အညာဒေသမှာ စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက စစ်ကြောင်းပြုတ်အောင် ၊ စစ်ကြောင်းပျက်အောင် တိုက်ခိုက်နိုင်တယ်အထိ့ တိုက်စွမ်းရည် ထက်မြတ်လာတဲ့အကြောင်း ဒီတစ်ပါတ် ပြောပြပါမယ်။
မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ဝက်လူးရဲစခန်းမှ ထွက်လာတဲ့ တပ်မ-၁၀၁ လက်အောက်ခံ အင်အား (၂၀၀) ခန့်ပါ စစ်ကြောင်းကို PDF တပ်ပေါင်းစုကမတ်လ၉ နံနက်မှာတိုက်ခိုက်ခဲ့ပါတယ် ။
ဝက်လူးရဲစခန်းဟာ နွားထိုးကြီးမြို့နယ်ရဲ့ မြောက်ဘက်ခြမ်းမှာရှိပြီး မန္တလေး-မြင်းခြံ ရထားလမ်းပိုင်းဘေးမှာ ရှိပါတယ်။

Public Service Announcement
စစ်တပ်အရာရှိတွေ ဦးဆောင်လာတဲ့ စစ်ကြောင်းဟာ နွားထိုးကြီးမြို့ရဲ့အရှေ့မြောက်ဘက်က ကျေးရွာတွေကို လှည့်ပတ်ထိုး ကျတွင်းဘိုးရွာအနီးမှာ ရောက်တဲ့ အခါမှာ ဒေသတွင်းကာကွယ်ရေးတပ်ဖွဲ့တွေဖြစ်တဲ့ မြင်းခြံခရိုင် တပ်ရင်း (၄ ) ၊ တပ်ရင်း (၁၀ ) ၊နွားထိုးကြီးမြို့နယ် ပကဖ နဲ့ မဟာမိတ် ပူးပေါင်းတပ်ဖွဲ့တွေက ကြားဖြတ်ပိတ်ဆို့တိုက်ခိုက်ခဲ့တာပါ ။
တိုက်ပွဲဟာ မတ်လရဲ့ ပူးပြင်းတဲ့ နေရောင်အောက်မှာ အညာက တောင်ယာခင်းတွေ ၊ထန်းပင်တွေအောက်မှာ မနက် ၉ နာရီခွဲကနေ ညနေ ၄ နာရီအထိ တစ်နေကုန် အပြင်းအထန်တိုက်ခိုက်ကြတာပါ ။ ထူးခြားတာက ဒီတိုက်ပွဲမှာ အညာသား PDF တွေရဲ့ စစ်တိုက်စွမ်းရည်ကို ပြသနိုင်ခဲ့ပါတယ် ။စစ်ကောင်စီတပ်က ၄၀ ကျော်သေဆုံးပြီးတော့ ၊၁၅ ဦး ဒဏ်ရာရခဲ့သလို စစ်သုံ့ပန်းအဖြစ် ၁၄ ဦးကို PDF တွေက ဖမ်းဆီးနိုင်ခဲ့ပါတယ် ။
စစ်သုံ့ပန်းတွေထဲမှာ ဗိုလ်မှူးဝင်းလှိုင်ဦး နဲ့ ဗိုလ်ကြီးအောင်ကိုကို တို့ပါ ပါဝင်ပါတယ် ။ တိုက်ပွဲဟာပြင်းထန်တာကြောင့် စစ်တပ်က မိတ္ထီလာနဲ့ တံတားဦး က ဂျက်တိုက်လေယာဉ်နဲ့လေကြောင်းပစ်ကူပေးခဲ့ပါတယ် ။ လေကြောင်းပစ်ကူကြောင်းPDF နဲ့ ပကဖ ရဲဘော် ၃ ဦးအသက်ဆုံးရှုံးခဲ့ရပြီး ရဲဘော်အချို့ ဒဏ်ရာရခဲ့ပါတယ် ။
