Connect with us

Hi, what are you looking for?

ဆောင်းပါး

​လေးနှစ်​ကျော်အတွင်း ငါး​ယောက်​မြောက်ရဲချုပ်

ဇာတ်စင်ပေါ်မှာ ဇာတ်သမားတွေ ထည်လဲဝတ်ပြီး ဘယ်အဝတ်တန်းမှာမှ အတည်တကျမချိတ်တဲ့ လုံခြည်တွေလို အာဏာသိမ်းစစ်ကောင်စီလက်ထက်မှာ အခြေတကျမရှိတဲ့ ထိပ်တန်းရာထူးတစ်နေရာရှိနေပါတယ်။ ရဲချုပ်ရာထူးပါ။

ယောနသံ/People’s Spring

ဇာတ်စင်ပေါ်မှာ ဇာတ်သမားတွေ ထည်လဲဝတ်ပြီး ဘယ်အဝတ်တန်းမှာမှ အတည်တကျမချိတ်တဲ့ လုံခြည်တွေလို အာဏာသိမ်းစစ်ကောင်စီလက်ထက်မှာ အခြေတကျမရှိတဲ့ ထိပ်တန်းရာထူးတစ်နေရာရှိနေပါတယ်။ ရဲချုပ်ရာထူးပါ။

၄နှစ်​ကျော်အတွင်း ၅ယောက်မြောက် ရဲချုပ်အပြောင်းအလဲအဖြစ် စစ်ကောင်စီက ရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး ဝင်းဇော်မိုးကို ရာထူးကနေအနားပေးပြီး မန္တလေးတိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးချုပ်ဝင်းဘိုနဲ့ အစားထိုးလိုက်ပြန်ပါပြီ။

ရဲချုပ်ရာထူးနဲ့လူအပြောင်းအလဲကို စက်တင်ဘာလတတိယလပတ်အတွင်းမှာလုပ်ခဲ့တာဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

“ရဲဗိုလ်ချုပ်က ရွေးကောက်ပွဲဝင်ရမယ်။ သူ့နေရာကို မန်းတိုင်းရဲချုပ်ဝင်မယ်။ နှစ်ယောက်စလုံး ငြင်းခွင့်မရှိဘူး”လို့ နေပြည်တော်သတင်းရင်းမြစ်ကပြောပါတယ်။

၄ နှစ်အတွင်း ၄ ယောက်မြောက် ရဲချုပ်ဖြစ်ခဲ့တဲ့ ဒုတိယရဲဗိုလ်ချုပ်ကြီး ဝင်းဇော်မိုးဟာ စစ်တက္ကသိုလ်အပတ်စဉ် ၃၅ဆင်းဖြစ်ပါတယ်။ သူရဲချုပ်ဖြစ်လာပုံက မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးက နဲ့ တိုက်ရိုက်ဆိုင်ပါတယ်။

၂၀၂၄ ဩဂုတ်လမှာ MNDAAက လားရှိုးမြို့နဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို သိမ်းယူလိုက်တဲ့အချိန်မှာ အဲဒီအချိန် တာဝန်အရှိဆုံးဖြစ်တဲ့အမှတ် (၂) စစ်ဆင်ရေး အထူးအဖွဲ့မှူး (ကစထ-၂ မှူး) ဒုတိယဗိုလ်ချုပ်ကြီးနိုင်နိုင်ဦးကို စစ်ကောင်စီကဖယ်ရှားလိုက်ပြီး ရဲချုပ်ဒုတိယဗိုလ်ချုပ်ကြီးနီလင်းအောင်ကို ခန့်အပ်လိုက်ပါတယ်။ လစ်လပ်သွားတဲ့ရဲချုပ်နေရာမှာ ဒုရဲချုပ်၊ ရဲဗိုလ်ချုပ်ဝင်းဇော်မိုးကို အစားထိုးခဲ့တာပါ။

ဒါပေမယ့် ၁ နှစ်ကျော်အကြာမှာတော့ ရဲဗိုလ်ချုပ် ဝင်းဇော်မိုးကို ထပ်မံဖယ်ရှားလိုက်ပြီး ရဲမှူးချုပ်ဝင်းဘိုနဲ့ အစားထိုးလိုက်ပြန်ပါတယ်။

“မှူးချုပ်ဝင်းဘို(ရဲမှူးချုပ်ဝင်းဘို)က အခုတော့ ရဲဗိုလ်ချုပ်ဖြစ်ပြီ။ ဒါပေမဲ့ ဂုဏ်ပြုဧည့်ခံပွဲတောင်မလုပ်ပါဘူး။သူပါအမှုတွဲထဲ ပါတော့မယ်လေ”လို့ နေပြည်တော်သတင်းရင်းမြစ်ကပြောပါတယ်။

သူ့ရှေ့ကနောင်တော်ရဲချုပ်လေးဦးစလုံးဟာ ပြညသူလူထုအပေါ်ကျူးလွန်ထားတဲ့ စစ်ရာဇဝတ်မှုမှတ်တမ်းဆိုးတွေနဲ့အတူ နိုင်ငံတကာရဲ့ပိတ်ဆို့အရေးယူမှုကိုခံထားရတာပါ။

