Connect with us

Hi, what are you looking for?

ဆောင်းပါး

မိုးအကုန်မှာ နှုတ်ဆက်သွားပြီဖြစ်တဲ့ ဝဿန်ရုပ်ရှင်ပွဲတော်

မြန်မာနိုင်ငံ၊ ရန်ကုန်မြို့မှာ နှစ်စဥ် မိုးဖြိုင်ဖြိုင်ရွာတဲ့ မိုးရာသီရောက်လာပြီဆိုရင် အဆင့်အတန်းမြင့်တဲ့ ရုပ်ရှင်ဇာတ်ကားတိုတွေ၊ မှတ်တမ်းရုပ်ရှင်တွေကို ကြည့်ရတာကြိုက်တဲ့ ရုပ်ရှင်ဝါသနာအိုးတွေ မျှော်နေကျ ပွဲတော်တခုရှိပါတယ်။ဟုတ်ပါတယ်။ အဲဒါကတော့ ဝဿန်ရုပ်ရှင်ပွဲတော်ပါ။

ဝဿန်ရုပ်ရှင်ပွဲတော်ကျင်းပစဥ်။ ဓာတ်ပုံ-Wathann Film Festival

Scorpio/People’s Spring

မြန်မာနိုင်ငံ၊ ရန်ကုန်မြို့မှာ နှစ်စဥ် မိုးဖြိုင်ဖြိုင်ရွာတဲ့ မိုးရာသီရောက်လာပြီဆိုရင် အဆင့်အတန်းမြင့်တဲ့ ရုပ်ရှင်ဇာတ်ကားတိုတွေ၊ မှတ်တမ်းရုပ်ရှင်တွေကို ကြည့်ရတာကြိုက်တဲ့ ရုပ်ရှင်ဝါသနာအိုးတွေ မျှော်နေကျ ပွဲတော်တခုရှိပါတယ်။ဟုတ်ပါတယ်။ အဲဒါကတော့ ဝဿန်ရုပ်ရှင်ပွဲတော်ပါ။

ဝဿန်ရုပ်ရှင်ပွဲတော်ဟာ နှစ်စဥ် စက်တင်ဘာလ မိုးရာသီကာလအတွင်း မြန်မာနိုင်ငံ၊ ရန်ကုန်မြို့မှာ ကျင်းပခဲ့တဲ့ ရုပ်ရှင်ပွဲတော်တစ်ခုဖြစ်ပါတယ်။ ဝဿန်ရုပ်ရှင်ပွဲတော်ကို၂၀၁၁ ခုနှစ်၊စက်တင်ဘာလမှာ ကိုသိဒ္ဓိနဲ့ ရုပ်ရှင် ဒါရိုက်တာ တဦးဖြစ်သူ မသူသူရှိန်တို့က စတင် ထူထောင်ခဲ့ပါတယ်။

ဝဿန် ရုပ်ရှင်ပွဲတော်ဟာ စစ်တပ်ကဦး​ဆောင်လုပ်ခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲအပြီး စစ်တပ်ကအရပ်ဖက်ယူနီ​ဖောင်း​ပြောင်းပြီး ဖြေ​လျှော့မှု​တွေလုပ်ခဲ့တယ်ဆိုတဲ့ကာလကာလ ၂၀၁၁ ခုနှစ်ကနေ စတင်ကျင်းပခဲ့တာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ပထမဆုံးကျင်းပတဲ့ အ​တော်​လေးလွတ်လပ်တဲ့ရုပ်ရှင်ပွဲတော်ဖြစ်ခဲ့ပြီးရုပ်ရှင်ပညာကို လေ့လာ၊ လုပ်ကိုင်နေကြတဲ့ လူငယ်တွေနဲ့ စိတ်ဝင်စားသူတွေက စီစဉ်ကျင်းပခဲ့တာဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ပွဲတော်အတွင်း ပြိုင်ပွဲဝင်ရုပ်ရှင်ကားတွေပြသတာ၊ အခြားရွေးချယ်ထားတဲ့ ရုပ်ရှင်ကားတွေပြသတာ၊ ဖိတ်ကြားထားတဲ့ ပြည်တွင်းပြည်ပက အနုပညာရှင်တွေရဲ့ ရုပ်ရှင်နဲ့ ပတ်သက်တဲ့ ဆွေးနွေးပွဲတွေကို တပြိုင်တည်း ကျင်းပတာတွေ ပြုလုပ်လေ့ရှိပါတယ်။ ဝဿန်ရုပ်ရှင်ပွဲတော်ဟာ ပြည်တွင်းနဲ့ နိုင်ငံတကာက ဒါရိုက်တာများအတွက် စင်မြင့်တခုဖြစ်ခဲ့ပါတယ်။

