Connect with us

Hi, what are you looking for?

ဆောင်းပါး

“စစ်ကိုင်းငလျင် တစ်လပြည့်မန္တ​လေး”

လူ့အသက်ပေါင်းများစွာ ခေါ်ဆောင်သွားတဲ့၊ အဆောက်အအုံပေါင်းများစွာ လဲပြိုစေခဲ့တဲ့ စစ်ကိုင်းငလျင်ကြီး တစ်လပြည့်ခဲ့ပါပြီ။ တစ်လပြည့်သွားတဲ့အခါ ငလျင်ဘေးဒဏ်သင့် မန္တလေးမြို့မှာ ဘယ်လိုအခြေအနေတွေ ရှိနေပြီလဲဆိုတာ​ကို ပြောပြပေးမှာပါ။

ငလျင်တလပြည့်သည့် ဧပြီ ၂၈ ရက်နံနက်ပိုင်းက မန္တလေးမြို့လယ် ၈၄ လမ်းနှင့် ၂၉ လမ်းထောင့်ရှိ အဆောက်အအုံအား ရှင်းလင်းနေသည်ကို တွေ့ရစဥ်။ ဓာတ်ပုံ-CJ

Scorpio/People’s Spring

လူ့အသက်ပေါင်းများစွာ ခေါ်ဆောင်သွားတဲ့၊ အဆောက်အအုံပေါင်းများစွာ လဲပြိုစေခဲ့တဲ့ စစ်ကိုင်းငလျင်ကြီး တစ်လပြည့်ခဲ့ပါပြီ။ တစ်လပြည့်သွားတဲ့အခါ ငလျင်ဘေးဒဏ်သင့် မန္တလေးမြို့မှာ ဘယ်လိုအခြေအနေတွေ ရှိနေပြီလဲဆိုတာ​ကို ပြောပြပေးမှာပါ။

၁။ တစ်လကြာတဲ့အထိ ရုပ်အလောင်းထုတ်ယူမှုတွေမပြီးသေး

ပြားပြားဝပ်သွားတဲ့ အဆောက်အအုံတွေအောက်မှာ မဖော်ရသေးတဲ့ ရုပ်အလောင်းတွေ ကျန်ရှိနေပြီး တစ်လပြည့်တဲ့ ဒီကနေ့ ဧပြီ ၂၈ ရက်အထိ ရုပ်အလောင်းတွေ ဖော်ယူနေရတုန်းပါ။ ဒီကနေ့မှာ မန္တလေးမြို့က ပြိုကျကွန်ဒို Sky Villa ကွန်ဒို အဆောက် အဦး အဆောင် (C) နဲ့ အဆောင် (D)အောက်က ရုပ်အလောင်းထုတ်ယူရေးလုပ်ငန်းတွေ ဆောင်ရွက်ပေးရဆဲဖြစ်ကြောင်း မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာနကနေ ထုတ်ပြန်ထားပါတယ်။

Public Service Announcement

Public Service Announcement

တစ်ကယ်​တော့ တစ်လဆိုတာ အ​ရေး​ပေါ်ကယ်ဆယ်​ရေးလုပ်ငန်း​တွေပြီး​နေရမယ့်အချိန်ပါ။ဒါ​ပေမယ့် မန္တ​လေးမြို့မှာ အပျက်အစီး​တွေကြား​သေဆုံးသွားသူ​တွေရဲ့ ရုပ်အ​လောင်း​တွေကို​တောင်ထုတ်မပြီး​သေးတဲ့အ​ခြေအ​နေက စစ်ကိုင်းငလျင်ကြီးအလွန် အ​ရေး​ပေါ်ကယ်ဆယ်​ရေးနဲ့ ပြတ်လည်ထူ​ထောင်​ရေး အ​ခြေအ​နေဘယ်လိုရှိတယ်ဆိုတာမီး​မှောင်းထိုးပြပါတယ်။

