ဟာနာဆန်/People’s Spring
သင်္ကြန်ရောက်ခဲ့ပါပြီ။ အာဏာသိမ်းစစ်ကောင်စီဟာ ရန်ကုန်၊ မန္တလေးနဲ့ မြို့ကြီးတွေတင်မကဘဲ ၎င်းတို့ကို တော်လှန်နေတဲ့ဒေသတွေရဲ့ မြို့ကြီးတွေမှာပါ လမ်းလျှောက်သင်္ကြန်တွေအပါအဝင် မဏ္ဍပ်ကြီးတွေနဲ့ သင်္ကြန်ပွဲကို အကြီးအကျယ်လုပ်လာခဲ့တယ်။ ပြည်သူတွေ ပျော်ရွှင်နေကြပါတယ်ဆိုတဲ့ပုံရိပ််ကိုတည်ဆောက်ဖို့ ကြိုးစားလာခဲ့ပါတယ်။ ပြည်သူတွေ တကယ်ပျော်နေကြပါရဲ့လား။
စစ်ကောင်စီကိုတော်လှန်ရာ မန္တလေးတိုင်း၊ မြင်းခြံမြို့ပေါ်မှာလည်း စစ်ကောင်စီရဲ့ အစီအစဥ်နဲ့ မဏ္ဍပ်ကြီးတွေ ဟီးထနေခဲ့တယ်။ နာမည်ကျော် စစ်ကောင်စီ အစေအပါး ပျူခေါင်းဆောင် သီတာယုမွန်ကလည်း အမှတ် (၁၉) စွန်းလွန်း၊ ဒဏ္ဍာရီလက်ဖက်ရည်ဆိုင်ရှေ့မှာ မဏ္ဍပ်ကြီးတစ်ခု ထိုးခဲ့တယ်။ နောက်ထပ်လည်း လမ်းလျှောက်သင်္ကြန်နဲ့ မဏ္ဍပ်ကြီးတွေ ပြုလုပ်ခဲ့တယ်။
သီတာယုမွန်က “အမှန်တရားဘက်တော်သားတွေအားလုံးအတူတူ ပျော်ကြရွှင်ကြ ကခုန်ကြမယ်”တဲ့။

Public Service Announcement
သင်္ကြန်အကြိုနေ့က မြင်းခြံမြို့ပေါ်မှာ သင်္ကြန်ကို စည်ကားအောင် ပြုလုပ်နေချိန်မှာပဲ မြင်းခြံမြို့နယ်ထဲက ထိန်ပန်းကျေးရွာကို စစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်ခဲ့တယ်။ ကျေးရွာထဲက နေအိမ်တွေကို မီးရှို့ပါတယ်။ အဲဒီနောက် ရွာသစ်ကျေးရွာကိုပါ ဆက်လက် စစ်ကြောင်းထိုး ဝင်ရောက်လာပြီး ရွာထဲက ဆေးခန်းကို ဒရုန်းနဲ့ ဗုံးကြဲပြီး နေအိမ်တွေကို မီးရှို့ခဲ့တယ်။
စစ်တပ်ရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် ထိန်ပန်းကျေးနဲ့ ရွာသစ်ကျေးရွာအတွင်းရှိ နေအိမ်တွေ ရွာလုံးကျွတ်နီးပါး မီးလောင်ပြာကျခဲ့ရတယ်။ ဒါ့အပြင် စစ်ကောင်စီစစ်ကြောင်းဟာ သူတို့ကို ကြောက်လို့ ပုန်းနေတဲ့ မျက်မမြင်အဘိုးအို ၁ ဦးအပါအဝင် အသက် ၆၀ နှစ်အရွယ် ပြည်သူ ၇ ဦးကို လူသားဒိုင်းအဖြစ် ဖမ်းဆီးသွားပါသတဲ့။ သက်ကြီးရွယ်အိုတွေဟာ အခါကြီးရက်ကြီး ဥပုသ်သီလတောင် စောင့်ခွင့်မရရှာဘဲ ဖမ်းဆီးခေါ်ဆောင်ခံလိုက်ရတယ်။ ခုထိ သေသလား ရှင်သလား မသိရသေးပါဘူး။
