ဇွန် – ၁၆ ၊၂၀၂၅/ People’s Spring
၁၉၉၀ မတိုင်ခင်အထိ မြန်မာစစ်အစိုးရ လေတပ်မှာ အသံထက်မြန်တဲ့နှုန်းနဲ့မောင်းနှင်နိုင်တဲ့ ဂျက်တိုက်လေယာဉ် မပိုင်ဆိုင်ပါဘူး။မြန်မာလေတပ် ရဲ့ ပထမဆုံး အသက်ထက်မြန် တိုက်လေယာဉ်ကတော့ တရုတ်ထုတ် F -7 လေယာဉ်ပဲ ဖြစ်ပါတယ်။
လေတပ်ရဲ့ F – 7 ပထမဆုံး လေယာဉ်အုပ်အဖြစ် ၁၀ စီးကို မြန်မာနိုင်ငံဆီသယ်ယူဖို့ ၁၉၉၀ ခုနှစ် ၊ ဇူလိုင်လ ၁၉ ရက်(အာဇာနည်နေ့) မှာ ကူမင်းမြို့ဆီထွက်ခွာခဲ့တယ်လို့လေတပ်ဦးစီးချုပ်ဟောင်းဖြစ်သူ လက်ရှိ ကြံခိုင်ရေး ဒုတိယ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အငြိမ်းစား ဦးမြတ်ဟိန်း က သူရဲ့ “မြန်မာ့ဝေဟင်ထက်မှ အသံထက်မြန်သော ပျံသန်းမှုများ” စာအုပ်မှာ ရေးသားထားပါတယ်။
ကူမင်းမှာ F – 7 ပျံသန်းမှုကို တရုတ်လေတပ်က လေ့ကျင့် သင်ကြား ပေးရာမှာ ပျံသန်းချိန် နာရီ ၃၀ ထက်မပိုခဲ့ပေမယ့် မိတ္ထီလာ လေတပ်ဆီ မောင်းနှင်ပြီး သယ်ယူလာနိုင်ခဲ့တယ်လို့ ဆိုထားပါတယ်။

Public Service Announcement
ဒါပေမယ့် F – 7 ဟာ မြန်မာနိုင်ငံ ကို စရောက်ကတည်းက အဆင်မပြေမှုကြုံရတယ်လို့ ဦးမြတ်ဟိန်းရဲ့ စာအုပ်အရ သိရပါတယ်။
F – 7 မတိုင်ခင်က လေတပ်မှာသုံးနေတဲ့ တိုက်လေယာဉ်တွေဟာအမေရိကန်ထုတ်တွေဖြစ်ပြီး လေယာဉ်မှုး ဦးထုပ်မှာ အောက်စီဂျင်အသက်ရှုခွက်နဲ့ ရေဒီယို စကားပြောစက် တပါတည်းပါပေမယ့် F- 7 မှာတော့ ဦးထုပ်က သပ်သပ် ၊ အောက်စီဂျင်ရှုခွက်နဲ့ စကားပြောစက်က သပ်သပ်ဖြစ်တာကြောင့် ဆက်သွယ်ပြောဆိုမှု အခက်အခဲရှိပြီး ပျံသန်းရေးအတွက် အန္တရာယ်မကင်းရှင်းဘူးလို့ လေတပ်ဦးစီးချုပ်ဟောင်းဦးမြတ်ဟိန်းက ရေးသားထားပါတယ်။
အဲဒီပြဿနာကို လေတပ် အင်ဂျင်နီယာအဖွဲ့ က လေတပ်မှာသုံးနေတဲ့အမေရိကန်ထုတ်တိုက်လေယာဉ်တွေရဲ့ ရေဒီယို စကားပြောစက် အစိတ်အပိုင်းတွေ နဲ့ ကျားဘမ်းပရုတ်ဆီသံဗူးအခွံ နဲ့ပေါင်းစပ်ပြီး F – 7 တိုက်လေယာဉ်မှုးတွေအတွက် စကားပြောစက် အဖြစ် ဆက်သွယ်ပြောဆိုမှုအဆင်ပြေအောင် ဖန်တီးပေးခဲ့ရပါတယ်။
ဦးမြတ်ဟိန်းရဲ့ စာအုပ်ထဲမှာ လေတပ်အတွက် ခေတ်မီတိုက်လေယာဉ် လိုအပ်နေချိန်မှာ နိုင်ငံတကာရဲ့ပိတ်ဆို့မှုတွေအရလွယ်လင့်တကူဝယ်မရဘဲ တရုတ်အစိုးရက ပဲ ရောင်းချပေးတာလို့ ရေးထားပါတယ်။
ဒါပေမယ့် မြန်မာလေတပ်ကဝယ်ယူခဲ့တဲ့ F- 7 စုစုပေါင်း အစီးရေနဲ့ တစ်စီးစီရဲ့ တန်ဖိုး ကိုတော့ ထည့်မရေးထားပါဘူး။
F -7 ဟာ စစ်အေးခေတ်မှာ ဆိုဗီယက်ပြည်ထောင်စု က ထုတ်လုပ်တဲ့ MiG -21 ကို အခြေခံပြီး တရုတ်နိုင်ငံက တည်ဆောက်ထားဖြစ်ပါတယ်။
မူရင်း MiG – 21 တွေကလည်း ပျက်ကျပြီး လေယာဉ်မှုးသေဆုံးတာများတာကြောင့် ပျံသန်းနေတဲ့ခေါင်းတလား ( flying coffin) အဖြစ် နာမည် ဆိုးနဲ့ကျော်ကြားပါတယ်။