၂။ မရှင်းနိုင်သေးတဲ့ အပြိုအပျက်များ

ပြိုကျသွားတဲ့ အဆောက်အအုံတွေ၊ ပြိုလုလုအဆောက်အအုံတွေကို တစ်လပြည့်တဲ့အထိ ရှင်းလင်းနိုင်ခြင်း မရှိသေးပါဘူး။ စစ်ကောင်စီလက်အောက်ခံ မန်းစည်ပင်က စက်ယန္တရားအခမဲ့နဲ့ ဖြိုပေးနေတယ်လို့ဆိုပေမယ့် သွားရောက်ဆက်သွယ်မေးမြန်းတိုင်း စောင့်ရဦးမယ်လို့ ဖြေကြားတဲ့အကြောင်းအပြိုအပျက်အိမ်ရှင်တွေကပြောပါတယ်။

ဒါ့အပြင်အိမ်အပြိုအပျက်ရှင်းလင်းတဲ့အခါမှာလည်း ကောင်းမွန်တဲ့ အစီအမံတွေ၊ အကူအညီတွေ မရရှိဘဲ ကိုယ်ထူကိုယ်ထဖြေရှင်းနေရတာဖြစ်တဲ့အတွက် ပြိုတဲ့အိမ်နဲ့ မပြိုတဲ့ဘေးကအိမ်တွေကြားမှာ လူမှုရေးပြဿနာတွေလည်း အများကြီးဖြစ်ပေါ်နေပါတယ်။

“သူ့အိမ်ထိမှာစိုးလို့ ဆက်မဖြိုဖို့တားလို့ စကားများရတယ်။”လို့ တိုက်ပြိုအိမ်ရှင်တဦးက ပြောပါတယ်။

ကိုယ်ထူကိုယ်ထ အပျက်အစီး​တွေရှင်းမယ်ဆိုရင်​တောင် ကုန်ကျစာရိတ်​တွေကြီးလွန်းတာမို့ ​မြေငလျင်ကြီးဒဏ်ခံရပြီး ဥစ္စာပစ္စည်း​တွေဆုံးရှုံးခဲ့ရတဲ့ ပြည်သူ​အများစုအတွက် မတက်နိုင်ကြပါဘူး။ဒါ​ကြောင့် အ​ခြေခံပြည်သူ​တွေက အလှူရှင်ရှိရင်ရှိ၊ မရှိရင် ဘယ်​တော့မှ ကိုယ့်အိမ်အလှည်​ရောက်မယ်မသိတဲ့ စစ်​ကောင်စီရဲ့ အစီအစဥ်ကို​စောင့်​နေရမယ့်အ​ခြေအ​နေဖြစ်ပါတယ်။

၃။ အိမ်ကြံ့ခိုင်မှုစစ်ဆေးဖို့ အိမ်ပေါင်းရာချီစောင့်ဆိုင်းနေရ

ငလျင်ကြောင့်အနည်းငယ်တိမ်းစောင်းသွားတဲ့တိုက်တွေ၊အက်ကွဲကြောင်းလိုက်သွားတဲ့တိုက်တွေကိုစစ်ဆေးပေးဖို့ အိမ်ရှင်တွေက အခမဲ့လိုက်စစ်ပေးနေတဲ့ အင်ဂျင်နီယာအဖွဲ့တွေဆီ အကူအညီတောင်းတယ်။ ဒါပေမဲ့ ဘော်လန်ဒီယာ အင်ဂျင်နီယာ အများစုဟာ စားဝတ်နေရေးကြောင့် မူလ လုပ်ငန်းခွင်အတွင်း ပြန်လည်ဝင်ရောက်နေပြီမို့၊ လုပ်အား ပေး အင်အား ထက်ဝက်မက နည်းပါးနေပြီလို့ အင်ဂျင်နီယာအဖွဲ့အစည်းတခုမှာပါဝင်သူတဦးက ဆိုပါတယ်။

ကျန်ရှိနေတဲ့ လုပ်အားပေး အင်ဂျင်နီယာတွေကလည်း မကြာမီ အချိန်ပိုင်း လောက်ပဲ လုပ်နိုင်ကြတော့မှာလို့ သူကပြောတယ်။ ၎င်းတို့အဖွဲ့ဟာ အိမ်အလုံးပေါင်း ၁၁၄၉ လုံးကို စစ်ဆေးပေးဖို့ အဆိုင်းပေးထားပြီး အလုံး ၃၀၀ ကျော် အဆိုင်းခွဲပေးဖို့ အင်ဂျင်နီယာမရှိတော့ဘူးလို့ သိရတယ်။ ဒါ့အပြင် အင်ဂျင်နီယာအသင်း မန္တလေးမှာ အိမ်ကိုစစ်ဆေး ပေးရန် စာရင်းလာပေးထားသူ ရာကြီးပိုင်း ရှိနေပါသေးတယ်လို့ သိရပါတယ်။

