချောင်ချောင်ချိချိ နေနိုင်အောင် တန်ဖိုးနည်းလုံးချင်းအိမ်ကလေးတွေ ကြိုးစားပြီး တက်သုတ်ရိုက် တည်ဆောက်ပေးနေတယ်လို့ ကိုစိုးမိုးအောင်က ပြောပါတယ်။

“တရက်ကို နှစ်အိမ်နှူန်းလောက်ပြီးအောင်ဆောက်နေတယ်။ မိသားစုတွေ ခွဲထုတ်နိုင်ဖို့လေ။ အစုအဖွဲ့နဲ့နေတာထက်စာရင် ကိုယ့်နေရာနဲ့ကို နေရတာက သက်သာမယ်။ ရာသီဥတုပူပြင်းတော့ လူတွေအများကြီးနဲ့ နေတာထက်စာရင်။”လို့ ကိုစိုးမိုးအောင်က ဆိုပါတယ်။
ရာသီဥတုပူရတဲ့အထဲ အညာမှာ သစ်ပင်တွေနည်းသွားခဲ့တာလည်း အပူဒဏ်ကို ပိုဆိုးစေခဲ့တယ်လို့ ဒေသခံတွေက ပြောပြတယ်။
“မီးရှို့ခံရတာ သစ်ပင်တွေပါ ပါတာဆိုတော့ အပူကပိုပြီးတော့များတယ်။ အပင်မရှိတော့ လေတွေကလည်း ပူတာပေါ့နော်။ မနှစ်ကတော့ တော်တော်လေးကြုံလိုက်ရတယ်။ တော်တော်လေးကို ဆိုးပါတယ်။”လို့ ကိုစိုးမိုးအောင်က ဆိုပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ ကျန်းမာရေးဝန်ကြီးဌာနကနေ ပြည်သူတွေ အပူဒဏ် ခံနိုင်အောင် အပူဒဏ်အန္တရာယ် ကာကွယ်နိုင်ဖို့ အခုလိုပဲ လမ်းညွှန်ထားပါတယ်။
ယခုအချိန်အခါဟာ ရာသီဥတု ပူပြင်းတာကြောင့် ချွေးထွက်များပြီး ခန္ဓာကိုယ်အတွင်းက ရေနဲ့ ဓာတ်ဆားတွေ ဆုံးရှုံးတာမျိုး၊ အပူဒဏ်ကြောင့်သတိလစ်တာ (Heat Stoke) ဖြစ်နိုင်တယ်။ အချိန်မီ ကုသမှု မခံယူဘူးဆိုရင် အသက်ဆုံးရှုံးနိုင်တယ်လို့ သတိပေးပါတယ်။
ကလေးတွေ၊ သက်ကြီးရွယ်အိုတွေနဲ့ နာတာရှည် ရောဂါသည်တွေကို နေ့လယ်ပိုင်းမှာ အရိပ်ရအေးမြပြီး လေဝင်လေထွက်ကောင်းတဲ့ နေရာတွေမှာ နားနေဖို့၊ နေပူထဲထွက်ရင် ထီး (သို့မဟုတ်) ဦးထုပ်ဆောင်းဖို့၊ အရိပ်ရတဲ့နေရာတွေမှာ မကြာခဏ အနားယူဖို့ လမ်းညွှန်ထားပါတယ်။
အလင်းပြန်တဲ့ အဖြူရောင် (သို့) အရောင်ဖျော့တဲ့ ပွပွချောင်ချောင် ချည်ထည်တွေကို ဝတ်ဆင်ဖို့နဲ့ နေပူထဲက ပြန်လာပြီး ချက်ချင်းရေချိုးတာမျိုး၊ မနက် (၁၀) နာရီကနေ ညေနေ (၅) နာရီအတွင်း အမိုးအကာမရှိတဲ့ နေရာတွေမှာ ရေချိုးအဝတ်လျှော်တာတွေ ရှောင်ကြဉ်ဖို့ သတိပေးပါတယ်။
ပူပြင်းတဲ့ နေရောင်အောက်မှာ အလုပ်လုပ်တာ၊ ကိုယ်လက်လှုပ်ရှားတာတွေကို ရှောင်ကြဉ်ဖို့၊ အရက်သောက်ရင် အပူဒဏ်ကို ပိုမိုပြင်းထန်စွာ ခံစားရတတ်လို့ ရှောင်ကြဉ်ဖို့နဲ့ ရေနဲ့ ဓာတ်ဆားရည်ကို လုံလောက်စွာ သောက်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ ကျန်းမာရေးဝန်ကြီးဌာနကနေထပ်မံသတိပေးထားပါတယ်။

