Scorpio/People’s Spring
ဒီကနေ့ ကျနော်တို့ လွန်ခဲ့တဲ့ ၅ နှစ်ကို ခဏ ပြန်သွားကြည့်ရအောင်ပါ။ ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့က ကျနော်တို့ နိုင်ငံမှာ အထွေထွေရွေးကောက်ပွဲကြီး ကျင်းပခဲ့ပါတယ်။ အဲဒီနေ့က အခုထက်တော့ ရာသီဥတုက ပိုအေးနေခဲ့တာသေချာတယ်။ ကျနော်အနွေးထည်ထူထူလေး ဝတ်ခဲ့တာ မှတ်မိတယ်။

တကမ္ဘာလုံးမှာ ဖြစ်ပွားနေတဲ့ COVID ကပ်ရောဂါကာလအတွင်းမှာပဲ မဖြစ်မနေ ကြိုးစားကျင်းပခဲ့ရတဲ့ ရွေးကောက်ပွဲပါ။ ပြည်သူလူထုဟာ ကပ်ရောဂါကာလအတွင်း ချမှတ်ထားတဲ့ စည်းမျဥ်းစည်းကမ်းတွေကိုလိုက်နာရင်း မဲရုံဆီလာခဲ့ကြတယ်။
ရွေးကောက်ပွဲ ကျင်းပချိန်က ပြည်သူလူထုဟာ ကပ်ရောဂါကြီးနဲ့ ၉ လတာ နေထိုင်ခဲ့ရပြီးပါပြီ။ ကပ်ရောဂါကာလအတွင်းမှာ ပြည်သူတွေဟာ စိတ်လက်ပေါ့ပါးစွာ ဖြတ်သန်းခဲ့ကြရတာတော့ မဟုတ်ပါဘူး။ စိုးရိမ်ပူပန်မှုတွေ၊ ဝမ်းနည်းပူဆွေးမှုတွေ၊ ထိတ်လန့်အားငယ်မှုတွေနဲ့ ဖြတ်သန်းခဲ့ကြရတယ်။

Public Service Announcement
ကိုယ့်အိမ်ဝန်းကျင် ပီးပေါ်ပီးပေါ်နဲ့ လူနာတင်ယာဥ်တွေ ဝင်လာတိုင်း ရင်ထိတ်ခဲ့ကြရတယ်။ ကွာရင်တင်းစင်တာ ပါသွားတဲ့သူတွေကိုအဝေးကပဲ လက်ပြနူတ်ဆက်ကြရတယ်။တချို့ကတော့အပြီးထွက်ခွာသွားကြတယ်။
ကိုဗစ်ကခေါ်ဆောင်သွားလို့ မိသားစုဆွေမျိုးမိတ်ဆွေသင်္ဂဟတွေ ဆုံးရှူံးခဲ့ကြရတယ်။ မိသားစုဝင် အရင်းအချာဆုံးတာတောင် နောက်ဆုံးအကြိမ်တွေ့ခွင့်မရကြတဲ့သူတွေရှိတယ်။ အင်တာနက်ကနေ Video Call ခေါ်ရင်း ဖုန်းကိုထောင် လက်အုပ်ချီ ရှိခိုးကာ မျက်ရည်လည်ရွှဲ နူတ်ဆက်ခဲ့ကြရတယ်။
ပြည်သူတွေဟာ ကပ်ရောဂါကြောင့် စိတ်ရောကိုယ်ပါ ထိခိုက်ခဲ့ကြပေမဲ့ အဲဒီအချိန်က အုပ်ချုပ်သူတွေရဲ့အစီအမံတွေနောက်ကို ယုံယုံကြည်ကြည်လိုက်ပါခဲ့ကြပါတယ်။ ကျန်းမာရေးဝန်ထမ်းတွေ၊ ပရဟိတအသင်းတွေ၊ လူမှုအဖွဲ့အစည်းတွေကလည်း ကပ်ရောဂါကြီးကို အုပ်ချုပ်သူတွေနဲ့ လက်တွဲညီညီပူးပေါင်းပြီး ရင်ဆိုင်ခဲ့ကြတယ်။ ပြည်သူလူထုကလည်း ၁၅ ရက်တစ်ကြိမ် သက်တမ်းတိုးတိုးနေရတဲ့ Stay at Home အမိန့်ကို လိုက်နာခဲ့ကြပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလည်း Facebook စာမျက်နှာဖွင့်လှစ်ပြီး လူမှုကွန်ရက်ကနေ အမြဲ အားပေးစကားတွေပြောခဲ့တယ်။ ဒါ့အပြင် ရုပ်မြင်သံကြားကနေလည်း မကြာမကြာ အားပေးစကားတွေ ပြောပေးခဲ့တယ်။ သူ့အားပေးစကားတွေနဲ့ မြန်မာပြည်သူပြည်သားတွေဟာ ကိုဗစ်ကပ်ရောဂါကို ကြံ့ကြံ့ခံ ရင်ဆိုင်နိုင်ခဲ့ကြတယ်။