အာဏာသိမ်းပြီးပြီးချင်းမှာစစ်ကောင်စီက ရဲချုပ်ဒုတိယဗိုလ်ချုပ်ကြီးအောင်ဝင်းဦးကိုရာထူးကဖယ်ရှားပြီး ဒုတိယဗိုလ်ချုပ်ကြီးသန်းလှိုင်နဲ့ အစားထိုးခဲ့ပါတယ်။ ၂၀၂၂ခုနှစ် မေလမှာတော့ ဒုတိယဗိုလ်ချုပ်ကြီးသန်းလှိုင်အစားဗိုလ်ချုပ်ဇင်မင်းထက်ကို ရဲချုပ်ရာထူးပေးခဲ့ပြန်ပါတယ်။

၂၀၂၃ ခုနှစ်​ရောက်ပြန်တော့ဗိုလ်ချုပ်ဇင်မင်းထက်ကိုပြန်ဖယ်ရှားပြီး ဒုတိယဗိုလ်ချုပ်ကြီးနီလင်းအောင်ကို ခန့်အပ်ခဲ့တာပါ။လားရှိုးတိုက်ပွဲအရှက်ကွဲခြင်းနဲ့အတူ ကစထ(၂)မှူးဒုတိယဗိုလ်ချုပ်ကြီးနိုင်နိုင်ဦးကို ဖယ်ရှားလာပြီး ဒုတိယဗိုလ်ချုပ်ကြီးနီလင်းအောင်ကို တာဝန်ပေးလိုက်တဲ့နောက် ဒုတိယရဲဗိုလ်ချုပ်ကြီး ဝင်းဇော်မိုးက ရဲချုပ်ဖြစ်လာပြန်ပါတယ်။ အခုတခါ အလှည့်ကျသူကတော့ ရဲဗိုလ်ချုပ် ဝင်းဘိုဖြစ်ပါတယ်။

ရဲချုပ်ဟောင်းတွေဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်ကြီးသန်းလှိုင်၊ဗိုလ်ချုပ်ဇင်မင်းထက်၊ ဒုတိယဗိုလ်ချုပ်ကြီးနီလင်းအောင်၊ရဲဗိုလ်ချုပ်ကြီးဝင်းဇော်မိုးတို့ဟာ စစ်ကောင်စီလက်အောက်မှာ တာဝန်းထမ်းဆောင်စဉ် ပြည်သူလူထုအပေါ်ကျူးလွန်ခဲ့တဲ့ပြစ်မှုတွေအတွက် ဥရောပသမဂ္ဂ၊ အမေရိကန်နဲ့ နိုင်ငံတကာကပါ ပိတ်ဆို့အရေးယူထားတာပါ။

ဒုတိယဗိုလ်ချုပ်ကြီးသန်းလှိုင်ဆိုရင်သူ့ညီအရင်းကိုတောင် ပြန်သတ်ဖြတ်ခဲ့တဲ့တရားခံအဖြစ်တော်လှန်ရေးအင်အားစုတွေကသတ်မှတ်ထားပါတယ်။ နိုင်ငံရေးအသိုင်းအဝိုင်းကမိတ်ဆွေတွေက မဲကြီးလို့ခေါ်တဲ့ ပဲခူးမြစ်ဖျားဒေသဖွံ့ဖြိုးရေးလုပ်ဆောင်သူ ဦးစိုးမိုးလှိုင်နဲ့ ဒုဗိုလ်ချုပ်ကြီးသန်းလှိုင်တို့ဟာ ညီအကိုအရင်းတွေပါ။စစ်တပ်အာဏာသိမ်းမှုကိုဆန့်ကျင်တဲ့ ဦးစိုးမိုးလှိုင်ကို ၂၀၂၁ခုနှစ် မေလ၂၂

ရက်နေ့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ရဲတပ်ဖွဲ့က ဖမ်းဆီးသတ်ဖြတ်ခဲ့ပါတယ်။ ရဲချုပ်ရာထူးယူပြီးလအနည်းငယ်ကြာမှာ ညီအရင်းဖြစ်သူကို သတ်ဖြတ်ခဲ့တာပါ။ အဲဒီအမှုအပါအဝင် အရပ်သားပြည်သူတွေအပေါ်အကြမ်းဖက်နှိမ်နင်းတဲ့လုပ်ရပ်တွေကြောင့် ဒုဗိုလ်ချုပ်ကြီးသန်းလှိုင်ကို အမေရိကန် အစိုးရကပါ ပိတ်ဆို့အရေးယူထားတာပဲါ။