တိုက်ပွဲအတွင်း ထူးခြားတာက စစ်တပ် စစ်ကြောင်းဟာသေဆုံးသူ ၊ဒဏ်ရာရသူ ၊ထွက်ပြေးသူတွေ ၊အဖမ်းခံရသူနဲ့ စစ်ကြောင်းပျက်သွားချိန်မှာ စစ်တပ်လေကြောင်းက အဖမ်းခံရတဲ့ စစ်သား ၁၄ ဦးကိုပါ လေကြောင်းကနေ လိုက်လံတိုက်ခိုက်ပြီး နှုတ်ပိတ်ဖို့ကြိုးစားခဲ့တယ်လို့ မြင်းခြံခရိုင် စ်ကြောင်း ၁၀ ရဲ့ တာဝန်ရှိသူကပြောပါတယ် ။ စစ်သုံ့ပန်း တွေထဲမှာ ဗိုလ်မှူးဝင်းလှိုင်ဦး နဲ့ ဗိုလ်ကြီးအောင်ကိုကို တို့ပါဝင်ပေမယ့် စစ်တပ်လေကြောင်းက စစ်သုံ့ပန်းတွေဖမ်းခေါ်သွားတဲ့ဘက် ၊စစ်သုံ့ပန်းတွေထားတဲ့နေရာ တည့်တည့်ကို တိုက်ခိုက်ခဲ့တာပါ ။ဒါကြောင့် စစ်သုံ့ပန်းအချို့ဟာ လေကြောင်းတိုက်ခိုက်ခံရလို့သေခဲ့တာတွေရှိခဲ့ပါတယ်။
အင်အား ၂၀၀ ပါတဲ့ စစ်ကြောင်းကို ဗျူဟာမှူးဇေယျာအောင်က ဦးဆောင်ခဲ့တာပါ ။စစ်ကြောင်းထဲမှာ စစ်သားတွေဟာ တပ်ရင်းတစ်ခုတည်းကမဟုတ်ပဲ နောက်ချန်တပ်တွေက စုပေါင်းထားတဲ့ တပ်ဖြစ်သလို စစ်မတိုက်ဖူးတဲ့ ရဲတွေ ၊ ပြည်သူ့စစ် ၃၀ ကျော် ပါ ပါတယ်လို့ မြင်းခြံခရိုင်တပ်ရင်း (၁၀)ကတာဝန်ရှိသူကပြောပါတယ် ။
စစ်ကောင်စီတပ်ထံကနေ လက်နက်မျိုးစုံ (၄၄)လက်နဲ့ လက်နက်ကြီးကျည်တွေ၊ စစ်သုံးပစ္စည်းတွေ အများအပြားသိမ်းဆည်းရရှိခဲ့တယ်လို့လည်း နွားထိုးကြီး PDF ခေါ် မြင်းခြံခရိုင်တပ်ရင်း (၄ )၊ တပ်ရင်း (၁၀ )ကထုတ်ပြန်ထားပါတယ်။
မြင်းခြံခရိုင်ထဲမှာ စစ်ကြောင်း တစ်ကြောင်းလုံးပျက်အောင် PDF တွေက အခုလို တိုက်ခိုက်နိုင်ခဲ့တာ ပထမဆုံးဖြစ်ပါတယ် ။ စစ်ကြောင်းပျက်အောင် PDF တွေက လက်စွမ်းပြပြီးနောက်ပိုင်း စစ်သားတချို့ နွားထိုးကြီး PDF ဆီ ဆက်သွယ်အလင်းဝင်လာတာတွေပိုများလာပါတယ် ။
မန္တလေးတိုင်းဟာ နွေဦးတော်လှန်ရေးအစောပိုင်းမှာတော်လှန်ရေးအားမကောင်ပေမယ့် နွားထိုးကြီး PDF ကတော့ အစောပိုင်းကတည်းက စစ်တပ်ကို အကြိမ်ကြိမ်အထိနာအောင်တိုက်ခိုက်နိုင်ခဲ့ပါတယ် ။
၂၀၂၄ ဒီဇင်ဘာ ၂၃ ရက်နေ့ကဆိုရင် ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် ၃၁၈ မှာ ခရီးသွားကားတွေကို တားပြီး လမ်းလုံခြုံရေးလုပ်ခဲ့သလို မကြာခင်ကာလမှာ အမြန်လမ်းပေါ်မှာ စစ်ဆင်ရေးအရှိန်မြှင့်မှာမို့ မလိုအပ်ရင်ခရီးမသွားဖို့ ၊ကားမှန်ချမောင်းဖို့ ၊ ညဘက်ခရီးမသွားဖို့၊တိုက်ပွဲဖြစ်နေရင် ကားတွေရပ်ထားဖို့ စတဲ့ဆောင်ရန် ၊ရှောင်ရန် တွေကိုလည်း ခရီးသွားတွေကို ပညာပေးခဲ့ပါသေးတယ် ။
