Connect with us

Hi, what are you looking for?

ဆောင်းပါး

တော်လှန်​ရေးအတွက် လူထုကထပ်​ပေးတဲ့အာမခံချက်

ပြည်သူလူထုရဲ့ အပြင်မထွက်တဲ့ အသံတိတ်သပိတ်က အောင်မြင်စွာ ပြီးဆုံးခဲ့ပါတယ်။

Scorpio/People’s Spring

ပြည်သူလူထုရဲ့ အပြင်မထွက်တဲ့ အသံတိတ်သပိတ်က အောင်မြင်စွာ ပြီးဆုံးခဲ့ပါတယ်။

တော်လှန်ရေးအားကောင်းတဲ့ စစ်ကိုင်းတိုင်းထဲမှာဆိုရင် စစ်ကိုင်း၊ အရာတော်၊ ရွှေဘို၊ ရေဦး၊ ခင်ဦး၊ တန့်ဆည်၊ ဒီပဲယင်း၊ ဝက်လက်၊ မြောင်၊ ချောင်းဦး၊ မုံရွာ၊ ဆားလင်းကြီး၊ ယင်းမာပင်၊ ပုလဲ၊ ကနီ၊ မင်းကင်း၊ က​လေး၊ ကန့်ဘလူ၊ ကောလင်း၊ ကသာ၊ ထီးချိုင့်၊ အင်းတော်၊ ပင်လည်ဘူး၊ ဗန်းမောက်၊ မကွေးတိုင်းက ပခုက္ကူ၊ ကမ္မ၊ မြစ်ခြေ၊ ပေါက်၊ ထီးလင်း၊ ဆင်ဖြူကျွန်း၊ ဆော၊ မန္တလေးတိုင်းက မန္တလေး၊ အမရပူရ၊ ကျောက်ပန်းတောင်း၊ မိုးကုတ်၊ မလှိုင်၊ ဧရာဝတီတိုင်းက ပုသိမ်၊ဟင်္သာတ၊ မြောင်းမြ၊ အင်္ဂပူ၊ မအူပင်၊ တနင်္သါရီတိုင်းက ထားဝယ်၊ ရေဖြူ၊ လောင်းလုံး၊ ကရင်ပြည်နယ်က ဘုရားသုံးဆူ၊ မြဝတီ၊ ကချင်ပြည်နယ်က ဖားကန့်၊ ချင်းပြည်နယ်က တီးတိန် ၊တနသာ်ရီတိုင်း ထားဝယ် စတဲ့နိုင်ငံတစ်ဝန်းဒေသအနှံ့မှာ အသံတိတ်သပိတ်ကို ပြည်သူတွေပူးပေါင်းပါဝင်ခဲ့ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြို့ပေါ်တွေတင်သာမက ကျေးလက်က ပြည်သူတွေကပါ ပူးပေါင်းပါဝင်ခဲ့ကြတယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

“၁၀ နာရီလောက်မှာတိတ်ဆိတ်သွားပြီး ၃ နာရီလောက်မှာ လူပြန်စည်ကားလာတယ်။”လို့ ထားဝယ်ဒေသခံတစ်ဦးက ပြောပါတယ်။

ဧရာဝတီတိုင်းက ပုသိမ်မြို့ပေါ်မှာလည်း အသံတိတ်သပိတ်မှာ ပါဝင်ခဲ့ကြပြီး လူအသွားအလာ နည်းပါးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ဒီနေ့တောင်အပြင်ထွက်လုပ်စရာရှိတာတွေခဏနားပါတယ်”လို့ ပုသိမ်ဒေသခံအမျိုးသားတဦးက ပြောပါတယ်။

စစ်ကောင်စီတက္ကသိုလ်တွေ ဝန်ထမ်းတွေ အများအပြားရှိတဲ့ မေမြို့ခေါ် ပြင်ဦးလွင်မှာလည်း အသံတိတ်သပိတ်မှာ ပါဝင်ခဲ့ပြီး သာမန်နေ့တွေထက် လူသွားလူလာနည်းပါးတယ်လို့ ဒေသခံတချို့က ပြောပါတယ်။