နောက်ထပ်ရင်ဆိုင်ကြရမှာကတော့ ရေပြဿနာပါ။ စစ်ရှောင်တွေဟာ ကျရာသင့်ရာမှာ နေကြရတော့ တောထဲက သဘာဝ မိုးရေကန်တွေကိုသာ အားကိုးရပါတယ်။ အခုလို နွပေါက်လို့ ရေကန်တွေ ခမ်းခြောက်လာတော့ ရေအခက်အခဲ တွေ့လာကြပြီလို့ စစ်ရှောင်ကူညီသူတွေက ပြောပါတယ်။
မြင်းမူမြို့နယ်ထဲက ပြည်သူတွေဆယ်ချီ သတ်ဖြတ်ခံခဲ့ရတဲ့ လက်ထုတ္တောရွာမှာဆိုရင် ရွာထဲက ရေတွင်းတွေကို စစ်ကောင်စီတပ်က ဖျက်ဆီးသွားခဲ့လို့ ရေအခက်အခဲ ဖြစ်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒါကြောင့် စစ်ရှောင်တွေအတွက် အဝီစိတွင်းတွေ တက်နိုင်သလောက် လိုက်တူးပေးနေတယ်လို့ ကန့်ဘလူမြို့နယ် တက်ကြွလှုပ်ရှားသူများအဖွဲ့က ပြောပါတယ်။ S&C အဖွဲ့ကလည်း အရင်နှစ်နွတွေမှာ ရွှေဘိုခရိုင်ထဲမှာ စစ်ရှောင်တွေအတွက် အဝီစိတွင်းတွေ နိုင်သလောက်လိုက်တူးပေးခဲ့တယ်။
“မနှစ်ကတည်းက ရေမရှိတဲ့နေရာတွေကို ရေလိုက်တူးပေးတယ်။ ဒီနှစ်လုပ်နိုင်မလုပ်နိုင်က အလှူရှင်တွေပေါ်မူတည်တယ်။ ခုအချိန်ဆို အဝီစိတွင်းတတွင်း သိန်းနှစ်ရာအထက်ပေါက်တယ်။”လို့ ကိုစိုးမိုးအောင်က ပြောပြပါတယ်။
ယင်းမာပင်မြို့နယ်ထဲမှာလည်း လျှပ်စစ်မီးပုံမှန်မရတဲ့အတွက် စစ်ရှောင်ပြည်သူတွေ သောက်သုံးရေအခက်အခဲ ရှိလာနိုင်တယ်လို့ ချင်းတွင်းမြစ်အနောက်ဘက်ကမ်း ကျေးရွာများ သပိတ်ကော်မတီက ကိုအောင်ခန့်ဇော်က ပြောပါတယ်။အာဏာသိမ်းကာလ ငါးနှစ်ထဲရောက်လာတော့ နွရောသီမှာ စစ်ရှောင်တွေအတွက် ဘာတွေလိုအပ်မယ်၊ ဘာတွေပြင်ဆင်ရမယ်ဆိုတာကို သိပေမဲ့ များပြားလှတဲ့ စစ်ရှောင်အရေးတွေကြောင့် တော်တော်ရုန်းကန်နေရတယ်လို့လည်း စစ်ရှောင်ကူညီသူတွေက ပြောပြပါတယ်။
“နွေအတွက် နေအိမ်တွေတို့ ရေရှိရေးတို့ ဒီအချိန်လောက်ကတည်းက စပြင်ဆင်မှအဆင်ပြေမှာ။ စစ်ရှောင်တွေအတွက် ဆေးဝါးနဲ့ဓာတ်ဆားကအစ ကြိုတင်ဝယ်ယူစုဆောင်းနိုင်ဖို့လိုမယ်။ မနှစ်ကလည်းတခါကြုံပြီးပြီ။ ဓာတ်ဆားဆေးတွေ အဆမတန်တက်သွားတာ။”လို့ S&C အဖွဲ့တည်ထောင်သူ ကိုစိုးမိုးအောင်က ပြောပါတယ်။
ဒါကြောင့် တက်နိုင်တဲ့ ပြည်တွင်းပြည်ပအလှူရှင်တွေအနေနဲ့ ကူညီပေးကြဖို့ စစ်ရှောင်ကူညီသူတွေက တိုက်တွန်းပါတယ်။
“နွေရောက်ရင် ဘာတွေကြိုပြင်ဆင်ရမယ်ဆိုတာ သိပေမယ့် နှစ်ကလည်း ကြာလာပြီဆိုတော့ မနည်းလည်ပတ်နေရတယ်။”လို့ ကိုစိုးမိုးအောင်က ပြောတယ်။
စစ်တပ်အာဏာသိမ်းပြီး လေးနှစ်အတွင်း မြန်မာနိုင်ငံမှာ နေရပ်စွန့်ခွာရသူ ၃ သန်းခွဲကျော်ရှိတယ်လို့ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး UNOCHA ကဖေဖော်ဝါရီ တတိယပတ်မှာ ထုတ်ပြန်ခဲ့ပါတယ်။ မြေပြင်မှာ အဲဒီစာရင်းထက်များတယ်လို့လည်း စစ်ဘေးရှောင်ကူညီနေသူတွေက ပြောပါတယ်။