၄။ နိုင်ငံတကာအကူအညီတွေ စစ်ကောင်စီ ပြန်လည်ဖြန့်ဝေပေးခြင်းမရှိသေး

နိုင်ငံတကာကအလှူငွေပေါင်း မြောက်များစွာရရှိထားတဲ့ စစ်ကောင်စီဟာငလျင်လှုပ်ပြီးတစ်လကြာတဲ့အထိ သူတို့ဆီရောက်ထားတဲ့နိုင်ငံတကာက အကူအညီတွေ၊ အုပ်ချုပ်သူကကူညီရမယ့်လုပ်ငန်းတွေကို စတင်နိုင်ခြင်းမရှိသေးဘူးလို့ မန္တလေးမြို့ခံတွေက ပြောပါတယ်။ ခြွင်းချက်အနေနဲ့ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကတော့စစ်တပ်ထောက်ခံသူ များပြားတဲ့ မိတ္ထီလာမြို့မှာ ငလျင်ကြောင့် သေဆုံးသူတဦးကို ငွေကျပ်သုံးသိန်း၊ ထိခိုက်သူတဦးကို ငွေကျပ်ငါးသောင်းနှုန်း ထောက်ပံ့သွားတယ်လို့ ဆိုပါရတယ်။ ဒါပေမယ့် တခြားငလျင်ဘေးသင့်ဒေသတွေကိုတော့ အဲဒီလိုထောက်ပံ့တာမျိုး လုံးဝမရှိသေးပါဘူး။

ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP)အ​နေနဲ့ မန္တလေး၊ စစ်ကိုင်း၊ ရှမ်းပြည်တောင်ပိုင်းနဲ့ နေပြည်တော်တို့က ငလျင်ဘေးသင့်သူ ၃ သိန်း ခန့်ကို အရေးပေါ်စားနပ်ရိက္ခာနဲ့ငွေသားအထောက်အပံ့တွေ ပေးအပ်ခဲ့တယ်လို့တစ်လပြည့်​နေ့မှာထုတ်ပြန်ပါတယ်။ လာမယ့်လတွေမှာ လူဦးရေ ၃၈၀,၀၀၀ ခန့်ကို ထပ်ပြီးအကူအညီပေးသွားဖို့ ရည်ရွယ်ထားတယ်လို့လည်းဆိုပါတယ်။

ငလျင်ဒဏ်ပြင်းပြင်းထန်ထန်ခံစားခဲ့ရတဲ့ဒေသတွေမှာ ဝမ်းရေးအခက်အခဲကိုရင်ဆိုင်နေကြရတဲ့ လူဦးရေ စုစုပေါင်း ၂.၈ သန်းအထိရှိနေတာမို့ အကူအညီ​ပေးနိုင်တာက လိုအပ်ချက်နဲ့ နှိုင်းယှဥ်လိုက်ရင် သေးငယ်တဲ့ ပမာဏပဲရှိပါသေးတယ်လို့ WFP ကဝန်ခံပါတယ်။

ငလျင်သင့်​​ဒေသကပြည်သူ​တွေအများအစုက​တော့ နိုင်ငံတကာအဖွဲ့အစည်း​တွေကအကူအညီနဲ့ စစ်​ကောင်စီ​ပေးတယ်ဆိုတဲ့အကူအညီ​တွေဟာ ကြားပဲကြားရပြီး မရဖူးသူများတာမို့ ရဖို့ခက်ခဲ​တယ်လို့​ပြောကြပါတယ်။

၅။ စီးပွားရေးမလည်ပတ်နိုင်သေးတဲ့ မြို့တော်

မန္တလေးမြို့က ငလျင်ဒဏ်သင့်ခဲ့တဲ့ စျေးချိုနဲ့ မန်းမြန်မာပလာဇာကိုပြီးခဲ့တဲ့ဧပြီ ၂၄ ရက်က ပြန်လည်ဖွင့်လှစ်ခဲ့ပါတယ်။ ဒါပေမဲ့ ငလျင်ကြောက်လို့ ဆိုင်ပြန်ဖွင့်သူနည်းပါးတယ်လို့ ဆိုင်ရှင်တွေက ပြောပြပါတယ်။

