အင်းတော်မြို့သိမ်းတိုက်ပွဲ တိုက်ပွဲဝင်နေကြတဲ့ ပူးပေါင်းတပ်တွေဟာ တိုက်ခိုက်နေရင်း အံကြိတ်ပြီး ဒေါသထွက်ရသလို ခွက်ထိုးခွက်လန်ရယ်မောကြရတဲ့အဖြစ်အပျက်တစ်ခု ရှ်ိပါတယ်။
ပစ်လိုက်တဲ့သေနတ်ကျည်ဆန်တွေတိုးမပေါက်တဲ့ ဂျပန်လှိုဏ်ဂူကုန်းကို တိုက်ရင်းကနေ တောက်ခေါက်အံကြိတ်သူကျိတ်၊ တဟားဟားရယ်မောသူရယ်မောတဲ့ ၈ လကြာတဲ့ စစ်ဆင်ရေးကို ဆင်နွှဲနေကြတာပါ။
မေးခွန်းနှစ်ခု ထွက်လာပါတယ်။ သူတို့ဘာလို့ ဒေါသတကြီး တောက်ခေါက်ကြတာလဲ။ နောက်မေးခွန်းတစ်ခုက သူတို့ဘာလို့တဟားဟားရယ်မောကျတာလဲ။

Public Service Announcement
စစ်အာဏာရှင်ဆိုတဲ့အဆိပ်ပင်ကိုပေါင်းသင်ရေလောင်းမိတဲ့အဖြစ်ကဒီဂျပန်လှိုဏ်ဂူထဲမှာ ရွေးကောက်ခံအရပ်သားအစိုးရဖြစ်တဲ့ NLDလက်ထက် ၂၀၁၈ခုနှစ်က ရှိခဲ့ဖူးပါတယ်။
ဒုတိယကမ္ဘာစစ်အတွင်းကဂျပန်တွေဟာအင်းတော်မြို့မှာရှိတဲ့ဒီလှိုဏ်ဂူကိုစစ်ဆေးရုံအဖြစ် အခိုင်မာတည်ဆောက်ခဲ့ပါတယ်။ ဒီလှိုဏ်ဂူဟာ မန္တလေး-မြစ်ကြီးနားလမ်းပေါ်မှာရှ်ိပြီး အတော်အသင့်ကြီးတဲ့ တောင်ထဲမှာကျကျနန ဆောက်ထားတာဖြစ်ပါတယ်။
“နောင်လာလည်ရင်လာဝင်ကြည့်ကြ။မန်းလေးကလာရင် မြစ်ကြီးနားဘက်ကိုထွက်တဲ့ဘက်။ မော်လူးဘက်သွားတဲ့လမ်းမှာရှိတာ” လို့ တည်နေရာကိုဒေသခံတစ်ဦးကရှင်းပြပါတယ်။
နှစ်ကာလများစွာကြာပြီးတဲ့နောက်ဂျပန်လှိုဏ်ဂူအဖြစ်သာလူသိပြီးသစ်ပင်၊နွယ်ပင်တွေနဲ့ဖုံးအုပ်သွားတဲ့ဒီနေရာကို NLD အစိုးရလက်ထက်မှာ စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ရဲ့အစီအစဉ်နဲ့ပြန်လည်ပြင်ဆင်ခဲ့တာပါ။
“ရှေးဟောင်းနေရာဆိုပြီးပြင်ဆင်ခဲ့တာဗျ။လိုအပ်လို့လုပ်ခဲ့တာပါ။ဒါပေမယ့်ဒီဘက်ခေတ်ခွေးမောင်းနဲ့ပွဲမှာ ဒီဂူထဲခွေးတွေလာအောင်းနေတယ်ဗျာ။ရယ်ရခက် ငိုရခက်ပါ”
အင်းတော်မြို့သိမ်းတိုက်ပွဲ အစကနေ အဆုံးအထိ ပါခဲ့တဲ့ PDF ရဲဘော်တဦးက ရယ်ရယ်မောမော ပြန်ပြောတာပါ။
အင်းတော်မြို့သိမ်းတိုက်ပွဲကို KIA၊ABSDFနဲ့ PDFတွေက အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ် (၁) စစ်ဒေသရဲ့အစီအစဥ်နဲ့ ၂၀၂၄ ဩဂုတ်လ ၁၆ရက်မှ စတင်တိုက််ခိုက်ခဲ့တာပါ။ စစ်ကောင်စီက အင်းတော်မြို့ခုခံစစ်ကို ပဲခူးတိုင်းအခြေစိုက်အမှတ်(၇၇)ခြေမြန်တပ်မကို တာဝန်ပေးခဲ့ပါတယ်။ အပြစ်မဲ့ပြည်သူတွေကိုပါမရှောင် သတ်ရဲ ဖြတ်ရဲလှလို့နာမည်ဆိုးနဲ့လူသိများတဲ့ တပ်ရင်းတစ်ရင်းပါ။
