မေရီ/People’s Spring
မန္တလေးမြို့မှာ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲလုပ်ဖို့ ရက်ပိုင်းသာလိုတော့တဲ့အချိန်မှာ စစ်အုပ်စုဟာ မန္တလေးမြို့ထဲ စစ်ဆေးမှုတွေကို ပိုမိုအရှိန်မြှင့်တင်လိုက်ပါတယ်။ အရင် တစ်ရက် ဆယ်ဖွဲ့ဝန်းကျင်နဲ့ ဖမ်းဆီးရာကနေ ယခုတော့ တစ်ရက် ၁၆ ဖွဲ့ထက်မနည်း စစ်ဆေးဖမ်းဆီးနေကြောင်း မန္တလေးမြို့က ကင်းထောက်အဖွဲ့ဖြစ်တဲ့ MDY Revolution ရဲ့ အချက်အလက်တွေအရ သိရပါတယ်။
ခေါင်းစဥ်ကတော့ ရွေးကောက်ပွဲလုံခြုံရေး အကြောင်းပြထားပေမယ့် တကယ်တော့ စစ်အုပ်စုဝင်တွေရဲ့ ငွေရှာပွဲကြီးသာ ဖြစ်နေခဲ့ကြောင်း မြို့ခံတွေက ပြောပါတယ်။ စစ်အုပ်စုတွေ လမ်းပေါ်မှာ ငွေဘယ်လိုရှာပါသလဲ။
ယာဥ်နဲ့ ယာဥ်မောင်းလိုင်စင်စစ်၊ဦးထုပ်မပါ၊နောက်ကြည့်မှန်မပါ၊ စတဲ့ယာဥ်စစ်ဆေးငွေညှစ်မှုတွေကတော့ မန္တလေးမြို့သူ မြို့သားတွေအတွက် မထူးဆန်းတော့ပါဘူးလို့ မြို့ခံတွေက ပြောပါတယ်။

Public Service Announcement
“ ပိုက်ဆံသုံးသောင်း။အရပ်ဝတ်နဲ့ ဇွတ်တောင်းတာ ဓားပြတွေ” လို့ ဆိုင်ကယ်ဖမ်းခံရသူ အမျိုးသားတစ်ဦးက ပြောပါတယ်။
ယာဥ်စစ်ဆေးငွေညှစ်ခံရသူတွေထဲမှာလက်လုပ်လက်စား နေ့စားသမားလေးတွေ၊ ပုဂ္ဂလိကဝန်ထမ်းတွေ အများဆုံးပါဝင်ကြောင်း မြို့ခံတွေက ပြောပါတယ်။
အဲဒီဖမ်းဆီးရေးအဖွဲ့တွေထဲမှာ ယာဥ်ထိန်းရဲ၊ရဲနဲ့ အရပ်ဝတ်တွေ ပါဝင်နေပါတယ်။
“ အရပ်ဝတ် ရဲဝတ် ယာဉ်ထိန်းအကုန်ပါပါတယ်။ ခုနောက်ပိုင်း လက်နက်ကိုင်ထားတဲ့ အပြာဝတ်တွေပါ ပါလာပါတယ်” လို့ မန္တလေး၊ ချမ်းမြသာစည်မြို့နယ်က အမျိုးသားတစ်ဦးက ပြောပါတယ်။
စစ်အုပ်စုတွေဟာမန္တလေးတမြို့လုံးနီးပါးဖမ်းနေပြီးဘယ်လိုမှထွက်ပြေးလို့မရအောင်နှစ်ပြပတ်လည် ပိတ်ဆို့ဖမ်းဆီးနေတာဖြစ်ကြောင်း မြို့ခံတွေက ပြောပါတယ်။
အရင်က ရံဖန်ရံခါစစ်တတ်တဲ့ မိုဘိုင်းဖုန်းတွေကိုလည်း အခုနောက်ပိုင်းမှာတော့ ပိုပြီးစစ်ဆေးလာခဲ့ပါတယ်။ စစ်အုပ်စုဝင်တွေဟာ ဆိုင်ကယ်သမားတွေဆီကနေ ဖုန်းယူစစ်ရင်း နိုင်ငံရေးကိစ္စတွေ၊ လောင်းကစားဂိမ်းတွေ တွေ့ခဲ့ရင် ငွေကျပ်သိန်းချီ တောင်းကာ ငွေညှစ်တယ်လို့ မြို့ခံတွေက ပြောပါတယ်။
“ အတော်ဆိုးတယ်။ ဖုန်းစစ်တယ်။ ဂိမ်းတွေ့ရင် 2D ၊ 3D မက်ဆေ့ အကုန်စစ်တယ်။ နောက်ဆုံး kpay ထဲငွေအဝင်အထွက်ပါစစ်တာ။ တစ်ခုခုငြိတာနဲ့ သုံးသိန်းပဲ” လို့ စစ်ဆေးမှုကြုံခဲ့ရဖူးတဲ့ မန္တလေးမြို့ခံ အမျိုးသားတစ်ဦးက ပြောပါတယ်။
ဒါ့အပြင် စစ်ကောင်စီစစ်ဆေးရေးအဖွဲ့တွေဟာ အရင်က အဝေးပြေးလမ်းတွေမှာသာစစ်တဲ့ PSMS စနစ်ကို မန္တလေးမြို့တွင်းမှာပါ အသုံးပြုလာကြောင်း မြို့ခံတွေက ပြောပါတယ်။
“ အမည်အရင်မေးတယ် ပြီးရင် မှတ်ပုံတင်မေးတယ် ပြီးရင် Tabletမှာ မှတ်ပုံတင်နံပါတ် ရိုက်ကြည့်လို့ အမည်ရင်းမဟုတ်ရင် နရင်းတွေအုပ် ခြေထောက်နဲ့ကန်တာ” လို့ PSMS နဲ့ စစ်တာ မြင်တွေ့ဖူးတဲ့ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
နောက်ထပ် ထူးဆန်းတာတစ်ခုလည်း ရှိနေပါသေးတယ်။ မန္တလေးမြို့လယ် ၃၅ လမ်းနဲ့ ၆၈ လမ်းထောင့်က မီးပွိုင့်ကို စစ်အုပ်စုက လိုသလိုကစားပြီး ငွေညှစ်နေကြောင်း ကြုံဖူးသူတွေက ပြောပါတယ်။
“ မီးပွိုင့်ကိုလက်နဲ့အပိတ်အဖွင့်လုပ်တယ်။ ကောက်နီချင် နီပစ်လိုက်တာ။ဖြတ်နေတုန်း နီသွားလို့ ရှင်းခဲ့ရတယ်” လို့ ကားသမားတစ်ဦးက ပြောပြပါတယ်။
ဒါကြောင့် မန္တလေးမြို့သူမြို့သားတွေဟာ မြို့ထဲဆိုင်ကယ်နဲ့သွားရဖို့ အတော်လေးပြင်ဆင်ကာ သ
တိထားသွားလာနေရကြောင်းပြောကြပါတယ်။
“ သွားရလာရတာလည်း မလွယ်ဘူး။ဘယ်အချိန်ဓားပြတိုက်ခံရမလဲကြောက်နေရတာ။တရားဝင်ဓားပြတိုက်ခွင့်ရထားကြတာဆိုတော့။” လို့ မန္တလေးမြို့ခံ အမျိုးသမီးတစ်ဦးက ပြောလိုက်ပါတယ်။

















