ဒါ့အပြင် နိုင်ငံ့လူဦးရေရဲ့ သုံးပုံတစ်ပုံခန့်ရှိတဲ့ လူဦးရေ ၁၅ သန်းကျော်ဟာ စားနပ်ရိက္ခာမလုံလောက်မှုနဲ့ ရင်ဆိုင်နေရပြီး သန်းပေါင်းများစွာသော ပြည်သူများဟာ ဘေးကင်းလုံခြုံသော မှီခိုရာနေရာ သို့မဟုတ် သန့်ရှင်းတဲ့သောက်သုံးရေမရရှိဘဲ နေထိုင်နေရတယ်လို့ ကုလသမဂ္ဂကဆိုပါတယ်။
ဆိုးရွားတဲ့ ရာသီဥတုထဲမှာပဲ အညာကလူထုဟာ စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုတွေ၊ လက်နက်ကြီးနဲ့ထုတာတွေ၊ စစ်ကြောင်းထိုး သတ်ဖြတ်မှုတွေ ရင်ဆိုင်နေရပါတယ်။
မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသမှာဆိုရင် ဖေဖော်ဝါရီနောက်ဆုံးပတ်ကနေ မတ်လ တတိယပတ်အထိ ၃ ပတ်ကျော်ကာလအတွင်း ပြည်သူ ၂၀ နီးပါး သတ်ဖြတ်ခံခဲ့ရပါတယ်။ နေအိမ်အလုံးပေါင်းရာချီ မီးရှို့ဖျက်ဆီးခံထားရတယ်။ ဒေသခံ ၂ သောင်းကျော် နေပူကျဲကျဲမှာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ ဖေဖော်ဝါရီလအတွင်း စစ်ကောင်စီရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် ပြည်သူ ၁၄၂ ဦးသေဆုံးပြီး ၃၆၈ ဦး ဒဏ်ရာရခဲ့တယ်လို့ သိရတယ်။
ထိခိုက်သေဆုံးသူတွေထဲမှာ အညာက မြိုင်၊ ရေစကြို၊ မုံရွာ၊ ချောင်းဦး၊ စတဲ့ ဒေသက ပြည်သူတွေလည်း ပါဝင်ပါတယ်။
အခု မတ်လ တတိယပတ်အထိ အညာကစစ်ကိုင်း၊ မန္တလေး၊ မကွေးက ဒေသတွေမှာလည်းစစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ တိုးလုပ်လာပါတယ်။အာဏာသိမ်းခေါင်းဆောင်က ပြီးခဲ့တဲ့လပိုင်းက စစ်ဘေးရှောင်တွေကို ကူညီမယ်လို့ပြောပါတယ်။သူပြောပြီး မကြာခင်မှာပဲ ဘုန်းကြီးကျောင်း၊ဘုရားကျောင်း၊ဈေးတွေကိုပါ ပစ်မှတ်ထားပြီး ဗုံးကြဲသတ်ဖြတ်မှုတွေပိုလုပ်လာပါတယ် ။
စဥ့်ကူး လက်ပံလှရွာမှာ ၊နောင်ချို မှာ ၊ ဗန်းမော်မှာ ရဟန်းသံဃာတွေ ၊ ကလေးငယ်တွေအပါအဝင်ပြည်သူတွေပါ လူအစုလိုက်အပြုံလိုက် ဗုံးကြဲအသတ်ခံခဲ့ရပါတယ် ။
ဆိုးရွားတဲ့အခြေအနေတွေကြားမှာပဲ စစ်ရှောင်ပြည်သူတွေအတွက် ကိုစိုးမိုးအောင်တို့ ရုန်းကန်နေကြရပါတယ်။
“ဒီကရှေ့ နွေပြီးရင် မိုးပါ တန်းလာမှာဖြစ်တဲ့အတွက် နေဖို့ထိုင်ဖို့ရာ ခုကတည်းက စီစဉ်နေရတယ်ဗျ။ ဒီကရှေ့ ရာသီဥတုက ဆက်တိုက်ဆိုးတော့မှာလေ။ နွေကလည်းပူဦးမယ်။ မိုးကလည်း လာဦးမယ်ဆိုတော့။”လို့ ကိုစိုးမိုးအောင်က ရင်မောစွာနဲ့ ပြောလိုက်ပါတယ်။ ။