တပ်မ(၇၇)က ၂၀၂၁ နွေဦးတော်လှန်ရေးအစောပိုင်းမှာ ၂၀၂၁ ဧပြီ ၉ ရက်မှာ ပဲခူးမြို့ပေါ်က လူထုသပိတ်ကို ဖြိုခွဲပြီး တစ်နေ့တည်း လူတစ်ရာခန့်ကိုသတ်ဖြတ်ခဲ့တဲ့တပ်ရင်းပါ။သွေးဆာနေတဲ့ ဒီတပ်မကိုစစ်ကောင်စီကအင်းတော်ကိုတပ်ရင်း(၅)ရင်း၊အင်အား၇၀၀ ခန့်အထိပို့ပြီး ခုခံခဲ့တာဖြစ်ပါတယ်။
ပူးပေါင်းတပ်တွေရဲ့မြို့သိမ်းစစ်ဆင်ရေးကို တပ်မ ၇၇ တပ်မမှူး ဗိုလ်မှူးချုပ် အောင်သက်ဦးက ဦးဆောင်ခုခံပါတယ်။စစ်ရေးဗျူဟာအရမ်းကစားခဲ့ရတယ်လို့ တိုက်ပွဲဝင်PDF ရဲဘော်တဦးကပြောပါတယ်။နွေဦးတော်လှန်ရေးမှာ PDF တွေက တပ်မမှူးတစ်ဦးကိုလက်ရဖမ်းဆီးနိုင်ခဲ့တာ ပထမဆုံးအကြိမ်လည်းဖြစ်ပါတယ်။
ပူးပေါင်းတပ်တွေက မြို့ထဲကစစ်ရေးပစ်မှတ်တွေကို မတိုက်ခိုက်ခင် ၂၀၂၄ ဇွန်လကစပြီး အင်းတော်မြို့ပတ်ချာလည်က စစ်ကောင်စီစခန်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။အင်းတော်မြို့အနီးက နံ့သာရွာစခန်းကို တိုက်ခိုက်သိမ်းပိုက်တဲ့တိုက်ပွဲမှာ စစ်ကောင်စီဘက်က ဗိုလ်ကြီး ပြုံးမောင်မောင်အပါအဝင်၁၄ဦး သေဆုံးပြီးလက်နက်များအပြား PDFတွေရရှိခဲ့ပါသေးတယ်။
အဲဒီနောက် စစ်ရေးအရ အရေးပါတဲ့ အင်းတော်မြို့ နဘားလမ်းဆုံကို ၂၀၂၄ ဩဂုတ်လ ၂၂ရက်နဲ့ အင်းတော်မြို့မရဲစခန်းကိုဩဂုတ်လ ၂၄ရက်မှာဆက်တိုက် သိမ်းယူနိုင်ခဲ့တာပါ။ စစ်ကောင်စီကထုံးစံအတိုင်း လေကြောင်းကနေအပြင်းအထန်တိုက်ခိုက်ခဲ့ပါတယ်။
မြို့ထဲကစခန်းတွေကို ပူးပေါင်းတပ်တွေကသိမ်းယူပြီးတဲ့နောက်ပိုင်းစစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာအင်းတော်မြို့မှာရှိတဲ့ နာမည်ကျော် ဂျပန်လှိုဏ်ဂူနဲ့ ဘုရားကုန်းမှာ အခိုင်အမာတပ်စွဲလိုက်ပါတော့တယ်။
ဘုရားကုန်းကိုတော့ ရက်ပိုင်းအတွင်းတိုက်ခိုက်သိမ်းယူနိုင်ခဲ့ပေမယ့်ကွန်ကရစ်အထပ်ထပ်နဲ့ မြေအောက်မှာရှိနေတဲ့ ဂျပန်လှိုဏ်ဂူကို ထိုးဖောက်တိုက်ခိုက်နိုင်ခြင်းမရှိခဲ့ပါဘူး။ဒရုန်းလည်းမဖောက်နိုင်၊ လက်နက်ကြီးလည်း မဖြုံတဲ့ ဒုတိယကမ္ဘာစစ်လက်ကျန်ဒီလှိုဏ်ဂူကြီးထဲမှာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အကာအကွယ်ရနေခဲ့တာပါ။