ဒုတိယဗိုလ်ချုပ်ကြီးနီလင်းအောင်ဆိုရင်၂၀၂၁ ခုနှစ် ဒီဇင်ဘာလက ကယားပြည်နယ် ဖရူဆိုမြို့နယ် မိုဆိုကျေးရွာအနီးဖြစ်ပွားခဲ့တဲ့အရပ်သား ၃၅ ယောက်သတ်ဖြတ်ခဲ့ရမှုမှာ အဓိကတာဝန်ရှိသူဖြစ်ပြီး သတ်ဖြတ်တဲ့ စစ်ရာဇဝတ်မှုကိုကျူးလွန်ခဲ့သူပါ။သူ့ကိုလည်း အမေရိကန်အစိုးရကပိတ်ဆို့ အရေးယူထားပါတယ်။ဗိုလ်ချုပ်ဇင်မင်းထက်ကိုလည်း ဥရောပသမဂ္ဂက လူ့အခွင့်အရေးဆိုင်ရာချိုးဖောက်မှု စွပ်စွဲချက်တွေနဲ့ ဒဏ်ခတ်ပိတ်ဆို့ထားတာပါ။ဒုတိယရဲဗိုလ်ချုပ်ကြီး ဝင်းဇော်မိုးလည်း အလားတူပါပဲ။

ပြည်သူလူထုရဲ့နွေဦးတော်လှန်ရေးအလွန်မှာ သူတို့အားလုံး ပြစ်ဒဏ်ပြိုင်ခံရမယ်ဆိုတဲ့ စိတ္တဇနဲ့ ရှင်သန်နေရသူတွေဖြစ်ပါတယ်။ ဒါကို အသစ်စက်စက်ရဲချုပ်သိနေပါတယ်။

“သူဂေါက်တောင်သွားမရိုက်တော့ဘူးကြားတယ်”လို့ မန္တလေးမြို့က စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

ရဲဗိုလ်ချုပ် ဝင်းဘိုဟာ ၂၀၂၃ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့က နေပြည်တော်မှာကျင်းပခဲ့တဲ့စစ်ကောင်စီရဲ့ တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားမှာ ဗန္ဓုလ စစ်ကြောင်းကိုဦးစီးပြီးစစ်ရေးပြခဲ့ပါတယ်။ အဲ့ဒီညက ညစာစားပွဲမှာ “သူပင်ပန်းနေကြောင်းနဲ့ ရဲတပ်ဖွဲ့ကနေ အနားယူလိုကြောင်း”သူ့မိတ်ဆွေတချို့ကို ပြောပြခဲ့ဖူးပါတယ်။

နိုင်ငံရေးထွက်ပေါက်အဖြစ်အတုအယောင်ရွေးကောက်ပွဲကို မဖြစ်မနေပြုလုပ်ဖို့ စိုင်းပြင်းနေတဲ့စစ်ကောင်စီကတော့ သူ့ကိုရဲချုပ်ရာထူး ဝကွက်အပ်လိုက်ပါပြီ။အာဏာကိုလက်မလွှတ်ရရေးအတွက် လူထုကိုအကြမ်းဖက်သတ်ဖြတ်ခဲ့တဲ့ ရဲချုပ်လေးဦးရဲ့ ခြေရာကိုနင်းမယ့် ရဲဗိုလ်ချုပ်ဝင်းဘိုအနေနဲ့ အာဏာသိမ်းခေါင်းဆောင်းရဲ့ အမိန့်ညွန်ကြားချက်တွေအောက်မှာ ​ရှေ့က စီနီယာ​တွေလို စစ်ရာဇဝတ်မှု​တွေ ဘယ်လိုကျူးလွန်မလဲဆိုတာ စောင့်ကြည့်မှတ်တမ်းရယူကြရအောင်ပါ။ ။

ဆက်စပ်သတင်းများ

သတင်း

၀လက်နက်ကိုင်တပ်(UWSP/UWSA) ကိုယ်စားလှယ်တွေနဲ့ အာဏာသိမ်းစစ်တပ်တို့ နေပြည်တော်မှာ တွေ့ဆုံ ဆွေးနွေးနေကြောင်း စစ်အုပ်စုဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြထားပါတယ်။

သတင်း

လက်ရှိ အခြေအနေမှာ ရိုဟင်ဂျာတွေကို ပြန်ပို့တာမျိုး လုံးဝ မဖြစ်သင့်သေးကြောင်း APHR သတိပေး

သတင်း

အာဏာသိမ်း စစ်တပ်ကို ထိပ်သီး အစည်းအဝေးတွေ တက်ရောက်ခွင့်ကနေ ဆက်လက် တားဆီး ပိတ်ပင်ထားမယ့် အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)ရဲ့ ဆုံးဖြတ်ချက်ကို အာဆီယံ လူ့အခွင့်အရေးဆိုင်ရာ လွှတ်တော် အမတ်များ အစုအဖွဲ့ (APHR)က ကြိုဆိုလိုက်ပါတယ်။

ဆောင်းပါး

နေပြည်တော် အာဏာသိမ်းစစ်အုပ်စုက ငြိမ်းချမ်းရေးလို့ ခေါင်းစဥ်တပ်ကာ တွေ့ဆုံဆွေးနွေးပွဲတွေ ပြုလုပ်နေချိန်မှာ ၂၀၂၀ အထွေထွေရွေးကောက်ပွဲအနိုင်ရပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီက ‘တွေ့ဆုံညှိနှိုင်းအဖြေရှာရေး’မူကို ကိုင်စွဲကြောင်း ထုတ်ပြန်လာပါတယ်။