ဝဿန်ရုပ်ရှင်ပွဲတော်ကို မြန်မာပြည်ကတင်မကဘဲ ထိုင်း၊စင်ကာပူ၊အင်ဒိုနီးရှား၊မြန်မာ၊ ကမ္ဘောဒီးယား၊ မလေးရှား၊ ဖိလစ်ပိုင်၊ ဗီယက်နမ်နဲ့ လာအိုစတဲ့ နိုင်ငံတွေကပါ ရုပ်ရှင်ဇာတ်ကားတွေ လာရောက်ပြိုင်တာတွေ၊ ပြသတာတွေ ရှိခဲ့ဖူးပါတယ်။

လွတ်လပ်တဲ့ ရုပ်ရှင်ပွဲတော်ဆိုပေမဲ့ပြသမယ့်ဇာတ်ကားတွေကိုတော့ ပြန်ကြားရေးဝန်ကြီးဌာနနဲ့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးကလူတွေ ပါဝင်တဲ့ ဆင်ဆာအဖွဲ့ကို တင်ပြရပြီး ဆင်ဆာအဖွဲ့ကလူတွေက တချို့အခန်းတွေကို ဖြတ်တောက်ဖို့အထိ ပြောဆိုခဲ့ဖူးတယ်လို့ သိရပါတယ်။ အဲဒီအခါမှာ ရုပ်ရှင်ပွဲတော်အဖွဲ့နဲ့ ဒါရိုက်တာတွေဟာ ဆင်ဆာအဖွဲ့ဝင်တွေနဲ့ ထိပ်တိုက်တွေ့ရတော့တယ်။ ညှိရနှိုင်းရတယ်။ နောက်ဆုံးတော့ ဆင်ဆာအဖွဲ့က ဖြတ်လိုတဲ့အခန်းကို လုံးဝဖြတ်တောက်တာမျိုး မဟုတ်ဘဲ မှုန်ဝါးသွားအောင် လုပ်ပေးလိုက်ရတယ်လို့ သိရတယ်။

ရုပ်ရှင်နဲ့ပတ်သက်လာရင် ကျောင်းကောင်းကောင်းမရှိခဲ့တဲ့ မြန်မာနိုင်ငံကရုပ်ရှင်ဖန်တီးလိုသူတွေအတွက် ဝဿန်ရုပ်ရှင်ပွဲတော်ဟာ သင်တန်းကျောင်းတခုလို ဖြစ်ခဲ့ပါတယ်။ ဝဿန်မှာ ပြတဲ့ဇာတ်ကားတွေကြည့်ရင်း၊ Workshop တွေတက်ရင်း ရုပ်ရှင်ပညာကို လေ့လာခဲ့ကြသူတွေ ရှိခဲ့တယ်။

အဲဒီလို မြန်မာပြည်က ရုပ်ရှင်ဖန်တီးလိုသူ လူငယ်တွေရဲ့အိပ်မက်ကို ဖြည့်စွမ်းပေးခဲ့တဲ့ ဝဿန်ရုပ်ရှင်ပွဲတော်ဟာ မကြာခင် ရပ်ဆိုင်းလိုက်တော့မှာ ဖြစ်ပါတယ်။

“ စိတ်မကောင်းစွာနဲ့ပဲ Wathann Film Festival ရုံးခန်း ကို ပိတ်သိမ်းရပါတော့မယ်။ Festival Catalog တွေ DVD တွေ သိမ်းဆည်းလိုသူများအတွက်လဲ စီစဉ်ပေးဖို့ရှိပါတယ်။” လို့ Wathann Film Festival ရဲ့ Facebook စာမျက်နှာကနေ အောက်တိုဘာ ၂၃ရက်က ​ကြေညာခဲ့ပါတယ်။