“မန်းမြန်မာ၂၅ထပ်ကြီးကဘာမှန်းမသိသေးတော့ အိမ်မှာပဲအရောင်းအဝယ်လုပ်နေတယ်။”လို့ စျေးချိုတော်က အရုပ်ဆိုင်ရှင်တဦးက ပြောပါတယ်။ ဒါ့အပြင် စျေးချိုတော်လို အရောင်းအဝယ်အဓိက ကျတဲ့ ရတနာပုံစျေးနဲ့ ဒိုင်းမွန်းပလာဇာဟာလည်း ငလျင်ဒဏ်ကြောင့် အပျက်အစီးရှိတဲ့အတွက် တစျေးလုံး ပိတ်ထားရပါတယ်။

မန္တလေးရဲ့ အဓိကကျတဲ့ နောက်ထပ် စီးပွားရေးတစ်ခုဖြစ်တဲ့ ကျောက်စျေးကွက်ကလည်းကောင်းကောင်း ပြန်မစနိုင်သေးဘူးလို့ ကျောက်သမားတွေက ဆိုပါတယ်။ “သွားသာသွားနေရတာ။ အလုပ်မဖြစ်ဘူး။ ဝယ်လက်မရှိဘူး။”လို့ ကျောက်သမားတဦးက ပြောပါတယ်။

ဒါ့ကြောင့် မန္တ​လေးမြို့မှာနေထိုင်သူတွေ၊ မန္တလေးနဲ့ဆက်စပ်လုပ်ကိုင်နေရသူတွေ လုပ်ငန်းလည်ပတ်ဖို့ ခက်ခဲနေကြပါတယ်။

“မန္တလေးစျေးကွက်ကတော့ ပျက်သွားပြီ”လို့ စာအုပ်ထုတ်ဝေရေးလုပ်ငန်း လုပ်ကိုင်သူတဦးက ပြောပါတယ်။

“ရှေ့လျှောက် ဘယ်လိုလုပ်ရမှန်းတောင် မသိတော့ဘူး။တိုက်တွေပြိုတော့ကျွန်တော်တို့အလုပ်တွေအကုန်လုံးရပ်ထားရတာ။ တော်တော်ထိတယ်။”လို့ ပရိဘောဂလုပ်ငန်း လုပ်ကိုင်သူတဦးက ပြောပါတယ်။

စီးပွားရေးနာလန်မထူသေးတော့ ငှားစီးမယ့်သူကိုမရှိဘူးလို့ မီနီအိုးဝေသုံးဘီးယာဥ် မောင်းနှင်သူတဦးကပြောပြတယ်။”အရင်ကတော့ ဟိုပို့ဒီပို့နဲ့တနေကုန်သွားရသေးတယ်။အခုအလုပ်တွေက ဘာမှမဖြစ်ကြတော့ ငှားမယ့်သူကိုမရှိလို့ ငုပ်တုပ်ထိုင်နေရတယ်။”လို့ သူက ပြောပြတယ်။

၆။ အကူညီတွေလိုအပ်နေသေးတဲ့ငလျင်ဘေးဒဏ်သင့် ပြည်သူများ

ငလျင်လှုပ်ပြီး နှစ်ပတ်လောက်ကြာတဲ့အထိ ပြည်သူအချင်းချင်းလှူဒါန်းကြတာတွေ များပြားခဲ့ပေမဲ့ အခုအခါမှာတော့ လှူတာတန်းတာတွေ နည်းပါးလာပြီလို့ ငလျင်ဘေးသင့်ပြည်သူတွေက ပြောပါတယ်။ လှူကြတဲ့အခါမှာလည်း စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူးတွေ၊ ရာအိမ်မှူးတွေက သူတို့မိသားစုဆွေမျိုးတွေ၊ နီးစပ်ရာတွေကို လက်သင့်ရာစားတော်ခေါ်တဲ့အတွက် တကယ့်ဒုက္ခသည်တွေ အကူအညီမရဘူးလို့ ဒေသခံတွေက ပြောပါတယ်။