ဂျက်အင်ဂျင်တစ်လုံးတပ် ၊ လေယာဉ်မှုးတစ်ဦးမောင်း F – 7 ဟာ အပေ့ါစား တိုက်လေယာဉ်ဖြစ်ပြီး လေယာဉ်ချင်း ဝေဟင်စီးချင်းထိုးတိုက်ပွဲတွေအတွက် တရုတ်က ရည်ရွယ်ထုတ်လုပ်ခဲ့တာပါ။
ဝေဟင်ကြားဖြတ်တိုက်ခိုက်ရေး တိုက်လေယာဉ် ဖြစ်ပေမယ့် မြန်မာလေတပ်မှာတော့ ဗုံးကြဲတာ ၊ မြေပြင်ပစ်မှတ်တွေကို ပစ်ခတ်တိုက်ခိုက်မှုတွေမှာ အသုံးချပါတယ်။
ပြည်တွင်းစစ်မှာ F – 7 တွေကို လေတပ်ကတောက်လျောက် အသုံးချခဲ့သလို ၂၀၂၁ ခုနှစ် တကျော့ပြန်အာဏာသိမ်းမှုအပြီး လက်နက် ကိုင်တော်လှန်မှုတွေ ကို လေကြောင်းကနေအားပြုတိုက်ရာမှာ F – 7 တွေလည်းပါဝင်ခဲ့ပါတယ်။
F – 7 တွေဟာ သက်တမ်းအားဖြင့် အိုမင်းပြီး ခေတ်မမီတော့တာကြောင့် နေပြည်တော်က စစ်သမိုင်းပြတိုက်ရှေ့မှာ F – 7 အစီးရေအချို့ အနားပေးထားတာတွေ့ရမှာပါ။
ဒါပေမယ့် အာဏာသိမ်းစစ်ကောင်စီဟာ မြေပြင်စစ်ပွဲမှာ အရေးနိမ့်တဲ့အခါတိုင်း ကျင့်သုံးနေကြဖြစ်တဲ့ အရပ်ဖက်၊ စစ်ဖက် မခွဲခြားတဲ့လေကြောင်းတိုက်ခိုက်မှုတွေ အတွက် သက်တမ်းလွန် F -7 တွေကိုပါ ထုတ်သုံးရတဲ့အခြေအနေကို ရောက်နေတာဖြစ်ပါတယ်။
တကယ်တော့ F -7 ဟာ မကြာခဏ ပျက်ကျပြီး လေယာဉ်မှုးတွေ အနိစ္စရောက်တာကြောင့် ခေါင်းတလားပျံအဖြစ် မြန်မာ လေတပ်အသိုင်းအဝိုင်းမှာ ကျော်ကြားပါတယ်။
အနီးဆုံးကာလတွေကိုပြန်ကြည့်ရင် ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်အတွင်းမှာတင် တောင်ငူနဲ့ မင်းဘူးမြို့နယ်အတွင်း F -7 သုံးစီး ပျက်ကျပြီး ဗိုလ်မှုး တစ်ဦး ၊ ဗိုလ်ကြီး နှစ် ဦးသေဆုံးခဲ့ရပါတယ်။
စစ်ကောင်စီ စစ်ရုံးချုပ် အခြေစိုက်ရာ နေပြည်တော်က အေလာလေတပ်စခန်းမှာ လည်း ၂၀၁၆ ခုနှစ် ၊မတ်လအတွင်း F – 7 တစ်စီး ဆင်းသက်ရာမှာ အရှိန် ထိန်းတဲ့ လေထီးပြုတ်ထွက်သွားလို့ ပြေးလမ်းချော်ထွက်ပြီး ထိခိုက်ပျက်စီးတာမျိုးဖြစ်ခဲ့ပါသေးတယ်။ အဲဒီတစ်ကြိမ်မှာတော့ လေယာဉ်မှုးအသက်ရှင်ခဲ့ပါတယ်။
F – 7 တွေ ပျက်ကျတိုင်းမှာ လေယာဉ်မှုးတင်မကဘဲ မြေပြင်က အပြစ်မဲ့ အရပ်သားတွေပါ သေဆုံးရတာမျိုးလည်းရှိခဲ့ပါတယ်။
၂၀၁၈ ခုနှစ် ၊အောက်တိုဘာ ၁၆ ရက်က နိုင်ငံအလယ်ပိုင်း၊ မင်းဘူးမြို့အနီးမှာ F -7 နှစ်စီးပျက်ကျရာမှာ လေယာဉ်အစိတ်အပိုင်းထိမှန်လို့ ငါးတန်းကျောင်းသူလေး သေဆုံးခဲ့ရပါတယ်။
အခုတစ်ကြိမ်မှာလည်း ပြီးခဲ့တဲ့ဇွန်လ ၁၀ ရက်က အညာဒေသ ၊ ပုလဲမြို့နယ် မှာ F – 7 ပျက်ကျသွားတဲ့ နေအိမ်ထဲက အရပ်သား သုံးလောင်း ၊ခြံဝန်းထဲက ရုပ်အလောင်း တစ်လောင်း စုစုပေါင်း လေးလောင်းတွေ့ခဲ့ရတယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA) က ထုတ်ပြန်ထားပါတယ်။
PLA က F -7 ကို သူတို့ ပစ်ချတာလို့ ကြေညာထားပါတယ်။ စစ်ကောင်စီကတော့ စက်ချို့ယွင်းပြီး ပျက်ကျတာလို့ ထုတ်ပြန်ပါတယ်။
အရင်က F -7 တွေ ပျက်ကျမှုတော့ ရာသီဉတုဆိုးရွားလို့ဆိုပြီး ထုတ်ပြန်လေ့ရှိခဲ့ပါတယ်။