TNLA က စစ်တပ်ကို နိုဝင်ဘာလကုန်ပိုင်းမှာခေါ်သွင်းခဲ့တဲ့ မိုးကုတ်မြို့မှာလည်း ​ဒေသခံပြည်သူ​တွေက အသံတိတ်သပိတ်ဆင်နွှဲပြီး စစ်အာဏာရှင်ကို မလိုလား​ကြောင်း ဆန္ဒထုတ်​ဖော်ကြပါတယ်။

ဓာတ်ပုံရိုက်တင်ဖို့အဆင်မပြေတဲ့ အသံတိတ်သပိတ်မှာ ပါဝင်ခဲ့ကြတဲ့ မြို့တွေလည်း အများအပြား ကျန်ရှိနေနိုင်ပါသေးတယ်။

တစ်နိုင်ငံလုံးအသံတိတ်သပိတ်မှာလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတကြီးဦးဝင်းမြင့်နဲ့တကွ နိုင်ငံရေးအကျဉ်းသားများ အားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံး လွတ်ပေးဖို့ ၊ “တရားမဝင် အတုအယောင် ရွေးကောက်ပွဲ”ကို လူထုတရပ်လုံးက ပြတ်ပြတ်သားသား ဆန့်ကျင် သပိတ်မှောက် ကြဖို့ နဲ့ “အဓမ္မစစ်မှုထမ်းဥပဒေ” ကို လုံးဝဖျက်သိမ်းဖို့ တို့ကို​တောင်းဆိုခဲ့ကြတာဖြစ်ပါတယ်။

စစ်အုပ်စု အသံတိတ်သပိတ်မအောင်မြင်အောင်လို့ နည်းလမ်းမျိုးစုံသုံးပြီး ကြိုးစားခဲ့ပါသေးတယ်။

မန္တလေးမြို့မှာဆိုရင် အသံတိတ်သပိတ်မတိုင်မီနေ့က စျေးတချို့ကစျေးသည်တွေကို ဓါတ်ပုံကြိုရိုက်ပြီး ဒီကနေ့အသံတိတ်သပိတ်မှာ ပုံထဲကအတိုင်းဖွင့်ထားကြဖို့ လိုက်လံခြိမ်းခြောက်ခဲ့ကြောင်း ​ဒေသခံတွေက ပြောပါတယ်။

ဒီကနေ့ အသံတိတ်သပိတ်နေ့ရောက်တော့လည်း မန္တလေးမြို့တွင်းထဲရှိ စျေးများမှာ စစ်သားနဲ့ရဲတွေက လုံခြုံရေးပေးပြီးခေါ်လာတဲ့ အရပ်ဝတ်တွေကို စျေးအတွင်းလှည့်ပတ်ကြည့်ရှူခိုင်းပြီး ရုပ်သံတွေ၊ ဓာတ်ပုံတွေ ရိုက်သွားခဲ့ကြောင်း Voice Of Mandalay အဖွဲ့က အသိပေးပါတယ်။

ဒါ့အပြင် ဒီနေ့မှာလူစည်ကားတယ်ဆိုတာပြချင်လို့စစ်အုပ်စုကကြက်ဥနဲ့အသားငါးတွေ လှည့်ရောင်းတာ၊ စည်ပင်ကနေ သန့်ရှင်းရေးလုပ်တာ၊ ကျောင်းသားကျောင်းသူကလေးငယ်တွေကို လမ်းပေါ်ထွက် အမှိုက်ကောက်ခိုင်းတာတွေ ပြုလုပ်ခဲ့တယ်လို့ မန္တလေးမြို့ခံတွေက ပြောပါတယ်။

