ကဖေး/People’s Spring
အညာရဲ့ မေလမိုးကတစိမ့်စိမ့်ရွာနေပါတယ်။ ရွှံ့ဗွက်တွေပြည့်နေတဲ့ ခြံဝင်းတစ်ခုထဲကို ဝတ်စုံပြည့်ဝတ်ဆင်ထားတဲ့ PDF တွေဝင်လာကြပါတယ်။ ရဲဘော်ငါးဦးက PDF အလံတစ်ခု၊PDFစစ်ယူနီဖောင်းတစ်စုံ၊ဘောင်ခတ်ထားတဲ့ဓာတ်ပုံနှစ်ပုံနဲ့ထောက်ပံ့ငွေကြေးတစ်ထုပ်ကို ပွေ့ယူလာပါတယ်။
ခြံလေးထဲအဝင်မှာဝမ်းနည်းဖွယ်ငိုကြွေးသံက ဆီးကြိုနေပါတယ်။ခြေညှပ်ဖိနပ်ဝတ်ထားတဲ့ ရဲဘော်တွေဟာ ခြံဝမှာပဲ သူတို့ရဲ့ ဖိနပ်တွေကို ချွတ်ထားခဲ့ပါတယ်။ ရဲဘော်အားလုံး ခြံဝင်းထဲ အရောက်မှာတော့ ငိုကြွေးနေသူ အညာသူကြီးနဲ့ မျက်ရည်ကျမှာစိုးလို့အံကျိတ်ထိန်းချုပ်နေသူ အညာသားကြီးရှေ့မှာသတိဆွဲပြီးအလေးပြုကြပါတယ်။ပြီးတော့ ဒူးပဆစ်တုပ်ထိုင်ချပြီးကန်တော့လိုက်ကြပါတယ်။
အညာသူကြီးဟာငိုကြွေးမြဲငိုကြွေးလျက်။အညာသားကြီးကလည်း ထိန်းထားတဲ့ကြားက ကျလာတဲ့မျက်ရည်တွေကို လက်နဲ့ဆီးကာရင်း နှုတ်ဆိတ်နေရှာပါတယ်။

Public Service Announcement
ဘောင်ခတ်ထားတဲ့ဓာတ်ပုံထဲက သူကတော့ ယင်းမာပင်ခရိုင်တပ်ရင်း(၂၈)တပ်ခွဲမှူးနိုင်းနိုင်းရဲ့ ပုံပါ။ အသက် ၂၁နှစ်အရွယ် နိုင်းနိုင်းဟာ KIA ဦးဆောင်ပြီး ဆင်နွှဲနေတဲ့ ဗန်းမော်မြို့သိမ်းတိုက်ပွဲမှာ မေလ ၂၂ ရက်က ကျဆုံးခဲ့တာဖြစ်ပါတယ်။
သားဖြစ်သူဝတ်ခဲ့တဲ့ PDF စစ်ယူနီဖောင်းကိုပြန်ယူလာပြီးမိဘတွေဆီကိုထောက်ပံ့ငွေကျပ်သိန်း၅၀နဲ့အတူအပ်ပေးတာလို့ယင်းမာပင်ခရိုင်တပ်ရင်း(၂၈)တပ်ရင်းမှူးဗိုလ်စွမ်း(ခ)စွမ်းသူမောင်ကပြောပါတယ်။
အရပ်အမောင်းမြင့်မြင့်မားမားနဲ့ ကြံ့ခိုင်တဲ့ကိုယ်ခန္ဓာပိုင်ဆိုင်ထားတဲ့ရဲဘော်နိုင်းနိုင်းဟာ စစ်တပ်က ၂၀၂၁ အာဏာသိမ်းပြီးနောက်ပိုင်းအညာမှာ ပေါ်ပေါက်လာတဲ့ လူထုခုခံတော်လှန်စစ်မှာ ဒေသကာကွယ်ရေးတပ်ဖြစ်တဲ့ တွေ့ရာသင်္ချိုင်းဓားမဆိုင်းတပ်ဖွဲ့ထံချိတ်ဆက်ပြီး တော်လှန်ရေးထဲ ခြေစုံပစ်ဝင်ခဲ့သူဖြစ်ပါတယ်။ မိဘတွေရဲ့အလုပ်ကိုကူညီနေရာကနေPDFရဲဘော်ဖြစ်လာသူပါ။အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနတပ်ရင်းတပ်ဖွဲ့တွေစုစည်းတဲ့အခါတွေ့ရာသင်္ချိုင်းဓားမဆိုင်းတပ်ဖွဲ့ဟာ ယင်းမာပင်ခရိုင်တပ်ရင်း(၂၈) ဖြစ်လာပါတယ်။