စစ်ကောင်စီတပ်က လှိုဏ်ဂူဝန်းကျင်နေရာတွေကနေ လက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့သလို လေကြောင်းကနေလည်း စိတ်ထင်ရင်ထင်သလိုလာပြီးတိုက်ခိုက်နေခဲ့တာပါ။ ဒီလိုနဲ့ပဲ စစ်ဆင်ရေးဟာမပြီးပြတ်ဘဲ လပေါင်းများစွာကြာနေခဲ့ပါတယ်။ ပူးပေါင်းတပ်တွေကလည်း လေကြောင်းနဲ့လက်နက်ကြီးရန်ကို အံတုပြီး လနဲ့ချီပြီး ပိတ်ဆို့ထားခဲ့ရပါတယ်။
ဒီလိုနဲ့ လိပ်ခဲတည်းလဲဖြစ်နေတဲ့ အင်းတော်မြို့သိမ်းစစ်ဆင်ရေးဟာ စစ်ကောင်စီက ဧပြီလ ၂ ရက်ညမှာ တစ်ပတ်ရိုက်ထုတ်ပြန်လိုက်တဲ့ အပစ်ရပ်စာချုပ်ကို ချိုးဖောက်မှုနဲ့အတူ တိုက်ပွဲခေါ်သံ တကျော့ပြန်ညံခဲ့ပါတယ်။
မတ်လ နှောင်းပိုင်းပိုင်းမှာ သမိုင်းတလျှောက်ဖျက်အားအပြင်ဆုံး စစ်ကိုင်းငလျင်နဲ့အတူထွက်ပေါ်လာတဲ့အပစ်ရပ်စာချုပ်တွေ ရှိခဲ့ပါတယ်။ ငလျင်ဒဏ်သင့်ဒေသတွေမှာ မတ်လ ၃၀ရက်ကနေ ဧပြီလ ၁၂ရက်အထိ ခုခံစစ်ကလွဲပြီး ထိုးစစ် တွေ ရပ်ထားမယ်လို့ NUGက ကြေညာပြီး ထိုးစစ်တွေရပ်ခဲ့ပါတယ်။ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ကလည်း ဧပြီ ၁ ရက်ကနေ ဧပြီ ၃၀အထိတစ်လ အပစ်ရပ်ကြေညာခဲ့ပါတယ်။ စစ်ကောင်စီကလည်း ဧပြီလ ၂ရက်ကနေ ဧပြီလ ၂၂ရက်အထိ ရက်၂၀ အပစ်ရပ်မယ်လို့ကြေညာခဲ့ပါတယ်။
NUGက ထိုးစစ်တွေရပ်ထားချိန်မှာပဲ ဂျပန်လှိုဏ်ဂူအောင်း စစ်ကောင်စီအုပ်စုကဂူအပြင်ကိုထွက်ပြီးစစ်ကြောင်းထိုးဖို့လုပ်လာပါတော့တယ်။ဒီလိုနဲ့ တိုက်ပွဲတွေပြန်ဖြစ်ပြီး အင်းတော် မြို့သိမ်းတိုက်ပွဲကိုလက်စသတ်လိုက်တာလို့ PDF ရဲဘော်တစ်ဦးကပြောပါတယ်။ လနဲ့ချီပြီး အကာအကွယ်ယူခဲ့တဲ့သမိုင်းဝင် ဂျပန်လှိုဏ်ဂူကို ဝင်ရောက်စီးနင်းတိုက်ခိုက်နိုင်ခြင်းနဲ့အတူ ၂၀၂၄ ဩဂုတ်လ ၁၆ရက်၌ စတင်ခဲ့တဲ့ အင်းတော်မြို့သိမ်းတိုက်ပွဲဟာ ၂၀၂၅ ဧပြီလ ၇ရက်မှာ ပြီးဆုံးခဲ့ပါတယ်။
ထွက်ပြေးသွားတဲ့ တပ်မ(၇၇)တပ်မမှူးဂူအောင်း ဗိုလ်မှူးချုပ်အောင်သက်ဦးနဲ့ စစ်သုံ့ပန်းတသီတတန်းကြီးကိုလည်း ပူးပေါင်းတပ်တွေက ဖမ်းမိထားပါတယ်။ ဒါဟာ စစ်ကိုင်းတိုင်းထဲကတိုက်ပွဲတွေမှာ ဗိုလ်မှူးချုပ်တဦးကို ပထမဆုံးအကြိမ်ဖမ်းမိတာလည်းဖြစ်ပါတယ်။