စစ်ကြောင်းပျက်အောင်တိုက်ခိုက်ပြီး ၁၀ ရက်အကြာမှာ အမြန်လမ်းမိုင်တိုင် ၃၀၈ နဲ့ ၃၀၉ ကြားမှာ ရဲတွေရဲ့ကား ၃ စီးကို မြင်းခြံခရိုင် တပ်ရင်း ၄ ၊ ၁၀ နဲ့ မြစ်သား ပကဖ တို့က အနီးကပ်တိုက်ခိုက်ခဲ့ကြပြန်ပါတယ် ။ ဒီတိုက်ခိုက်မှု မှာ အနည်းဆုံး ရဲ ၅ ဦးသေဆုံးခဲ့တယ် လို့ ထုတ်ပြန်ပါတယ် ။
စစ်ကောင်စီ ဝါဒဖြန့် တယ်လီဂရန်ချန်နယ်တွေကတော့ အမြန်လမ်း ရဲမှူးကြီးယာဉ်တန်း တိုက်ခိုက်ခံရတာကို အတည်ပြုပေမယ့် ယာဥ်တန်းလုံခြုံရေးရဲတွေက ပြန်ခုခီတိုက်ခိုက်နိုင်ခဲ့တဲ့အတွက် ထိခိုက်သေဆုံးမှု မရှိဘူးလို့ ဝါဒဖြန့်ခဲ့ပါတယ် ။
နွားထိုးကြီး မြို့နယ် ကနေ ကားနဲ့ သွားရင် နှစ်နာရီလောက်ပဲသွားရတဲ့ ငါ့သရောက်မြို့နားမှာလည်း မတ်လ ၁၄ ရက်က စစ်တပ် စစ်ကြောင်းပြုတ်သွားအောင် တိုက်ခိုက်ခံရပြန်ပါတယ်။
တပ်မ(၈၈)လက်အောက်ခံ ညောင်ဦးမြို့အခြေစိုက် အမှတ်(၄၁၅)ခြေမြန်တပ်ရင်း(ခမရ-၄၁၅)ဟာ စစ်ကြောင်း ၂ ကြောင်းနဲ့ ငါ့သရောက်မြို့အနီးခွဲပြီး စစ်ကြောင်းထိုးခဲ့ပါတယ် ။ငါ့သရောက် အရှေ့ဘက်ခြမ်းဒေသကို ဝင်လာတဲ့ အင်အား ၈၀ ခန့်ပါ စစ်ကြောင်းကို မတ်လ ၁၄ရက်မှာ တော်လှန်ရေးပူးပေါင်းတပ်တွေက စစ်ကြောင်းပြုတ်အောင် တိုက်ခိုက်နိုင်ခဲ့တယ်လို့ ညောင်ဦးပကဖ တာဝန်ရှိသူကPeople’s Springကိုပြောပါတယ် ။
စစ်ကြောင်းတစ်ကြောင်းကို အင်အား ၈၀ ခန့်မှန်းခြေလောက်ပါတာပေါ့။ အဲဒီ စစ်ကြောင်း နှစ်ကြောင်းထဲက တကြောင်းကို ကြားဖြတ်တိုက်ခိုက်တာ”လို့ ညောင်ဦးပကဖ တာဝန်ရှိသူက People’s Springကို ပြောပါတယ်။
စစ်ကောင်စီတပ် ထိခိုက်သေဆုံးသူများပြားခဲ့ပြီး ဖရဲသီးသတင်းပေးချက်အရ သေဆုံးသူ ၇၀ကျော်ရှိတယ်လို့ ညောင်ဦးပကဖက ဆိုပါတယ်။ စစ်ကောင်စီတပ် သေဆုံးထိခိုက်အခြေအနေနဲ့ပတ်သက်လို့ People’s Spring က သီးခြားအတည် မပြုနိုင်ပါဘူး။
အဲဒီစစ်ကြောင်းရဲ့ စစ်ကြောင်းမှူး ဗိုလ်ကြီးလှဝင်းနိုင်ဆိုသူ သေဆုံးခဲ့သလို၊ တိုက်ပွဲအစပိုင်းမှာပဲ စစ်ကြောင်းမှူးကျသွားတာကြောင့် တော်လှန်ရေးတပ်ဖွဲ့က အဓိက အားသာခဲ့တာလို့ ညောင်ဦးပကဖတာဝန်ရှိသူကသုံးသပ် ပြောကြားပါတယ်။