ရဲဘော်နိုင်းနိုင်းကစည်းကမ်းလိုက်နာမှုကောင်းသလို တိုက်ရည်ခိုက်ရည်ပြည့်ဝတာ၊ ရိုးသားပြီးထက်မြက်သူဖြစ်တာတွေကြောင့် တပ်ခွဲမှူးတာဝန်ကို ယုံယုံကြည်ကြည်ပေးအပ်ခဲ့တာလို့ ဗိုလ်စွမ်းကပြောပါတယ်။သူတက်ရောက်ခဲ့တဲ့စစ်သင်တန်းတွေမှာလည်းစံပြဆုရခဲ့သူဖြစ်ပါတယ်။
“သောက်ရေခတ်မယ်ဆိုရင်တောင်ရဲဘော်ကိုမခိုင်းဘဲသူ့ဘာသာသူခက်တဲ့ကလေး။တောင်ဆိုရင်မြောက်မရောက်ဘူး။မြောက်ဆိုရင်တောင်မရောက်ဘူး။ သိပ်တော်တဲ့ကလေးဖြစ်တယ်” လို့ တပ်ရင်းမှူးဗိုလ်စွမ်းက ချီးကျူးပါတယ်။
ရဲဘော်နိုင်းနိုင်းက ယင်းမာပင်ခရိုင်ထဲက စစ်ကောင်စီစစ်ကြောင်းတွေကိုတိုက်ခိုက်တဲ့တိုက်ပွဲတွေမှာ အစွမ်းပြခဲ့သလို ကသုံးလုံးစစ်ဆင်ရေးလို့ခေါ်တဲ့ ပင်လယ်ဘူးမြို့သိမ်းတိုက်ပွဲမှာလည်း ၆လကျော်ကြာ တိုက်ပွဲဝင်ခဲ့သူဖြစ်ပါတယ်။
ပင်လယ်ဘူးမြို့သိမ်းတိုက်ပွဲမှာလည်း ရဲဘော်နိုင်းနိုင်းနဲ့ ကာကွယ်ရေးရဲဘော်တွေဟာ တိုက်ပွဲအတွေ့အကြုံတွေရခဲ့ပြီးစစ်အာဏာရှင်တော်လှန်ရေးအတွက် ပိုပြီးစိတ်အားထက်သန်လာကြပါတယ်။
ပင်လယ်ဘူးမြို့ကိုတိုက်ခိုက်သိမ်းယူပြီးတဲ့နောက် စစ်ဆင်ရေးတာဝန်တွေကိုဆက်လက်ထမ်းဆောင်နေခဲ့ပြီး ပြီးခဲ့တဲ့ ဧပြီလ ၅ရက်နေ့မှာ မိခင်တပ်ရင်းဆီပြန်လာခဲ့ပါတယ်။ ရက်အနည်းငယ်ပဲအနားယူခဲ့ပြီး ဗန်းမော်မြို့သိမ်းတိုက်ပွဲအတွက် မနောမြေဆီ ထပ်မံချီတက်တိုက်ပွဲဝင်ခဲ့ပါတယ်။
“သူက ဗန်းမော်ကိုတောင် တန်းသွားချင်တာ။အဲဒီလိုမရဘူး။မိခင်တပ်ရင်းကို ပြန်လာရမယ်ဆိုလို့ ပြန်လာတာ” လို့ ဗိုလ်စွမ်းကပြောပါတယ်။
ဗန်းမော်မြို့သိမ်းတိုက်ပွဲမှာလည်း ရဲဘော်နိုင်းနိုင်းက ပူးပေါင်းတပ်တွေနဲ့အတူ လက်စွမ်းပြခဲ့ပြန်ပါတယ်။မကျဆုံးခင် ရက်ပိုင်းအလိုမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ကိုသုတ်သင်နိုင်ခဲ့သေးတယ်လို့ အတူတိုက်ပွဲဝင်ခဲ့တဲ့ ကာကွယ်ရေးရဲဘော်တစ်ဦးကပြောပါတယ်။
