Connect with us

Hi, what are you looking for?

ဆောင်းပါး

မလေးကြီးရဲ့အိမ်ဆိုင်လေး စျေးမရောင်းတော့ပါ

ဖေဖော်ဝါရီ ၁ဝ ရက် မနက် ၁၀ နာရီဝန်းကျင်က ပေါက်မြို့နယ်၊ ချက်ကန်ရွာက အိမ်ဆိုင်လေးတစ်ဆိုင်မှာ စျေးဝယ်သူတွေနဲ့ စည်ကားနေတယ်။ ဆိုင်ရှင်အမျိုးသမီးနာမည်က မလေးကြီးတဲ့။ မလေးကြီးက နှုတ်ကလည်းချို၊ သဘောလည်းကောင်းတော့ ဘာလိုလို သူ့ဆိုင်လာဝယ်ကြ​တာများတယ်။

(ထိခိုက်ပျက်စီးမှုများအား တွေ့ရစဥ်။ ဓါတ်ပုံ-CJ)

Scorpio/People’s Spring

ဖေဖော်ဝါရီ ၁ဝ ရက် မနက် ၁၀ နာရီဝန်းကျင်က ပေါက်မြို့နယ်၊ ချက်ကန်ရွာက အိမ်ဆိုင်လေးတစ်ဆိုင်မှာ စျေးဝယ်သူတွေနဲ့ စည်ကားနေတယ်။ ဆိုင်ရှင်အမျိုးသမီးနာမည်က မလေးကြီးတဲ့။ မလေးကြီးက နှုတ်ကလည်းချို၊ သဘောလည်းကောင်းတော့ ဘာလိုလို သူ့ဆိုင်လာဝယ်ကြ​တာများတယ်။

မလေးကြီးရဲ့ပင်တိုင်ဖောက်သည်တွေထဲ ခေတ်ဆိုးခေတ်ပျက်ကြီးထဲ လုပ်စားရတဲ့ နွမ်းပါးတဲ့တောသူတောင်သားတွေများတယ်။ ဒါ့ကြောင့် အိမ်ဆိုင်တို့ထုံးစံအတိုင်း အကြွေးလေးလည်းကျရှာတယ်။ သို့ပေသိ မလေးကြီး အပြုံးမပျက်။

“သူက အကြွေးဝယ်လည်း အပြုံးမပျက်။ အကြွေးမဆပ်လည်း အပြုံးမပျက်နဲ့ပဲ။”လို့ ဒေသခံအမျိုးသမီးတဦးက ပြောပြတယ်။

Public Service Announcement

Public Service Announcement

အဲဒီနေ့မနက်က မလေးကြီးဆိုင်မှာ စျေးလာဝယ်ကြတဲ့ အမျိုးသမီးငယ်တွေကော၊ အမယ်ကြီးအိုတွေကော၊ ဆယ်ကျော်သက်ကလေးတွေကော စုံလို့။ယောကျာ်းသားဆိုလို့ အသက် ၁၉ နှစ်လောက် ကောင်လေးတစ်ယောက်ပဲရှိတယ်။ သူ့အမေကို ဆိုင်ကယ်လေးနဲ့ စျေးဝယ်လိုက်ပို့တာမို့ မအေစျေးဝယ်တာ ရပ်စောင့်နေတာပါ။

အဲဒီအချိန် ပြင်းထန်တဲ့ ​ပေါက်ကွဲသံကြီးထွက်ပေါ်လာပြီး လူတွေလွင့်ထွက်ကုန်တယ်။အိမ်ဆိုင်လေး တစစီလွင့်စင်သွားတယ်။ မီးတွေထလောင်တယ်။အာဏာသိမ်းစစ်က မလေးကြီးတို့အိမ်ဆိုင်လေးကို လေယာဥ်နဲ့ ဗုံးလာကြဲတာပါ။ လေယာဥ်ကြဲတော့ တစ်ရွာလုံး ဗုံးခိုကျင်းထဲဝင်ပုန်းသူက ပုန်းကြတယ်။အိမ်ဆိုင်လေးထဲကစျေးဝယ်သူတွေကတော့ ဘာဖြစ်လို့ဖြစ်သွားမှန်းတောင် သိလိုက်ကြပုံမရဘူး။ “ချက်ချင်းကြဲပြီး တရစပ်ပစ်သွားတာ။”လို့ ဒေသခံတစ်ဦးက ပြောပြတယ်။