ဒါကြောင့် ပြည်သူလူထုဟာ ကမ္ဘာ့ကပ်ရောဂါကာလရဲ့ ပထမပိုင်းကာလကို ဆုံးရှုံးမှုတွေရှိပေမဲ့ အကောင်းမွန်ဆုံး ဖြတ်သန်းနိုင်ခဲ့ကြတယ်။
အဲဒီအချိန်မှာပဲ အထွေထွေးရွေးကောက်ပွဲက လုပ်ရမယ့်အချိန် ဆိုက်ရောက်လာခဲ့တယ်။ စစ်တပ်က စိတ်ကြိုက်ရေးဆွဲခဲ့တဲ့၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အောက်ကနေ ကျင်းပတဲ့ ရွေးကောက်ပွဲကို ပြည်သူတွေဟာ ကပ်ဘေးကြားကနေ မဲသွားပေးဖို့ စီစဥ်ခဲ့ကြပါတယ်။
ရွေးကောက်ပွဲမရောက်ခင်ကတော့ ကိုဗစ်ကပ်ရောဂါကာလမို့ မဲပေးနှုန်းလျော့ကျနိုင်တယ်လို့ ထင်ထားကြတာတွေရှိတယ်။ ဒါပေမယ့် အဲဒီအထင်ဟာ တက်တက်စင်အောင် လွဲခဲ့ပါတယ်။
ရွေးကောက်ပွဲနား နီးလာတနဲ့အမျှ စစ်တပ်က အရပ်သားအစိုးရကိုပိုခြိမ်းခြောက်လာ ၊ပိုညစ်လာတယ်။၂၀၂၀ သြဂုတ်လမှာ ပါတီ ၃၀ ကျော်ကမင်းအောင်လှိုင်ကို အာဏာသိမ်းဖို့ မြောက်ပေးတယ် ။ မင်းအောင်လှိုင်ကလည်း သူမလုပ်ရဲတာမရှိဘူးလို့ ခြိမ်းခြောက်တယ်။
စစ်တပ်ရဲ့အစီအစဥ်နဲ့ပဲယုန်လေးက “ငါတို့အားလုံးရဲ့မြေ(စည်းလုံးသင့်ပြီ မြန်မာပြည်)”ဆိုတဲ့ အမည်နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ထိုးနှက်တိုက်ခိုက်တဲ့ ဝါဒဖြန့် MTV ကိုရိုက်တယ်။ NLD ပါတီဝင်တွေကို စစ်တပ်နောက်ခံပေးထားတဲ့ ကြံ့ဖွတ်ပါတီဝင်တွေက ပြသာနာရှာတယ် ရိုက်နှက်တယ် ။စစ်တပ်က မွေးထားတဲ့ မဘသတွေ ၊မျိုးချစ်တွေကလည်း ဆန္ဒပြပွဲတွေလုပ် ၊ပြည်သူတွေကိုရိုက်နှက်အကြမ်းဖက်တာတွေလုပ်ကြတယ်။
နိုင်ငံရေးရေချိန် မနိမ့်တဲ့ပြည်သူတွေကလည်း စစ်တပ်က ပိုညစ်လာတာကို သိတာကြောင့်ရွေးကောက်ပွဲမှာ မဖြစ်မနေမဲထွက်ပေးကြရတော့မယ်လို့ဆုံးဖြတ်လာကြတယ်။
ဆောင်းအဝင်ကာလဖြစ်တဲ့၊ ခပ်စိမ့်စိမ့်အအေးဓာတ်ရှိနေတဲ့အဲဒီနေ့ကမနက်လေးငါးနာရီလောက်ကတည်းက ပြည်သူတွေဟာ မဲရုံနားမှာ မဲပေးဖို့ တန်းစီနေခဲ့ကြပါပြီ။ သူတို့ယုံကြည်ရာပါတီကို လွတ်လပ်စွာ မဲပေးခဲ့ကြပါတယ်။