မန္တလေးမြို့လယ် မဟာအောင်မြေမြို့နယ်က ၇၆လမ်း၇၇လမ်းကြား၊ ၃၆လမ်းပေါ်မှာတော့ စစ်အုပ်စုက ဘာအထိမ်းအမှတ်မှမရှိဘဲ ချောတိုင်တက်ပွဲကို ဘလူးတုဘောက်စ်ဖွင့်ကာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ ချောတိုင်တက်ပွဲကိုလည်း လမ်းနှစ်ဘက်ထိပ်မှာ အစောင့်တွေချပြီး ပြုလုပ်ခဲ့ရတယ်လို့ Voice Of Mandalay အဖွဲ့က အသိပေးပါတယ်။

“ပြင်ဦးလွင်မှာ အချိန်ကိုက် ကထိန်လှည့်တာတဲ့။ တနေရာကို၂ခေါက်လားမှတ်ရတယ်။ အဝတ်အစားကအစ တပုံစံထဲတွေ တကယ်ငလိမ်ငစားတွေ””လို့ ပြင်ဦးလွင် ဒေသခံတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီရဲ့ ၆၈၀၀ စား အုပ်စုကလည်း အသံတိတ်သပိတ်တွေရဲ့ ဓာတ်ပုံတွေအောက်မှာ လူတွေစည်နေပါတယ် သပိတ်မအောင်မြင်​ပါဘူးဆိုတဲ့ Comment တွေ အုပ်စုလိုက်ရေးနေတာကိုလည်း တွေ့ရပါတယ်။

သို့သော် ပြည်သူတွေကတော့ သာမန်နေ့တွေလို သွားလာတာမျိုးတွေမရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။

မန္တလေး စျေးချိုတော်မှာလည်း ဆိုင်တွေဖွင့်ထားပေမယ့် စျေးဝယ်မလာလို့ ရှင်းလင်းနေခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အသံတိတ်သပိတ်အောင်မြင်တဲ့အတွက် အိုးပစ်အိမ်ပစ် မိသားစုကိုပါပစ်ပြီး တော်လှန်ရေးလုပ်နေတဲ့ရဲဘော်တွေအားရခဲ့ပါတယ်။”အသံတိတ်သပိတ် အောင်မြင်ခြင်းက တောထဲရောက်နေတဲ့သူတွေအတွက်တော့ အမှန်တကယ် ခွန်အားဖြစ်စေပါတယ်”လို့ ဗမာပြည်ကာကွယ်ရေးတပ်-USBAက တော်လှန်ရေး ရဲဘော် ကိုဗဟိန်းက အသိပေးပါတယ်။

တနိုင်ငံလုံးမှ တစ်ပြိုင်တည်း ပါဝင်ဆင်နွှဲခဲ့ကြတဲ့ အသံတိတ်သပိတ် (Silent Strike) လူထုလှုပ်ရှားမှုကြီးဟာ ပြည်သူလူထုရဲ့ ပူးပေါင်းပါဝင်မှုနဲ့အောင်မြင်စွာ ပြီးဆုံးခဲ့ပြီ ဖြစ်ပါတယ်။ ဤလှုပ်ရှားမှုကြီးမှာ ပြည်သူလူထုတရပ်လုံး လှည်းနေလှေအောင်း မြင်းဇောင်းမကျန် တက်ကြွစွာ ပါဝင်ခဲ့မှုအတွက် အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ပြည်သူလူထုတရပ်လုံးကို လေးစားစွာဖြင့် ဂုဏ်ပြုမှတ်တမ်း တင်အပ်ပါတယ်လို့ NUG ကလည်း ဂုဏ်ပြုပါတယ်။