စစ်ကောင်စီတပ်ဟာတစ်နာရီအတွင်းအမှတ်(၂၂)

ကာကွယ​်ရေးပစ္စည်းထုတ်စက်ရုံ(ကပစ -၂၂)

ကနေတက်လာတဲ့ ပါရာမော်တာနဲ့တစ်ကြိမ်တိုက်ခိုက်ပြီးနောက် မကွေးလေတပ်က တက်လာတဲ့ ဂျက်ဖိုက်တာ ၃ စီးနဲ့ ၅ ကြိမ်ထက်မနည်း လေကြောင်းပစ်ခတ်တိုက်ခိုက်သွားတာဖြစ်ကြောင်း အညာမြေအရပ်ဖက်လူမှုအဖွဲ့အစည်း-မြိုင်က ပြောပါတယ်။

ကူသူတွေလာတော့ မီးလောင်ပြင်ထဲ အလောင်းတွေ ပြန့်ကျဲနေတယ်။ “စျေးဆိုင်ပိုင်ရှင်အမအလောင်းတောင်မနည်းကောက်ရတယ်။ကျန်တဲ့စျေးဝယ်တဲ့သူတွေဆိုလည်း သေကြတာမနည်းဘူး။”လို့ ဒေသခံက ပြောပြတယ်။

သေဆုံးသူတွေထဲ ယောကျာ်းလေးဆိုလို့ အမေဖြစ်သူ စျေးဝယ်လိုက်ပို့တဲ့ကောင်လေးလည်း ပါသွားခဲ့ပါတယ်။ ကျန်တာတွေကတော့ အသက် ၁၆ နှစ်ကနေ ၅၄ နှစ်ကြား အမျိုးသမီးတွေဖြစ်ပါတယ်။ ကလေးငယ်နဲ့ အမယ်ကြီးအိုအပါအဝင် မိန်းမသားတွေချည်းပါပဲ။ စုစုပေါင်းသေဆုံးသူ ၁၀ ယောက်လောက်ရှိတယ်လို့ ဒေသခံတွေက ပြောတယ်။ မိန်းကလေးနှစ်ယောက် အသက်ရှင်ကျန်ရစ်ပြီး ထိခိုက်ဒဏ်ရာတွေ ရရှိထားတယ်လို့ ဒေသခံတွေက ပြောတယ်။

လေကြောင်းကနေ ရက်ရက်စက်စက် တိုက်ခိုက်ခံထားရတော့ ချက်ကန်တစ်ရွာလုံးလည်းမနေရဲကြတော့ဘဲ တောထဲပုန်းနေရတယ်လို့ ဒေသခံတွေက ပြောတယ်။ ပုန်းနေရင်းနဲ့ပဲ သေဆုံးသူတွေရဲ့နာရေးကိုထိတ်ထိတ်လန့်လန့်နဲ့ခြောက်တိခြောက်ကပ်လုပ်ခဲ့ရကြောင်းဒေသခံတွေကပြောပြတယ်။

တိုက်တိုက်ဆိုင်ဆိုင်ပါပဲ။ ကုန်စုံဆိုင်လေး လေယာဥ်နဲ့ဗုံးကြဲခံရပြီးနောက်တစ်ရက် ဖေဖော်ဝါရီ ၁၁ ရက်မှာတော့ စစ်ကောင်စီက နေပြည်တော်က အေးစိမ့်နေတဲ့ လေအေးပေးစက်တွေတပ်ထားတဲ့ ခန်းမကြီးထဲမှာ MSME အသေးစား၊ အငယ်စားနဲ့ အလတ်စားစီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးဆိုပြီးအလုပ်ရုံဆွေးနွေးပွဲကိုပြုလုပ်ခဲ့ပါတယ်။