ကမ္ဘာ့ကပ်ရောဂါ နဲ့ စစ်တပ်ခြိမ်းခြောက်မှုကြားကနေပဲ ပြည်သူတွေက တခဲနက်မဲပေးခဲ့တာကြောင့်၂၀၂၀ ရွေးကောက်ပွဲဟာ မဲပေးမှုနှုန်းဟာလည်း ၇၁ ရာခိုင်နှုန်းကျော်ရှိပြီးအလွန်မြင့်မားခဲ့ပါတယ်။
နိုင်ငံတကာရော၊ပြည်တွင်းကရော ရွေးကောက်ပွဲလေ့လာစောင့်ကြည့်တဲ့အဖွဲ့တွေ ၊သံရုံးတွေ ၊အစိုးရတွေအားလုံးက ၂၀၂၀ ရွေးကောက်ပွဲဟာလွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲလို့ အသိအမှတ်ပြုခဲ့ကြပါတယ်။
ရက်ပိုင်းအကြာမှာတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ သောင်ပြိုကမ်းပြို အနိုင်ရခဲ့ကြောင်း ရလဒ်ထွက်ပေါ်လာခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ စစ်တပ်ဟာ ဝှက်ထားတဲ့ အစွယ်ကို ထုတ်ဖို့ ပြင်ဆင်နေခဲ့ပါပြီ။ စွပ်ထားတဲ့ မင်းသားခေါင်းကလည်း ချွတ်ချဖို့ အဆင်သင့် ဖြစ်နေခဲ့ပါပြီ။ ၃ လအကြာမှာတော့ ဘီလူးခေါင်း ငွားငွားစွင့်စွင့် ထွက်ပေါ်လာခဲ့တယ်။ စစ်တပ်ဟာ ပြည်သူတွေအခက်အခဲတွေကြားကနေ တမြတ်တနိုးပေးခဲ့ရတဲ့ မဲတွေကို မျက်ကွယ်ပြုပြီး၊ မဲလိမ်မဲခိုးတယ်လို့ စွပ်စွဲပြီး အာဏာကို သိမ်းလိုက်ပါတော့တယ်။
ဒီ ၅ နှစ်အတွင်း ပြည်သူတွေရဲ့ဘဝတွေဟာ စုတ်ပျက်သက်သွားခဲ့တယ်။အသက်အိုးအိမ်စည်းစိမ်တွေ ပျက်စီးခဲ့ရတယ်။ ကလေးလူငယ်လူလတ်လူကြီး အနာဂတ်ပျောက်ခဲ့ရတယ်။တိုင်းပြည်ဟာလည်း မကောင်းတဲ့အရာအားလုံးထိပ်ဆုံးရောက်ပြီး ပျက်စီးခဲ့ပါတယ် ။ အာဏာသိမ်းစစ်တပ်က သူပြုတ်မကျရေး တရုတ်၊ရုရှားတို့ကို ရှိသမျှထိုးအပ်ရင်း တရုတ်၊ရုရှားရဲ့ လက်အောက်ခံနိုင်ငံလိုဖြစ်လာပါတယ်။
၅ နှစ်ကြာခဲ့ပြီ။ နိုဝင်ဘာ ၈ ရက် တကျော့ပြန် ရောက်လာခဲ့ပြီ။ အဆိုးတွေကြားထဲမှာ ဖက်ဒရယ်ဒီမိုကရေစီ နဲ့လွတ်လပ်ခွင့်အတွက်တိုက်ပွဲဝင်နေတဲ့ ပြည်သူတွေရဲ့ နွေဦးတော်လှန်ရေးက အခက်အခဲမျိုးစုံကြားရှေ့ဆက်နေဆဲဖြစ်ပါတယ်။ နိုင်ငံတကာကထိရောက်တဲ့ အကူအညီမရပေမယ့်မြန်မာပြည်သူတွေဟာ စစ်ဖိနပ်အောက်ကနေ လွတ်မြောက်ဖို့ ယုံကြည်ချက်ကိုစွဲကိုင်ပြီး ကမ္ဘာ့ အယုတ်ညံ့ဆုံး နဲ့အကောက်ကျစ်ဆုံးစစ်အုပ်စုကို ခုခံတော်လှန်နေကြဆဲဖြစ်ပါတယ်။
ဒါပေမယ့်၂၀၂၀ နိုဝင်ဘာ ၈ ရက်ကပြည်သူတွေပေးခဲ့တဲ့ အသဲကြားကမဲတစ်ပြားစီတွေအတွက် အခုအချိန်အထိ တန်ရာတန်ကြေး ပြန်မရသေးပါဘူး။ ။


















