ရှစ်လတိုင် ကြာခဲ့တဲ့ အင်းတော်မြို့သိမ်းတိုက်ပွဲမှာ ပူးပေါင်းတပ်ဘက်က ရဲဘော်တွေလည်း ကျဆုံးထိခိုက်မှုတွေခဲ့ပါတယ်။ အင်းတော်ဟာ ကချင်နဲ့ စစ်ကိုင်းနယ်မြေစိုးမိုးရေးမှာ အချက်အချာကျတဲ့နေရာဖြစ်ပြီး အခုဆိုရင်စစ်ကောင်စီအနေနဲ့ ကချင် နဲ့ စစ်ကိုင်း မြေပြင်ကနေသွားလာလို့မရတော့ဘူးလို့ စစ်ရေးစောင့်ကြည့်လေ့လာသူတွေကဆိုပါတယ်။
“အင်းတော်မြို့က ရွှေဘို ၊မြစ်ကြီးနား ကားလမ်း ၊မီးရထားလမ်းဆုံရာမှာရှိတယ် ။ပြီးတော့ ရှမ်းမြောက် ၊ကချင် ၊စစ်ကိုင်း အတွက် အဓိကကြတဲ့ ၊ ဗဟိုချက်မ နေရာတစ်ခုဖြစ်တယ် ။အခုဆိုရင် စစ်ကောင်စီဟာ မပခ ၊မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ကချင်ပြည်နယ်ဖြစ်တဲ့ မိုးညှင်း၊မိုးကောင်း ၊မြစ်ကြီးနားဘက်ကိုမြေပြင်ကနေ လုံးဝ တောက်ပံ့ပို့ဆောင်မှုတွေ မလုပ်ဆောင်နိုင်တော့တဲ့ အနေအထားအထိ အကြပ်ရိုက်သွားပါတယ်။အင်းတော်ဟာ ရှမ်းမြောက်နဲ့ ကချင် ၊စစ်ကိုင်းအတွက် တကယ့် ဝင်ပေါက် ၊ထွက်ပေါက်ဖြစ်ပါတယ်။ စစ်ကိုင်းကနေ ဆင့်ပွားမယ်ဆိုရင် ချင်းနဲ့ မကွေး ၊ရခိုင်အထိတောင် ရပြီ “လို့ CDM ဗိုလ်ကြီးဇင်ယော်က အင်းတော်မြို့စစ်ရေးအရ အရေးပါပုံကိုပြောပါတယ် ။
“အဲတော့ ကာကွယ်ရေးတပ်ဖွဲ့တွေ လက်ယှက်ထိုးစစ်ကြိုက်စစ်ကစားပုံဖော်နိုင်တဲ့အနေအထားမျိုးတွေအတွက်ရသွားပြီ။ တော်လှန်ရေးအတွက်အားသာချက်တော်တော်လေးကြီးကြီးမားမားရလိုက်တယ်လို့ပြောရမှာဖြစ်ပါတယ်”လို့ CDM ဗိုလ်ကြီးဇင်ယော်က သုံးသပ်ပါတယ်။
အင်းတော်မြို့သိမ်းတိုက်ပွဲမှာ အဓိက ဇာတ်ကောင်အနေနဲ့ အသုံးတော်ခံခဲ့ရတဲ့ဂျပန်လှိုဏ်ဂူဟာ အခုအခါမှာတော့ စစ်ကောင်စီကင်းစင်နယ်မြေဖြစ်သွားပါပြီ။ ရှေးဟောင်းအမွေအနှစ်နေရာအဖြစ် ထိန်းသိမ်းဖို့ကြိုးစားခဲ့တဲ့ NLDအစိုးရရဲ့ စစ်ကိုင်းတိုင်းဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင်တစ်ယောက် ဒီသတင်းကြားရင် အကျဉ်းထောင်ထဲမှာ ပြုံးပြုံးကြီးရှိနေနိုင်တယ်လို့ NLDပါတီဝင်ကနေ PDFဖြစ်လာတဲ့ အင်းတော်မြို့သိမ်းတိုက်ပွဲဝင် ရဲဘော်က ရယ်ရယ်မောမော ဆိုလိုက်ပါတယ်။ ။