၇။ နောက်ဆက်တွဲငလျင်​တွေ နဲ့ အပူဒဏ်ခံ​နေရ

နောက်ဆက်တွဲငလျင်ငယ်တွေကြောင့်ပြည်သူတွေဟာထိတ်လန့်နေရဆဲဖြစ်ပြီးတစ်လပြည့်ကာနီး နာရီပိုင်းအလို ဧပြီ ၂၇ ရက်ညကလှုပ်ခတ်ခဲ့တဲ့ ငလျင်ဟာလည်း အနည်းငယ်ပြင်းထန်တာကြောင့် ပြည်သူတွေဟာ ထိတ်လန့်နေကြပါတယ်။

“ညကလှုပ်တာပြင်းတော့ အပြင်ပဲ ပြန်ထွက်အိပ်လိုက်တာ”လို့ မန္တလေးမြို့ပေါ် နေထိုင်သူတဦးက ပြောပါတယ်။

ဒါ့အပြင် မန္တလေး၊ စစ်ကိုင်း၊ အင်းဝက ငလျင်ဘေးသင့်ပြည်သူတွေဟာငလျင်ဒဏ်အပြင် ပြင်းထန်တဲ့​နွေအပူဒဏ်ကိုပါရင်ဆိုင်နေရပြန်ပါတယ်။ ဒါအပြင်လျှပ်စစ်မီးတွေဟာလည်း ဆိုးရွားစွာ ပြတ်တောက်နေတာကြောင့် ရေနဲ့မီးအခက်အခဲပါ ကြုံတွေ့နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အင်အားပြင်းငလျင်ကြီးဒဏ်ခံလိုက်ရတဲ့မန္တလေးမြို့က နေရာအချို့မှာ အဝီစိရေတွင်းတွေ ထိခိုက်ပျက်စီးသွားပြီး ပြန်လည်ပြုပြင်ရတာ၊ အသစ်ပြန်တူးရတာတွေ ရှိနေတယ်လို့ဒေသခံတွေဆီကသိရပါတယ်။

သတင်း

တော်လှန်ရေးကာလတလျှောက် အကြမ်းဖက်စစ်အုပ်စုက ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေကြောင့် အသက်၊အိုးအိမ်၊ စည်းစိမ်တွေ ပျက်စီးဆုံးရှုံးခဲ့ကြရသည့် ပြည်သူ တစ်ဦးတစ်ယောက်ချင်းစီတိုင်းနှင့် ကျဆုံးခဲ့ကြသော တော်လှန်ရေးတပ်ဖွဲ့ဝင်များအားလုံးအတွက် တရားမျှတမှုတခုကို ပြန်လည်ရ ယူနိုင်ရေးသည် အမျိုးသားညီညွတ်ရေးအစိုးရအပါအဝင် တော်လှန်ရေးအင်အားစု အားလုံး၏ တာဝန်ဖြစ်ကြောင်းခံယူထားဟု NUGပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောသည်။

သတင်း

မန္တလေးမြို့မှာ လတ်တလောဆောက်လုပ်နေတဲ့ဆောက်လက်စ အဆောက် အဦးတွေအားလုံးရပ်ဆိုင်းထားဖို့နဲ့ စစ်ဆေးပြီးမှသာ ဆက် လက်ဆောက်လုပ်ခွင့်ပြုမယ်လို့ မန္တလေးစည်ပင်က မေလ ၁၀ ရက်မှာ ကြေညာပါတယ်။

ဆောင်းပါး

မန္တလေးမှာ ရာသီဥတုပူပြင်းလွန်းတာကြောင့် ကြောက်ကြောက်နဲ့ မျှော်ခဲ့ရတဲ့မိုးဟာ မေလ ၁ဝ ရက် ညနေပိုင်းမှာ တအုန်းအုန်းနဲ့ ချလာခဲ့ပါတယ်။ ကြောက်ကြောက်နဲ့ ဆိုတာက ငလျင်ကြီးကြောင့် ယိုင်နဲ့နေတဲ့အဆောက်အအုံတွေ မိုးရွာလို့ ပြိုကျမှာကို ကြောက်ကြတာပါ။ ထင်တဲ့အတိုင်းပါပဲ။

Facebook