ဝဿန်ရဲ့ နူတ်ဆက်စကားအတွက် ရုပ်ရှင်ချစ်သူတွေ စိတ်ထိခိုက်ခဲ့ကြပါတယ်။ ဝဿန်ရဲ့ ရုပ်ရှင်တွေကို ကြည့်ခဲ့ရတဲ့ ကာလတခုကို လွမ်းဆွတ်ခဲ့ကြပါတယ်။

“ အမှတ်ရစရာ အချိန်ကာလတွေပါပဲ။ ရုပ်ရှင်ဖြတ်သန်းမှုနဲ့ပတ်သက်ရင် ဝဿန်ဟာလည်း ကျေးဇူးများခဲ့ပါတယ်။” လို့ စာရေးဆရာ၊ ဇာတ်ညွန်းဆရာ အယ်လ်မင်းပြည့်မွန်က ဆိုပါတယ်။

ပြည်သူတွေရဲ့ခေတ်ပြိုင်ခံစားမှုတွေကို ရသခံစားမှုကောင်းကောင်းနဲ့ ဖန်တီးခဲ့ကြတဲ့ ဝဿန်ရဲ့ရုပ်ရှင်တွေဟာ ကြည့်ရှုသူတွေအတွက် ရသပေါင်းစုံ ခံစားမှုတွေ ပေးခဲ့ပါတယ်။

“ မဟာသန္ဒိသုခမှာ စကြည့်ခဲ့ရတဲ့ဝဿန် ကိုအောင်နွေးထွေးရဲ့ ဆုရတဲ့ကားလေးကြောင့် လူကြားထဲမှာကျခဲ့ရတဲ့မျက်ရည်တွေ။ဝဇီရာမှာတုန်းကလည်းကချင်စစ်ပွဲအကြောင်းတွေကြည့်ခဲ့ရပြီး ရင်မောခဲ့ရတဲ့ဝဿန် ။ အားလုံးဟာ အလွမ်းတွေပါပဲ။” လို့ ဝဿန်ရဲ့အမာခံပရိသတ်တဦးက ပြောပါတယ်။

“ အင်ဒီး အနုပညာတွေ တိမ်ကောလာရတာ ခုလို ဖြစ်လာရတာဟာ ကျတော်တို့တိုင်းပြည် ပိုမိုဆုတ်ယုတ်လာတာ၊ အစုတ်အပြတ် အတုအယောင် ဖျော်ဖြေရေးတွေပဲ ကြီးစိုးလာတာကို သက်သေပြနေတာပါပဲ။ဝမ်းနည်းစရာကောင်းတဲ့ ကိစ္စဖြစ်ပါတယ်။” လို့ ရုပ်ရှင်ခံစားမှုဆောင်းပါးတွေပါ ရေးတဲ့ စာရေးဆရာ ညီလင်းအိမ်က သူ့ Facebook ကနေ ဝမ်းနည်းစကားဆိုပါတယ်။

စစ်ကောင်စီအာဏာသိမ်းပြီးနောက် အဘက်ဘက်က ယိုယွင်းပျက်စီးလာတဲ့ မြန်မာနိုင်ငံမှာ ဝဿန်ရုပ်ရှင်ပွဲတော် ရပ်နားလိုက်ရတာဟာလည်း ကြီး

မားတဲ့ ဆုံးရှုံးမှုတခုပါလို့ ရုပ်ရှင်ဝါသနာရှင်တွေက ပြောပါတယ်။

“ အာဏာရှင်ရဲ့ အုပ်ချုပ်မှုအောက်မှာ လူငယ်တွေရဲ့ အိပ်မက်တွေလည်း တဖြေးဖြေး ပျက်စီးသွားရတာပါပဲ။” လို့ တော်လှန်ရေးလုပ်နေတဲ့ ရုပ်ရှင်ဝါသနာအိုးလူငယ်တယောက်ကဆိုလိုက်ပါတယ်။ ။

ဆက်စပ်သတင်းများ