မြင်းခြံတင်မကသေးပါဘူး။ စစ်ကိုင်းတိုင်းက တော်လှန်ဒေသဖြစ်တဲ့ ရွှေဘိုမြို့ပေါ်မှာလည်း စစ်တပ်က မဏ္ဍပ်ကြီးတွေ၊ လမ်းလျှောက်သင်္ကြန်တွေနဲ့ စည်ကားအောင် လုပ်လာခဲ့တယ်။ အဲဒီလုပ်နေချိန် ရွှေဘိုမြို့အနောက်ဘက်က ရွာတွေကိုစစ်ကောင်စီတပ်ဟာ သင်္ကြန်မရောက်ခင်ဧပြီ ၁၀ ရက်နေ့လယ်ပိုင်းကတည်းက ရွှေဘို-ဆိပ်ခွန် ကားလမ်းဘေးကို အင်အား ၈၀ လောက်နဲ့ စစ်ကြောင်းထိုးခဲ့တယ်။
အဲဒီလမ်းမှာရှိတဲ့ မင်းကုန်းကျေးရွာကို ဝင်ပါတယ်။မကြာခင် ရောက်ရှိတော့မယ့် သင်္ကြန်တွင်းအခါကြီးရက်ကြီးမှာ ပြည်သူတွေ ဥပုသ်သီလ လာစောင့်ကြမယ့် ဘုန်းကြီးကျောင်းကို စစ်ဖိနပ်တွေ တဝုန်းဝုန်းနဲ့ ဝင်လာခဲ့ကြပြီး စခန်းချခဲ့ကြတယ်။ အဲဒီနောက် အနီးနားကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ပြီး ဒရုန်းတွေနဲ့ပါ ဗုံးသီးချတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောတယ်။ ဗုံးသီးတွေ တဝေါဝေါ ကျလာခဲ့တာကြောင့် ကျေးရွာ ၅ ရွာက ပြည်သူတွေဟာ အခါတွင်းမှာပဲ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရတယ်။
ဧပြီ ၁၂ ရက် သင်္ကြန်အကြိုနေ့မှာတော့ စစ်ကောင်စီစစ်ကြောင်းထိုးခဲ့တဲ့ ဆိပ်ခွန်ရွာဘုန်းကြီးကျောင်းကို တိုက်လေယာဥ်နဲ့ ဗုံးလာကြဲတော့တယ်။ အဲဒီဗုံးကြဲမှုကြောင့် ဘုန်းကြီးကျောင်းမှာ သင်္ကြန်တွင်း အခါကြီးရက်ကြီး ရဟန်းလာဝတ်တဲ့ သံဃာတပါး ပျံလွန်တော်မူခဲ့ပြီး ၃ပါးဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံ တွေကပြောပါတယ်။
“ကျွန်မတို့အတွက် ငရဲခန်းထဲရောက်နေသလိုခံစားရတယ်။ သူများတွေ ပျော်နေချိန် ကျွန်မတို့ ကလေးငယ်တွေ ကြောက်လို့ ငိုနေကြတာ”လို့ ဆိပ်ခွန်ဒေသခံတစ်ဦးက ပြောပါတယ်။
စစ်ကိုင်းတိုင်းထဲကပဲ ရွှေဘိုနယ်နဲ့ ကပ်နေတဲ့အရာတော်မှာလည်း အကြိုနေ့က မုံရွာအနောက်မြောက်တိုင်း စစ်ဌာနချုပ်ကနေ တက်လာတဲ့ အသေခံ ဒရုန်း ၃ စီးနဲ့ အရာတော်မြောက်ခြမ်း တနေရာကို လေကြောင်းတိုက်ခိုက်မှုပြုလုပ်သွားပါတယ်။ အထိအခိုက် မသိရသေးပါဘူး။
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်မှာလည်း စစ်ကောင်စီစစ်ကြောင်းဟာ အင်အား ၃၀၀ ဝန်းကျင်နဲ့ စစ်ကြောင်းထိုးနေပြီး မုံကြိုင်းကျေးရွာ၊ သင်တီးကန် (အရှေ့ရွာ)၊သင်တီးကန်(အနောက်ရွာ)တွေကိုဝင်ကာ ပြည်သူတွေရဲ့ ပစ္စည်းတွေကို ဝင်ရောက်ရှာဖွေနေတယ်လို့ ဒေသခံတွေက ပြောတယ်။