ဒါ့အပြင် တိုက်ခိုက်ခံရတဲ့ စစ်ကြောင်းမှာ ညောင်ဦးမြို့နယ်က ခေါ်ယူစုဆောင်းထားတဲ့ စစ်မှုထမ်းတပ်သားသစ်များနဲ့ ပျူစောထီးတွေ အများအပြားပါဝင်တယ်လို့ သိရပါတယ်။
“ပုဂံဘက်က ပြည်သူ့စစ်တွေတော်တော်များများပါတယ်။ ကျသွားတာလည်း အဲဒီကောင်တွေ ကျတာများတယ်။ ကျတဲ့ထဲ အသိတွေလည်း ပါတယ်”လို့ ညောင်ဦးပကဖ တာဝန်ရှိသူက ပြောပါတယ်။
တိုက်ပွဲဖြစ်ပွားခဲ့တဲ့နေ့က လေယာဉ်လာပေမယ့် လေကြောင်းတိုက်ခိုက်ခဲ့ခြင်းတော့ မရှိဘူးလို့ ဆိုပါတယ်။ဒါပေမဲ့ တိုက်ပွဲအတွင်း အထိနာတဲ့ စစ်ကောင်စီတပ်က တပ်အင်အားဖြည့်တင်းပြီး စစ်ကြောင်းထိုးတာ ဆက်လက်ပြုလုပ်နိုင်ခြေရှိတယ်လို့ ညောင်ဦးပကဖက သုံးသပ်ပါတယ်။
ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များရှိရာ ပုဂံ၊ညောင်ဦးဒေသမှာ စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းတစ်ခုလုံးပြုတ်အောင် တိုက်ခိုက်ခဲ့တာက ပထမဆုံးအကြိမ်လည်း ဖြစ်ပါတယ်။
ငါ့သရောက်တိုက်ပွဲကိုညောင်ဦးမြို့နယ်ပကဖခေါ် ပုဂံပြည်ဘီလူးတပ်၊ Burmese Guerrilla Force (BGF ).၊ တောင်သာ ပကဖ ၊ Scorpion People Defense Force၊ ညောင်ဦးခရိုင်တပ်ရင်း(၅)၊ မြင်းခြံခရိုင် တပ်ရင်း(၃) တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာဖြစ်ပါတယ် ။တိုက်ပွဲအတွင်း ပုဂံပြည်ဘီလူးတပ်မှ ရဲဘော်တစ်ဦး ကျဆုံးခဲ့ပြီးတော့ BGF မှ ရဲဘော် ၁ဦး ဒဏ်ရာရခဲ့ပါတယ် ။
မတ်လအတွင်းမှာပဲ စစ်တပ်စစ်ကြောင်းတွေ အညာမှာ စစ်ကြောင်းပြုတ်အောင် ၊စစ်ကြောင်းပျက်အောင်တိုက်ခိုက်ခံရတာက နွားထိုးကြီး နဲ့ ငါ့သရောက် မြို့နယ်တင်မကသေပါဘူး စစ်ကိုင်းတိုင်းက အင်းတော်နဲ့ ကသာမြို့ကြားမှာလည်းရှိခဲ့ပါတယ် ။
အင်းတော်မြို့သိမ်းတိုက်ပွဲကိုစစ်ကူပေးဖို့ ကသာမြို့ ခမရ(၃၀၉ )ကထွက်လာတဲ့စစ်ကြောင်းကိုအင်းတော်-ကသာလမ်း တနေရာမှာ မတ်လ ၁၅ ရက်နေ့က တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်ရာ စစ်ကြောင်းပျက်သွားခဲ့တာပါ ။အင်းတော်မြို့သိမ်းတိုက်ပွဲကို တော်လှန်ရေးတပ်များက ၂၀၂၄ သြဂုတ် ၁၆ ရက်ကစလို့ တိုက်လိုက် နားလိုက်နဲ့ မြို့သိမ်းတိုက်ပွဲဆင်နွှဲနေတာပါ။ စစ်တပ်က ဂျပန်လှိုဏ်ဂူကုန်းမှာ ခံစစ်အခိုင်အမာ တည်ဆောက်ခုခံနေတာဖြစ်ပါတယ်။