ရဲဘော်နိုင်းနိုင်းကျဆုံးတာက မေလ ၂၂ရက်ဖြစ်ပါတယ်။ အဲဒီမတိုင်ခင် မေလ ၂၀ရက်မှာဗန်းမော်မြို့အခြေစိုက်စကခ(၂၁)သို့ ဆင်းသက်ဖို့ ကြိုးစားတဲ့ စစ်ကောင်စီရဟတ်ယာဉ် ၂ စင်းကို KIA နဲ့ PDF ပူးပေါင်းတပ်တွေကပစ်ချခဲ့ပါတယ်။ အဲဒီနောက်ပိုင်း စစ်ကောင်စီက လေကြောင်းကနေနည်းမျိုးစုံဗုံးကြဲတာမှာ ရဲဘော်နိုင်းနိုင်းဟာ ဒရုန်းဗုံးထိမှန် ဒဏ်ရာရပြီးကျဆုံးခဲ့တာဖြစ်ပါတယ်။
“သူဘယ်သူ့ကိုမှ အကူအညီတောင်းချိန်မရလိုက်ဘူး။မိုင်းစက နှလုံးကို ဖောက်ဝင်ပြီး နေရာမှာတင်ကျဆုံးသွားတာ။သူဝေဒနာတွေမခံစားခဲ့ရဘူးဆိုတဲ့စိတ်နဲ့ စိတ်ဖြေနေရတယ်ဗျာ” လို့ ဗိုလ်စွမ်းကဆိုပါတယ်။
ရဲဘော်နိုင်းနိုင်းကျဆုံးပြီး ရက်အနည်းငယ်အကြာမှာပဲ တပ်ရင်းမှူးဗိုလ်စွမ်းဦးဆောင်တဲ့ယင်းမာပင်ခရိုင်တပ်ရင်း(၂၈)ရဲဘော်တွေနဲ့ ဒေသခံတွေစုပေါင်းတိုင်ပင်ပြီး သူ့ရဲ့မိဖတွေဆီ သတင်းပို့ရင်း ထောက်ပံ့ကြေးပေးအပ်ခဲ့ပါတယ်။ မြင်ရတဲ့ ရုပ်သံဟာ အညာရဲ့တော်လှန်ရေး ပကတိအရှိတရားဖြစ်ပြီး အညာသူအညာသားတွေဟာ စစ်အာဏာရှင်တော်လှန်ရေးကို ဘယ်လိုပေးဆပ်ပြီးတွန်းလှန်တိုက်ပွဲဝင်နေကြတယ် ဆိုတာကိုပြသတဲ့ ဖြစ်ရပ်ပေါင်းများစွာထဲကတစ်ခါလို့ ကာကွယ်ရေးရဲဘော်တွေကပြောပါတယ်။
“ကျုပ်တို့က ဒီလမ်း ရွေးခဲ့တာလေ။ပန်းနဲ့ ပစ်တာ မဟုတ်ဘဲ ဂန်းနဲ့ သူသေ ကိုယ်သေ ဖိုက်တဲ့ပွဲဆိုတော့ အခက်အခဲတွေ ကြုံရမှာပါပဲ။ ဒီလို ကျဆုံးတာမိသားစုကိုသတင်းပို့ဖို့တောင်ရင်ကွဲပက်လက်ဖြစ်ရပါတယ်”လို့ ဗိုလ်စွမ်းကဖွင့်ဟပါတယ်။
ရဲဘော်နိုင်းနိုင်းရဲ့ အရိုးပြာအိုးကတော့ ဗန်းမော်မြို့မှာပဲရှိနေပါသေးတယ်။KIA နဲ့ တော်လှန်ရေးတပ်တွေ ဗန်းမော်မြို့သိမ်းပြီးရင် ယင်းမာပင်ခရိုင်တပ်ရင်း(၂၈)ရဲဘော်တွေကသူ့ရဲ့ဇာတိရွာကိုသယ်ဆောင်လာမှာဖြစ်ပါတယ်။
“ရဲဘော်နိုင်းနိုင်းကတော်လှန်ရေးအောင်မှပြန်လာချင်တာ။ စစ်ကောင်စီပြုတ်ကျဖို့ကအမြဲမပြတ်စစ်ရေးဖော်ဆောင်နေမှ ရမယ်လို့ ယုံကြည်သွားတယ်” လို့ ဗိုလ်စွမ်းကပြောပါတယ်။ ။