အဲဒီအလုပ်ရုံဆွေးနွေးပွဲမှာပါတဲ့ Micro(အသေးစား)ဆိုတာက ဗုံးကြဲခံရတဲ့ ချက်ကန်ရွာက အိမ်ဆိုင်လေးလို တနိုင်တပိုင်လုပ်ငန်းလေးတွေ ပါဝင်ပါတယ်။

ချက်ကန်ရွာကမလေးကြီးရဲ့အိမ်ဆိုင်လေးကတော့ စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် မီးလောင်ပြင်အဖြစ်သာ ကျန်ရစ်ခဲ့ပါတယ်။တစ်ရွာလုံးလည်း စိတ်ထိခိုက်လို့မဆုံးပါ။

“တရွာလုံးရဲ့အားထားရတဲ့ညီမလေးဆိုင်ရှင်ပါ။ရိုးသားစွာ နှစ်ပေါင်းများစွာ စုထားခဲ့ရတဲ့ စီးပွားရေး။ဆုံးသွားတဲ့မလေးကြီးအသက်နဲ့ ဆုံးသွားတဲ့သူတွေရော ဘဝဆက်တိုင်းဘဝဆက်တိုင်းဒီလိုအဖြစ်မျိုးတွေနဲ့ကင်းဝေးပါစေလို့ဆုတောင်းအမျှဝေနေပါ့မယ်။”လို့ ဒေသခံအမျိုးသမီးတဦးက ဆုတောင်းနေခဲ့ပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

သင်္ကြန်ရောက်ခဲ့ပါပြီ။ အာဏာသိမ်းစစ်ကောင်စီဟာ ရန်ကုန်၊ မန္တလေးနဲ့ မြို့ကြီးတွေတင်မကဘဲ ၎င်းတို့ကို တော်လှန်နေတဲ့ဒေသတွေရဲ့ မြို့ကြီးတွေမှာပါ လမ်းလျှောက်သင်္ကြန်တွေအပါအဝင် မဏ္ဍပ်ကြီးတွေနဲ့ သင်္ကြန်ပွဲကို အကြီးအကျယ်လုပ်လာခဲ့တယ်။ ပြည်သူတွေ ပျော်ရွှင်နေကြပါတယ်ဆိုတဲ့ပုံရိပ််ကိုတည်ဆောက်ဖို့ ကြိုးစားလာခဲ့ပါတယ်။ ပြည်သူတွေ တကယ်ပျော်နေကြပါရဲ့လား။

ဆောင်းပါး

ည ၈နာရီကျော် ဆိုတာညဦးပိုင်းသာရှိ​သေးပေမယ့်ရန်ကုန်မြို့​တော်မှာမလုံခြုံတော့တဲ့ အကြောင်တာမွေမြို့နယ်မှာနေထိုင်တဲ့လူငယ်တစ်ဦးက ဧပြီလဆန်းမှာရင်ဖွင့်ပါတယ်။

ဆောင်းပါး

ညောင်​လေးပင်မြို့နယ်မှာ စစ်တပ်ရဲ့ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုကြောင့် ကိုယ်ဝန်​ဆောင်မိခင်​သေဆုံးခဲ့တာကိုမျက်မြင်ကြုံတွေ့ခဲ့တဲ့ ရေတွင်းကုန်းရွာသားတစ်ဦးက ပြန်ပြောပြနေတာပါ။

ဆောင်းပါး

မင်းကွန်းတိုက်နယ်ထဲကချောင်းမကြီးရွာအနီးမှာ စစ်တပ်နဲ့ ​PDF ​​တွေကြား တိုက်ပွဲဖြစ်ပြီး စစ်တပ် ကသေဆုံးဒဏ်ရာရသူများပြီးအထိနာခဲ့ပါတယ်။