အင်းတော်ကိုစစ်ကူသွားဖို့ ဗိုလ်မှူးလင်းထက်ဆိုသူ ဦးစီးတဲ့ ခမရ(၁၀၆)၊ခမရ(၃၀၉) ၊ ခလရ(၆) ပူးပေါင်းအင်အား ၁၅၀ခန့်ပါတဲ့စစ်ကြောင်းကို ပူးပေါင်းတပ်တွေကတိုက်ခိုက်တာကြောင့် ၃၃ဦးသေဆုံးပြီး၊ ၁၀ ဦးဒဏ်ရာရကာ ၃၁ ဦးဖမ်းမိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊အမှတ်(၁)စစ်ဒေသက သတင်းထုတ်ပြန်ပါတယ်။
ဒီစစ်ကြောင်းကိုKIA၊ KPDF၊ ကသာခရိုင်တပ်ရင်း(၁)၊ မိုးတားတိုက်နယ်ပကဖနဲ့ကသာမြို့နယ် ပကဖ ပူးပေါင်းအဖွဲ့က တိုက်ခိုက်ခဲ့တာပါ။ KIA ပါဦးဆောင်တာကြောင့် စစ်တပ်အထိနာခဲ့ပြီး တော်လှန်ရေးတပ်တွေက လက်နက်မျိုးစုံ၅၄လက်နဲ့ခဲယမ်းများစွာသိမ်းဆည်းရရှိပါတယ်။တိုက်ပွဲအတွင်း ကာကွယ်ရေးရဲဘော်နှစ်ဦးကျဆုံးခဲ့တယ်။
ဒီတိုက်ပွဲတွေမှာ တူညီတာက စစ်ကောင်စီတပ်ဟာစစ်မှုမထမ်းမနေရဥပဒေနဲ့ စုဆောင်းထားတဲ့ သင်တန်းဆင်းစစ်သားသစ်တွေကိုခေါ်လာပြီးရှေ့ကတိုက်ခိုင်းပေမယ့် တိုက်ပွဲမှာ ကျသွားရင်အလောင်းတောင် မကောက်တော့ပဲ ပစ်ထားတာ၊စစ်သားတွေဟာ တိုက်ရည်လိုက်ရည် ညံ့ဖျင်းတာစတာတွေဖြစ်တယ်လို့PDF အချို့ကပြောပါတယ် ။ ဒါကြောင့် စစ်မှုထမ်းနဲ့ စစ်တပ်ထဲပါသွားပြီးရှေ့တန်းပါသွားရင် တိုက်ပွဲမှာ သေဖို့များတဲ့အတွက် လူငယ်တွေ ၊မိဘတွေ ကိုယ့်သားသမီးတွေကို စစ်သားသစ်အစုမခံရအောင်လုပ်ကြဖို့ PDFအချို့ကပြောပါတယ်။
မြင်းခြံခရိုင်၊ ညောင်ဦး ခရိုင်က PDF တွေ ၊တော်လှန်ရေးရဲဘော်တွေကတော့ လက်နက် ခဲယမ်း ၊ကျည်ကာ စတဲ့ စစ်သုံးပစ္စည်းတွေ မပြည့်စုံသေးပေမယ့် စစ်ကောင်စီတပ်ကို အမြစ်ပြတ်အောင်တိုက်ခိုက်ချင်တဲ့ စိတ်ဓါတ်ကြောင့် အခက်အခဲတွေကိုကျော်လွှားပြီးအခုလိုတိုက်ခိုက်နိုင်တာလို့ PDF တွေကပြောပါတယ် ။
အခုလို စစ်တပ် စစ်ကြောင်းတွေ ပြုတ်အောင်၊စစ်ကြောင်းတွေပျက်အောင် အခုလိုတိုက်ခိုက်နိုင်တာဟာ တပ်ဖွဲ့တွေ ဟာ စည်းစည်းလုံးလုံး၊ ညီညီညွတ်ညွတ် နဲ့ သတ္တိကောင်းကောင်း၊ ဗျူဟာမြောက်တိုက်ခိုက်နိုင်တာတွေကြောင့်ဖြစ်တယ်လို့ PDF တွေက ပြောကြပါတယ်။ ။