ပုလဲနဲ့ ကပ်နေတဲ့ ယင်းမာပင်မြို့နယ်မှာလည်း အကြိုနေ့ နေ့လယ်ပိုင်းက မုံရွာနမခကနေ တက်လာတဲ့ ဂျိုင်ရိုကော်ပတာ ၃ စီးဟာ ယင်းမာပင်မြို့နယ်၊ တောင်ခြမ်းကို လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ် ပြုလုပ်သွားခဲ့တယ်။
ဒီနေ့ သင်္ကြန်အကျနေ့မနက်ပိုင်းမှာလည်း ယင်းမာပင်မြို့နယ်၊ လည်ငေါက်ကျေးရွာကို စစ်ကောင်စစ်ကြောင်း ရောက်ရှိနေပြီး နေအိမ်တွေကို မီးရှို့နေခဲ့တယ်။
ပုလဲနဲ့ ယင်းမာပင်နယ်က စစ်ရှောင်သောင်းချီဟာ သင်္ကြန်တွင်း ရေပက်ခံဖို့ဝေးလို့ စစ်ကောင်စီရဲ့ မြေပြင်နဲ့ဝေဟင်ကို ကြောက်လို့ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
စစ်ကိုင်း၊ မန္တလေးတင်မက မကွေးတိုင်းကိုလည်း စစ်တပ်က မချန်ခဲ့ပြန်ပါဘူး။ ဧပြီ ၁၂ ရက် မနက်ကပဲ မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြောက်လူးကန်ရွာကို စစ်တပ်က မီးရှို့ခဲ့လို့ ရွာလုံးကျွတ်နီးပါး ပြာကျခဲ့ရတယ်။
စစ်ကောင်စီတပ်ဟာ မြေပြန့်တင်လား မဟုတ်သေးပါဘူး။ ဧပြီ ၁၁ ရက်ညက ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ကို ဗုံးကြဲခဲ့တာ ချင်းဗုဒ္ဓသာသနပါလက အသင်းအိမ်အပါအဝင် ၂၀ ကျော် ပျက်စီးခဲ့ပါတယ်။ ဒါ့အပြင် ပြည်သူ တစ်ဦးပါ သေဆုံးခဲ့ရတယ်။ ကားလေးစီးလည်း ပျက်စီးခဲ့တယ်။
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာလည်း အကြိုနေ့က မရှီကထောင်ရပ်ကွက်နဲ့ အမှိုက်ပုံကျေးရွာဘက်ကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့ပါသေးတယ်။
စစ်ကောင်စီထိန်းချုပ်ရာ ရန်ကုန်၊ မန္တလေးအပါအဝင် မြို့ကြီးတွေ၊ တော်လှန်ဒေသက မြို့ပေါ်တွေကိုတော့ သင်္ကြန်ကို စည်ကားအောင် ကြိုးစားနေကြတယ်။ လမ်းလျှောက်သင်္ကြန် အပြေးအလွှားဝင်တိုးသူများနေသလို တောနယ်မှာ စစ်ရှောင်တွေ ပြေးလွှားနေကြရတယ်။ မြို့ပေါ်မဏ္ဍပ်မှာ ရေတွေဝုန်းခနဲပက်နေပေမဲ့ တောနယ်က မီးလောင်နေအိမ်တွေ ငြှိမ်းသတ်မယ့်သူ မရှိခဲ့ဘူး။ မြန်မာဟာ ကမ္ဘာတစ်ခြမ်းစီမှာ သူ့နည်းသူ့ဟန်နဲ့ ရှင်သန်နေကြပါတော့တယ်။ ။


















