စစ်တပ်အာဏာသိမ်းလိုက်ကတည်းက ဦးဆောင်ဆန္ဒပြခဲ့ပြီး နွေဦးတော်လှန်ရေးမှာလည်း အရေးကြီးတဲ့အခန်းကဏ္ဍကနေပါဝင်နေတဲ့ သပိတ်ခေါင်းဆောင် ကိုတေဇာဆန်းကလည်း အာဏာရူး စစ်အုပ်စုကို ဆန့်ကျင်တွန်းလှန်ပြီး ဒီလိုမျိုး ရဲရင့်ပြောင်မြောက်လှတဲ့ လူထုလှုပ်ရှားမှုကြီးတခုကို ဖော်ဆောင်နိုင်ခဲ့ကြတဲ့ ပြည်သူလူထုအပေါင်းကို အလေးအနက် ဦးညွတ်ဂုဏ်ပြုကြောင်း ရေးသားခဲ့ပါတယ်။

“ဒါက အင်မတန်ကို ခက်ခဲလှတဲ့၊ မှတ်တမ်းတင်ရမယ့် သမိုင်းဝင် လူထုလှုပ်ရှားမှုတိုက်ပွဲတရပ်ပါပဲ။ တချိန်တည်းမှာပဲ အကြမ်းဖက်စစ်အုပ်စုအတွက်တော့ အလွန်ထိတ်လန့်တုန်လှုပ်စေမယ့် “ပြည်သူ့အာဏာလှုပ်ရှားမှုကြီး” ဖြစ်ပါတယ်။”လို့ ကိုတေဇာဆန်းက အသိပေးပါတယ်။

နိုင်ငံလုံးဆိုင်ရာအသံတိတ်သပိတ်ကြီးကိုစနစ်တကျ စီစဉ်ဖော်ဆောင်ပေးခဲ့ကြတဲ့ အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေး အင်အားစု (GSCB) အပါအဝင် ပြည်တွင်းပြည်ပမှ ပူးပေါင်းပါဝင်ခဲ့ကြတဲ့ တော်လှန်ရေးအင်အားစု​တွေ၊ မိတ်ဖက် အဖွဲ့အစည်း​တွေ အားလုံးကို အမျိုးသားညီညွတ်ရေးအစိုးရအနေက ကျေးဇူးအထူးတင်ရှိကြောင်းလည်း မှတ်တမ်းတင်ခဲ့ပါတယ်။

ပြည်သူတွေရဲ့ အကျယ်လောင်ဆုံးသော တိတ်ဆိတ်ငြိမ်သတ်ခြင်းအသံကို တကမ္ဘာလုံးကော၊ အကြမ်းဖက်စစ်အုပ်စုပါ ကောင်းကောင်းကြီး ကြားသိခဲ့ကြရပြီ ဖြစ်ပြီး ဒီနေ့အသံတိတ်သပိတ်ဟာ စစ်ကောင်စီအတွက်တော့ မရဏမောင်းသံပါပဲလို့ သူကဆိုပါတယ်။

ပြည်သူတွေဟာ အာဏာရှင်စနစ် ဆန့်ကျင်တိုက်ဖျက်ရေး၊ ရသင့်ရထိုက်‌သော မိမိတို့ မွေးရာပါ လူ့အခွင့်အရေးများ ရရှိရေးတိုက်ပွဲမှာ လုံးဝ သွေးအေးသွားကြမှာ မဟုတ်ကြောင်း၊ ပြည်သူလူထုရဲ့ ဒီလို စုစည်းညီညွတ်မှု အင်အားနဲ့အတူ ခရီးဆုံးထိ ချီတက်ကြမယ်လို့ ကိုတေဇာဆန်းက အသိပေးပါတယ်။

“ဒီနေ့ လူထုလှုပ်ရှားမှုအောင်ပွဲသည်ပင် ကျနော်တို့ တော်လှန်ရေး အောင်ပွဲအတွက် အသေချာဆုံးသော အာမခံချက်ကြီးပါပဲ။”လို့ ကိုတေဇာဆန်းက ရေးသားထားပါတယ်။ ။

ဆက်စပ်သတင်းများ